ဒီနေ့ မနက် “ယနေ”့ သတင်းစာမှာ လမ်းမကြီးပေါ်မှာ ယောင်္ကျားတယောက် နှောက်ယှက်တာ ခံလိုက်ရတဲ့ မိန်းမတယောက်က သူ့ ကို ဖြတ်သွားဖြတ်လာတွေ ဘယ်သူမှ မကူညီကြတာကို ရင်ဖွင့်ထားတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဟိုတလောက သတင်းစာပေါ်မှာ ဒီနိုင်ငံရဲ့ ဖော်ရွေမှုနဲ့  ပတ်သက်ပြီး စစ်တမ်းတွေကောက်ကြ ရေးကြတာကို သွားသတိရတယ်။ ခက်တာက ကူညီဖို့  ဆိုတာကလဲ ကူညီချင်စိတ်ရင်းခံရှိမှ၊ ဖော်ရွေဖို့ ဆိုတာကလဲ ဖော်ရွေတဲ့ နှလုံးသားတခု ပိုင်ဆိုင်မှ။ ဒါကို အလုပ်ကြီးတခု အနေနဲ့  တိုက်တွန်းနေရတယ် ဆိုကတည်းက တခုခုက မှားယွင်းနေပြီ။ ရထားပေါ်မှာ နိုင်ငံကျော်တီဗွီမင်းသား ဂါးမက်စင်းက သူ့ ရဲ့နာမည်ကျော် ဇာတ်ကောင် ပိုချူးကန်ပုံနဲ့  လိုအပ်တဲ့သူတွေကို ထိုင်ခုံနေရာပေးဖို့  ပြူးပြူးကြီး ကျော်ငြာထားတယ်။ သားနဲ့ ရထားစီး အိမ်ပြန်တော့ မေမေ အဲဒီဦးဦးက ဘာပြောနေတာလဲတဲ့ လို့  စပ်စပ်စုစုမေးရော။ သားက တကယ်ကို မသိရှာလို့  မေးတာပါ။ သားက အင်္ဂလိပ်လို မေးတာဆိုတော့ သားရှေ့ က ထိုင်နေတဲ့ မိတ်ကပ်အဖွေးသားနဲ့  ဒီနိုင်ငံသူက သားကို မျက်စောင်းထိုးတယ်။ သူ့ နေရာလုချင်လို့  ကလေးက သက်သက်မေးတယ်လို့  ထင်နေပုံပဲ။ ပထမတော့ သားကို မြန်မာလို ပြန်ရှင်းပြမလို့ ပါပဲ။ ကလေးကို နေရာမပေးပဲ မျက်စောင်းလာပေးတဲ့ တယောက်ကို ချဉ်ချဉ်ရှိတာနဲ့  အင်္ဂလိပ်လို ရှင်းပြလိုက်တယ်။ သားက ကိုယ်ပြောတာကို နားထောင်လိုက်… ရှေ့ က မိန်းမကို ကြည့်လိုက်နဲ့  အတော်ကို ရှုပ်ထွေးသွားပုံပဲ။ ဟုတ်တယ်လေ… သူက ကိုယ်ဝန်သည်မဟုတ်… မသန်မစွမ်းမဟုတ်… ပြီးတော့ အသက်က ကိုယ့်ထက်တောင် ငယ်ဦးမယ်။ ပြူးပြူးပြဲပြဲ ပိုချူးကန်တောင် အားနာမိရဲ့။
ဒီရုံးကို ပြောင်းလာတော့ ကျောက်ရုပ်ကြီးတွေလို securityလူကြီးတွေ ကြည့်ပြီး ပျင်းလိုက်တာ။ မြင်ပါများလို့  ပြုံးမိတာတောင် ပြုံးရမှာမေ့နေတဲ့ပုံ။ တပါတည်း အရင်ရုံးက ဖော်ရွေတဲ့ securityလူကြီးတွေလဲ လွမ်းမိသေးတယ်။ အမျိုးသားက ရှင်းပြတယ်။ သူတို့ လုပ်ငန်းသဘာဝက အဲဒီလိုပဲတဲ့။ securityအလုပ်ဆိုတာ လူတွေနဲ့  မရင်းနှီးလေ ပိုလုံခြုံလေတဲ့။ သိပ်ကြီးမကျေနပ်သေးဘူး။ ပြီးခဲ့တဲ့လက ဒီရုံးကို securityလူကြီး အသစ်တယောက် ရောက်လာတယ်။ လုံခြုံရေးကို မျက်ခြေမပြတ်တဲ့ အပြင် လူတွေကို ပြိုင်တူကူညီတတ်တာ ချီးကျူးစရာ။ ဓာတ်လှေကားနားမှာ တာဝန်ကျရင် ကျန်တဲ့သူတွေလို ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ရပ်မနေဘူး။ မနက် ရုံးတက်ချိန်လူတွေ အပေါ်ထပ်တက်မှာ များတာမို့  ဓာတ်လှေကားအမြဲခေါ်ပေးထားတာ။ ကျောင်းပို့ ရမယ့် ကလေးတွေနဲ့ အမေတွေဆို တံခါးကို ပြေးဖွင့်ပေးသေးတယ်။ အဓိကက စေတနာပေါ့နော်။ သူ့ ကိုတွေ့ လိုက်ရရင် အမြဲပြုံးပြီး စိတ်ချမ်းသာနေသလိုပဲ။ အပေါ်က ပြောခဲ့သလိုပေါ့။ ဒါမျိုးဆိုတာ တွန်းလို့ မရဘူး။ နှလုံးသားက အရင်းခံတာလေ။
ရုံးမှာ သန့် ရှင်းရေးလုပ်တဲ့ အန်တီကြီး ဟိုတလောက ပျောက်နေတော့ ကိုယ့်မှာ စိတ်ပူလိုက်ရတာ။ အစားထိုး အန်တီ့ကို မေးကြည့်တော့ ဆေးရုံတက်ရတယ်တဲ့။ H1N1 ကလဲ ဟိုတွေ့ ဒီတွေ့ ။ ဟိုလူရဲ့အသိကဖြစ်နေလို့ … ရုံးက ဖယ်ရီမောင်းတဲ့ ဒရိုင်ဘာကြီး ဖြစ်နေလို့ နဲ့ … ။ အတော်ကို များနေတော့ အန်တီအတွက် စိတ်ပူမိတယ်။ အန်တီက နှလုံးကို ကိုယ်ထဲမှာစက်ကလေးထည့်ပြီး ခုန်နေရသူ။ H1N1ကလဲ ရောဂါအခံရှိသူ ( သွေးတိုးအစ… အ၀လွန်သူအဆုံး) ဆိုကြောက်ရတယ်လို့  ဆိုတာကိုး။ ကိုယ်ကလဲ ကျန်းမာရေးဆို ကိုယ့်နယ်ပယ် မဟုတ်တော့ မကျွမ်းကျင်ဘူးလေ။ သတင်းစာမှာ H1N1ကြောင့် တယောက်သေရင် ဘေးမှာ အမြီးလေးနဲ့  ဘာရောဂါအခံရှိ (သို့ ) အ၀လွန် … ဒါမျိုးလေးတွေက ပါတတ်တော့...။ အန်တီ့အတွက် စိတ်ပူမိတာ ဆန်းလား။ အန်တီက ရုံးမှာ သန့် ရှင်းရေးလုပ်ရင် သူ့ အိမ်မှာ လုပ်နေသလိုပဲ။ စေတနာသိပ်ပါပြီး၊ သိပ်သပ်ရပ်တာ။ ပြီးရင် သူ့ မျက်နှာလေးက ချိုနေတာပဲ။ မြန်မာပြည်က ပြန်လာတော့ သူ့ ဖို့  ကျောက်စိမ်းလက်ကောက်လေး လက်ဆောင်ပေးတာ သူအရမ်းပျော်သွားတယ်။ သူက ကိုယ့်အတွက် သူ့ အိမ်က အပင်ပုပုလေးနဲ့  သားအတွက် ရေဗူးလေး လက်ဆောင်ပြန်ပေးတယ်။ အနေကြာလာတော့ ကိုယ့်အဒေါ်လို ခံစားလာရတာလေ။ နောက်တပတ် အန်တီပြန်လာတော့မှ အကြောင်းစုံသိရတယ်။ မူးလဲလို့ တဲ့။ သူ့ ခင်မျာ ခွင့်မရှိလို့  တပတ်ပဲ နားရတယ်။ ရင်ထဲမှာ မကောင်းဘူး။
