Wednesday, December 3, 2008

သားအကြောင်း ဟိုတစ ဒီတစ

ပထမဆုံး ကျွန်မ ပို့ စ်အတင်ကျဲနေတာနဲ့  အိမ်လည်မလာနိုင်တာကို တောင်းပန်ပါရစေ…။ လွမ်းတာအရမ်းပါပဲ…။ အထူးသဖြင့် လည်နေကျအိမ်လေးတွေ မလည်နိုင်တာကိုပေါ့။ အသစ်ကလေးတွေ ဖတ်ချင်လိုက်တာ…။ ကျွန်မ ပျောက်နေရတဲ့ အကြောင်းက သားက ကျွန်မအချိန် တော်တော်များများကို သိမ်းပိုက်ထားလို့ ပါ။ သားကို အရင်က ၃ နာရီကျောင်းကနေ တနေကုန်ကျောင်းကို ပြောင်းတဲ့ကာလ မို့ ပါ။ ကျောင်းကလဲ ကျွန်မရုံးထဲမှာဆိုတော့ ကျွန်မမှာ မနက်စာလဲ ဖြောင့်ဖြောင့် မစားရ၊ နေ့ လည်စာလဲ ဖြောင့်ဖြောင့် မစားရ၊ ခါတိုင်း နေ့ လည်အားချိန်လို ချစ်တဲ့ ဘလော့ဂါသူငယ်ချင်းတွေဆီလဲ မလည်ရ။ အတော်ကို စိတ်ပင်ပန်း လူပင်ပန်းပါပဲ။ ပိတ်ရက်ကျတော့လည်း ပြန်ခါနီးပြီမို့  shopping ထွက်ရတာနဲ့  အချိန်ကုန်။ ဟုတ်ကဲ့… ဆင်ခြေတွေ သိပ်များနေပြီလား မသိဘူးနော်။ ပို့ စ်အသစ်ရေးဖို့ က ခေါင်းထဲ ဘာမှ မထွက်ဘူး။ တွေးလိုက်သမျှ သားအကြောင်းပဲ ဖြစ်နေတော့တာ။ ဒီတော့ သားအကြောင်းလေးနဲ့  အင်ဂျင်ပြန်နှိုးပါရစေ(ချိုသင်းကို အားကျလို့ )။ ကိုယ်ရေးကိုယ်တာတွေ များနေရင် ခွင့်လွှတ်ပါနော်။ နောက်ပို့ စ်မှာ ကိုယ်ရေးကိုယ်တာ မရေးဖို့  ကတိပေးပါတယ်။

**********

သားနဲ့ ဂီတ

“မေမေ ဦးဦးRဇာနည် ဖွင့်ပါ”
“မေမေ ငါတော့ မေ့လို့ မရတော့ဘူး ကြည့်မယ်”
“မေမေ ဦးဦးစိုင်းစိုင်း နဲ့ ကမယ်”