ရုံးမှာ လူတွေတိုးလာလို့  နေရာအပြောင်းအလဲတွေ လုပ်တော့ ကိုယ့်ပြူတင်းလေးနဲ့  ကိုယ်ဝေးသွားတယ်။ ကိုယ့်နေရာကြီးက လမ်းဆုံလမ်းခွ ကွန်ပြူတာကြီး ချပြထားသလို ထင်းထင်းကြီး။ စိတ်တွေညစ်သာ။ နေရာတွေ ချတော့ ကိုယ့်အရာရှိက နေရာစီစဉ်သူ။ ဘာလို့ လဲ မသိဘူး အသားနဲနဲညိုတဲ့ ဒီနိုင်ငံသူ Indiaလူမျိုးနဲ့  India နိုင်ငံသား နှစ်ယောက်က ဟိုဘက် ကပ်ရပ်အခြမ်း ရောက်သွားတယ်။ အသားနဲနဲလတ်တဲ့ Indiaသူလေးကိုတော့ ဒီဘက်မှာပဲ ထားတယ်။ မိုက်ကယ်ဂျက်ဆင် သီချင်းသွားသတိရတယ်။ ကိုယ်လေ ဒါကြောင့် မျက်နှာသစ်လဲ whitening၊ သွားတိုက်လဲ whitening၊ ရေချိုးလဲ whitening ဆပ်ပြာနဲ့ ပဲ။ ကိုယ်က အညာသူမိုလား။
ခုတလော အသိ မြန်မာကလေးလေးတွေ အတန်းထဲမှာ ထိပ်ဆုံးက နေရာရနေတာ ဆက်တိုက်ကြားနေရတော့ ၀မ်းသာလိုက်တာ။ ဘလော့ဂါဘော်ဒါကြီးကိုပေါ သမီးလေးက သူတို့ အတန်းမှာ (prefect)ဘက်စုံစံပြကျောင်းသူတဲ့။ ကိုယ့်သူငယ်ချင်းသားလေးက PSLE အမှတ်ကောင်းလို့  အတန်းခုန်တက်ရတဲ့ ကျောင်းကို ရသွားတယ်တဲ့။ အမျိုးသားရဲ့တူလေးနဲ့  အဆင့်တစ်လုနေရတဲ့ ကောင်မလေးကလဲ မြန်မာမလေးဆိုပဲ။ ကိုယ့်ဆရာမသမီးလေးဆို တော်လွန်းလို့  တတန်းလုံးက ဒီနိုင်ငံကသူတွေက ၀ိုင်းမနာလိုတာ ခံရတဲ့အထိပဲတဲ့။ ကလေးတွေက မျက်နှာလေးမော့ပြီး ငါကမြန်မာလို့  ဂုဏ်ယူတတ်ကြပြီ။
ကဲ… ပုံပြင်လေးကတော့ ဒါပါပဲ… ဟုတ်ပါဘူး။ ဒီတွင် ဟိုဟိုဒီဒီ ပြီးပါပြီ။ စကားမစပ်… တခုကျန်တာသေးတာက….ဒီနိုင်ငံထုတ် မြန်မာမဂ္ဂဇင်းလေးတွေ ထွက်လာတာ ၀မ်းသာစရာ။ မျက်နှာဖုံးရှင်လေးတွေကလဲ လှလိုက်တာ။ အမှတ်တမဲ့ ကြည့်ရင် နိုင်ငံခြားမင်းသမီးလေးတွေအတိုင်း။ တခုပဲ စိုးရိမ်မိတယ်။ ဒီကရှေ့ လျှောက် Flu Seasonဆိုတော့ သူတို့  အအေးမိမှာကိုပါ။
တန်ခူး
4:12pm 31-Aug-2009
20 comments:
ဟီးးး အခုမှပဲ 1st ရတော့တယ်
တန်ခူးကသာ ဟိုဟို ဒီဒီ လို့ဆိုတယ်... တွေးစရာတွေက တသီတတန်းကြီးရယ်...
မမတန်ခူးရေ.. မြန်မာကလေးတွေ တော်တာသိရလို့ ၀မ်းသာပါတယ်။
ကလေးတွေက မျက်နှာလေးမော့ပြီး ငါကမြန်မာလို့  ဂုဏ်ယူတတ်ကြပြီ။ ဆိုလို့ ပိုဝမ်းသာမိပါတယ်။
အမရေ..
နာမည် အသစ်လေးနဲ့
လာပါတယ်..
ဟိုလိုလိုဒီလိုလိုက ...
မီးမီးရဲ့ ကွိစိကွစနဲ့ တူတယ်..ဟဲဟဲ
သမီးဆုပေးပွဲကို မိဖ အနေနဲ့ သွားတက်တော့ အတန်းတိုင်းလိုလိုမှာ မြန်မာကလေးတွေ ဆုရကြတာ၊ မြန်မာနာမည်တွေကို ကြားရတယ် တန်ခူးရေ...
သတင်းလည်းစုံပါ့
ဖတ်လို့လဲကောင်းပါ့
မကြာမကြာရေးပေးပါလား အမရယ်
ကောင်းလိုက်တာ မမရယ်။
ဒါနဲ့ စင်ကာပူမှာ ထုတ်တဲ့ မြန်မာ မဂ္ဂဇင်းကို ပြောတာလားဟင်။
အဲဒါကြောင့်ပြောတာ..မြန်မာတွေတော်ပါတယ်လို့....။ ဟုတ်တယ်နော်အစ်မ ။ အဲဒီမျက်နှာဖုံးရှင်လေးတွေက မြန်မာပါလို့ပြောထားလို့သာ ယုံလိုက်ရတာ ။ မိုက်တယ် ။
အင်း..စလုံးက..မြန်မာ မဂ္ဂဇင်း အဖုံးတွေကတော့..ပြောစရာ..ပြောစရာ.. မြန်မာပြည်မှာ..ဒီလောက်လှတဲ့ ရှုခင်းတွေ ရှိနေတာများ..တခါတလေ လှည့်မသုံးဘူးလားမသိ..း)
မမရဲ့ ဟိုဟိုဒီဒီ ဖတ်ရင်း ဟိုတွေးဒီတွေးဖြစ်သွားတယ်.. ဒီမှာလည်း priority seat ကို ဖယ်ပေးဖို့ တွန့်တိုကြတယ်.. သူတို့ရှေ့မှာ ရပ်နေလည်း ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေတယ်...
ကျနော်တို့ ရုံးက security ဖိုးဖိုးကြီးလည်း အမပြောသလိုပဲ..သူ့ကြည့်ရတာ ပျော်မြူးနေတာပဲ.. အမြဲတမ်း ဓာတ်လှေကားကို ပြေးဖွင့်ပေးတယ်.. မိုးရွာရင် ထီးယူလာခဲ့ဖို့ သတိပေးတယ်... စက်ဘီးနဲ့သွားတဲ့နေ့ဆို စက်ဘီးကိုစီးလို့ရအောင် အဆင်သင့် ထုတ်ပေးတယ်.. အဲဒီဖိုးဖိုးကြီးကိုတော့ ခင်တယ်.. :)
မြန်မာကလေးတွေ တော်တယ်ဆိုတာ ကြားရတော့ ၀မ်းသာလိုက်တာ.. အမရယ်.. :)
အိမ်အောက်ထပ်က အသိသမီးက အတန်းထဲမှာ ဒုတိယ၊ သူ့ထက်၂တန်းကြီးတဲ့ တစ်ကျောင်းထဲ တက်တဲ့ သူငယ်ချင်းသမီးလေးက အတန်းထဲမှာ အမြဲ ပထမတဲ့ ... မြန်မာခလေးတွေ တော်ကြပါတယ်။ အဲဒီကျောင်းကတော့ သတိထားမိမှာပါ။ ဂုဏ်ယူစရာပါ။
ကိုပေါသမီးလေးက တော်ဆို ... အဖေတော် အမေတော်ကိုး ...ဟုတ် ...