အရင်က Barney… Hi5… Micky Mouse စတာတွေ ပူဆာတဲ့ သားက ခုတော့ အဲဒီလို အသစ်တွေ ပူဆာတတ်လာလို့  ကျွန်မ အံ့သြသွားပါတယ်။ သူ့ အဒေါ် ကျွန်မ၀မ်းကွဲညီမက သူကြိုက်တဲ့ သီချင်းခွေတွေကို သားနဲ့ အဖော်စပ်ရင်း ခုတော့ သားလဲ စွဲနေပြီပေါ့။ Rဇာနည် သီချင်းလိုက်ဆိုပြီး “အဆင်ပြေရင် လက်ခုပ်တီးပေးကြပါလား” ဆိုတဲ့ နေရာက အစလိုက်အော် အလွတ်ရနေတော့တာ။ ဖိုးချစ်နဲ့ သားစိုး ဆိုတဲ့ ရွှေအိုးစည် သီချင်းဆို “ဟေ့… ဖိုးချစ်ရေ… ဟေ့…သားစိုးလား” ကအစ “လှုပ်လို့ ရပြီ” အဆုံး အစအဆုံး တပုဒ်လုံးကို ဆိုလိုက် ကလိုက်နဲ့  အတော်ကို နှစ်ခြိုက်နေတာကြည့်ပြီး သားနဲ့ ကျွန်မကြားက ကွာဟမှုကို သတိသွားထားမိပါတယ်။ ကျွန်မက ဟစ်ဟော့ကို ခံစားလို့ မရ။ သားကတော့ စိုင်းစိုင်းမှ စိုင်းစိုင်း။ “ဘာလုပ်မှာလဲပြော… လာမရှုပ်ပါနဲ့ တော့” ဆိုတာများ စိုင်းစိုင်းလို ဆောင့်ဆောင့် အောင့်အောင့် တထေရာထဲ ဆိုနိုင်သည်။ ကျွန်မကြိုက်သည့် ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဟေမာ ဖွင့်လျှင် သူက အန်တီဖြူဖြူဖွင့်ပါတဲ့။ အန်တီဖြူဖြူဆိုတာ ဖြူဖြူကျော်သိန်းကို သူက ချစ်စနိုးခေါ်တာပါ။ ကျွန်မက မြို့ မ ဖွင့်လျှင် သူက အိုး… ဒီဇင်ဘာဖွင့်ပါတဲ့။ တော်သေးရဲ့… ICကြိုက်တာတော့ နဲနဲညှိလို့ ရလို့ ။ ကျွန်မကမှ ခေတ်နဲ့ သိပ်အဆက်မပြတ်ချင်လို့  ဟစ်ဟော့အခွေတွေ ကြည့်ဖြစ်သေးတယ်။ သားအဖေကတော့ ဖွင့်တာနဲ့ နားဝင်ပီယံ မဖြစ်လို့  ဆို နှာခေါင်းရှံ့ တော့တာပဲ။ တယောက်မျက်နှာ တယောက်ကြည့်ရင်း သားကို မြန်မာဂီတကို ချစ်တတ်အောင် ဘယ်လိုသင်ရပါ့လို့  စဉ်းစားနေမိပါတယ်။ အင်း… သင်္ကြန်သီချင်း ခပ်မြူးမြူးတွေက စရမယ်ထင်ပါ့။ ဟိုတခေါက် မြန်မာပြည်ပြန်တော့ သားကို အိုးစည်လေး ၀ယ်ပေးပြီး ရင်းနှီးအောင် လုပ်ခဲ့သည်။ ဒီတခေါက်တော့ ၀ါးလက်ခုပ်လေး ၀ယ်ပေးမှလို့  စဉ်းစားထားမိတယ်။ အနည်းဆုံး စည်းလေး ၀ါးလေးက စနားလည်ရင် မဆိုးသေး။ တဖြေးဖြေး တဆင့်တက်လို့  ပတ္တလား၊ စောင်း ပေါ့။ သားလေး စိတ်မ၀င်စားရင် တွန်းလုပ်ဖို့  စိတ်မကူးတာကြောင့် သူ့ အလိုလို မြန်မာဂီတကို ချစ်တတ်လာပါစေလို့  ဆုတောင်းနေမိပါတယ်။