ဒီက ထိုင်းကျောင်းမှာ တက်တဲ့ မြန်မာကလေးတွေလဲ အတန်းတိုင်းမှာ ပထမချည်းပဲဟ ... အဲဒါ တချက်ကတော့ ဂုဏ်ယူစရာပေပဲ... တန်ခူးတို့ စလုံးကိုရောက်တဲ့ကလေးတွေရဲ့ မျိုးရိုးဗီဇအရကို အဖေအမေတွေဆီက ပါတာကိုးးးး သိတယ်မဟုတ်လားးးး ကိုပေါတို့ ကိုကြည့် (တကယ်ပြောတာ)
agreed with above comments. They have good IQ genre from their parents and well supported by their educated parents. very lucky kids =)
ရသစုံတဲ့ ဟိုဟိုဒီဒီလေး လာဖတ်သွားပါတယ်။
သေချာဖတ်ရင်းတွေးရင်း ...ဟိုဟိုဒီဒီထဲမှာ ဗြဟ္မစိုရ်တရား ၄-ပါး လုံး ပါနေတာ သတိထားလိုက်မိတယ်။
ပထမစာပိုဒ် ဖတ်ပြီး လူတွေ တအားအဆင့်မြင့်ကုန်လို့ ဗြဟ္မစိုရ်တရား အမှတ် ၄ ကို လက်ကိုင်ထားနေကြတာလား ... စဉ်းစားမိတယ်။
ဒုတိယစာပိုဒ်ကို ဖတ်ရတော့ မေတ္တာ တရားပဲလို့ တွေးမိပြန်တယ်။
အန်တီကြီးအကြောင်းကို ဖတ်ရတာ ... ကရုဏာသက်စရာ။
မြန်မာကလေးတွေ ထိပ်ဆုံးရောက်တဲ့အကြောင်း ကတော့ ၀မ်းမြောက်ဝမ်းသာ မုဒိတာ ပွါးစရာပါပဲ။
အင်း ... နောက်ဆုံး မြန်မာမဂ္ဂဇင်းမျက်နှာဖုံးရှင် မင်းသမီးလေးတွေကိုတော့ ... မေတ္တာပဲ ထားရမလား၊ ကရုဏာပဲ သက်ရမလား၊ မုဒိတာပဲပွါးရမလား၊ တော်ပါပြီလေ ... အဆင့်အမြင့်ဆုံး ဥပေက္ခာထားလိုက်တာ အကောင်းဆုံးပဲနေမှာလို့ တွေးရင်း ဟိုဟိုဒီဒီ ဖတ်ခြင်းကို အဆုံးသတ်လိုက်ပါကြောင်း။ :)
ပြနိုင်တဲ့သူက အအေးမိခံပြတော့လဲ...
ကြည့်တဲ့သူကကြည့်ရုံပေါ့ မမရေ.. ဟီးဟီး..
ဒီလို ဥပက္ခာတိုင်းပြည်မှာ နေရပေမဲ့ ကလေးတွေ ထူးချွန်တယ်ဆိုရင် အကျိုးရှိ အောင်မြင်တယ်လို့ ပြောရမှာပါ အမရေ။ ကြားရ သိရတာ ၀မ်းသာမိတယ်။
မြန်မာစိတ်ဓာတ်လေး ရင်ထဲမှာ ပျိုးထောင်နိုင်ရင်တော့ အလှမှာ အယဉ်ဆင့်တယ် ဆိုရပေါ့နော်။
မြန်မာခလေးတွေတော်တယ်ဆိုလို့ ဝမ်းသာဂုဏ်ယူမိပါတယ်
ညီမရွှေခိုင်ရေ… ပထမဆုံးရောက်လာတာ ကျေးဇူးပါကွယ်…
အင်းးးး သက်ဝေရေ… ရင်ထဲမှာလဲ ဟိုဟိုဒီဒီ…
ဟုတ်ပါတယ်ညီမနွေးရေ… ကိုယ့်မျိုးရိုးဇာတိကို ဂုဏ်ယူတတ်လာတာ ဘယ်လောက်ဝမ်းသာစရာ အဖြစ်လဲနော်…
စူးရေ… စူးပြောမှ ကွိစိကွစိတောင် လွမ်းလာပြီ… ရေးဦးလေ…
ဂုဏ်ယူစရာပါကိုပေါရေ… ကိုပေါသမီးလေးအတွက်လဲ ဂုဏ်ယူပါတယ်…
ကိုတောင်ငူရေ… ခုလို အားပေးတောင်းဆိုတာ ကျေးဇူးပါ…
ညီမရီတာရေ… ဟုတ်တယ်လေ… စလုံးက မြန်မာမဂ္ဂဇင်းပါ…
ညီမသန့် ရေ… မိုက်တာတော့ အရမ်းပဲ… အချင်းချင်းတောင် ငေးယူရတယ်..
ကေကလဲလေ… ရှူခင်းနဲ့ ဆို ဘယ်အရောင်းသွက်ပါ့မလဲ… ညီမလေးက သိပ်ရိုးတာပဲကွယ်…
နုရေ… နေကောင်းရဲ့လားညီမ… priority seatမရရင် အပင်ပန်းမခံနဲ့ နော်… ဂိတ်စကဖြစ်ဖြစ်သွားစီး… ပြောသာပြောရတယ်… အဲဒီက ဘယ်လိုမှန်းမသိဘူးနော်…ဟုတ်တယ်.. အမလဲ အဲလိုဖော်ရွေတဲ့ securityကြီးတွေဆို သိပ်ခင်တာ… မြန်မာကလေးတွေ တော်ကြပါတယ်ညီမရယ်… စိတ်မပူနဲ့ နော်…
သယ်ရင်းဆွိရေ… တို့ ကလေးတွေအလှည့်ကျ ဘယ်လိုလာမယ်မသိနော်… ရှေ့ က ကလေးတွေလျှောက်တဲ့လမ်း လျှောက်ကောင်းပါရဲ့…
မ ရေ… အဲဒီမှာလဲ တော်ကြတယ်ဆိုတာ ကြားရတော့ ကြက်သီးတွေတောင် ထ မိတယ်…
Anonymousရေ… ဟုတ်ပါတယ်… မိဘတွေရဲ့ မျိုးရိုးဗီဇနဲ့ ပံ့ပိုးမှုကလဲ အရေးကြီးတာပဲပေါ့… ပြီးတော့ မြန်မာတွေကိုက တော်တာလဲပါရဲ့နော်…
မေရေ… မေ့ကော်မန့် လေးဖတ်လိုက်ရမှ ဗြဟ္မစိုရ်တရား ၄-ပါး လုံး ပါနေတာ သတိထားမိတော့တယ်… မေ့ အမက တော်တယ်နော်…ဟိဟိ…
ကူးရေ… ကြည့်မိလို့ ရေးမိတာပေါ့ကွယ်… ဟိဟိ
ဥပက္ခာတိုင်းပြည်တဲ့လား ချိုသင်းရယ်… ရင်ထဲမှာ မကောင်းဘူး…
ညီမနှင်းဆီရေ… အမလဲ မြန်မာကလေးတွေ တော်တာကြားတိုင်း ကိုယ့်ရင်သွေးလေးတော်တာ ကြားရသလို ၀မ်းသာမိတယ်…
မ...
နေကောင်းရဲ့လား
အလုပ်များနေတာလားဟင်..
သားဆံပင်ကို ဘယ်သူညှပ်ပေးလဲ မေးမလို့။
မ ညှပ်ပေးတာလား၊ လှတယ်..
မျှော်သာ မျှော်.. ပေါ်မလာ သူရယ် စိမ်းကား...
မချစ်လို့ မုန်းလို့ ပုန်းနေသလား...
(ပိုစ့်အသစ်လာရှာတာ မတွေ့လို့ သီချင်းလေးဆိုပြီး ပြန်သွားပါပြီ...)
Post a Comment