**********

သားနဲ့  စည်းကမ်း

ကျွန်မ သားကို တနေကုန်ကျောင်း ပို့ ဖြစ်တဲ့ အဓိက အကြောင်းရင်းက စည်းကမ်းနဲ့  နေစေချင်လို့ ပါ။ အိမ်မှာ အကုန် လိုတရနေတဲ့သားက စည်းကမ်းနဲ့  တဖြေးဖြေး ဝေးလာသလိုပါပဲ။ သူ့ အဒေါ်က သူ့ ကို ချစ်လွန်းလို့  အလိုလိုက်တော့ ရေကအစ သူများ ခွက်ကိုင်ပေးမှ သောက်တဲ့အထိ ငပျင်းလေး ဖြစ်လာပါတယ်။ မိဘတွေနဲ့  တွေ့ ရချိန်ကနဲတော့ ကျွန်မ စည်းကမ်းလုပ်လဲ အရာမထင်ဖြစ်နေပါတယ်။ အကျီင်္လဲ သူများဝတ်ပေးမှ၊ ဖိနပ်လဲ သူများစီးပေးမှ ဆိုတော့ သူများ အပေါ် မှီခိုလွန်းနေတဲ့ အကျင့်ကို ပြင်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး သနားနားနဲ့ ပဲ တနေကုန်ကျောင်းပို့ ဖို့  ဆုံးဖြတ်လိုက်ရတာပါ။

အိမ်မှာ တီဗွီကြည့်လိုက် ကစားစရာတွေ စိတ်ကြိုက် ကစားလိုက် ဘ၀ကနေ အချိန်မှန်စား၊ အချိန်မှန်အိပ်၊ ကိုယ်တိုင်ရေချိုး၊ ကိုယ်တိုင်စား ကိုယ့်အားကိုယ်ကိုး ရတဲ့ ဘ၀ကို ရုတ်ချည်း ပြောင်းသွားတော့ သူ အတော်လေးကို စိတ်ညစ်နေပါတယ်။ ဒါတောင် ကျောင်းက ရုံးမှာမို့  နေ့ လည်ဘက်တွေ ကျွန်မသွားကြည့်လို ရပါတယ်။ ကိုယ်အိပ်မယ့် မွှေ့ ယာကို ကိုယ်တိုင် သန့် ရှင်းရေးလုပ်၊ အိပ်ပြီးရင် ကိုယ်တိုင် ပြန်သိမ်း။ ကစားချိန်မှ ကစား။ အဲဒီလို နေရတာ စိတ်ကျဉ်းကျပ်ပြီး သူနေချင်သလို နေဖို့  ကြိုးစားတတ်သေးတယ်။ ညနေကျ ကျွန်မက သူ့ အဖေကို တနေ့ ဖြစ်တာတွေ ပြောနေတုန်း ငြိမ်နေတဲ့သူက ထပြောပါတယ်။ “ဒုက္ခရောက်နေတယ်” တဲ့။ သူစကားကြားပြီး ငိုအားထက် ရယ်အားသန် ကျွန်မတို့  ၂ယောက်လုံး ရယ်မိပါတယ်။

သူစိမ်းတွေကြားထဲ နေရတော့ အမေကို အနားမှာ နေစေချင်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်ရဦးမယ်၊ သားကျောင်းမှာ လိမ်လိမ်မာမာနေလို့  ပြောရင် မေမေအလုပ်လုပ်ဘူးလို့  ဂျီကျတတ်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်မှ သားကို အရုပ်တွေ အများကြီး ၀ယ်ပေးလို့ ရမှာ၊ သားစားချင်တဲ့ မုန့် တွေ ကျွေးလို့  ရမှာ ဆိုတော့ အရုပ်တွေလဲ မယူတော့ဘူး၊ မုန့် တွေလဲ မစားတော့ဘူးတဲ့။ ကျွန်မ မျက်ရည်ဝဲတဲ့ အထိ စိတ်မကောင်းဖြစ်ရ ပါတယ်။ ဟိုတနေ့ က သူ့ အဖေသွားကြိုတော့ မေမေပိုက်ဆံတွေ အများကြီးသွားရှာနေတာလို့  သူ့ အဖေကို ပြန်ရှင်းပြတယ်တဲ့။

သူ မြန်မြန် နေသားကျသွားဖို့  ဆုတောင်းမိပါတယ်။ စိတ်ဆင်းရဲနေတဲ့ မျက်နှာ၊ ငိုနေတဲ့ မျက်နှာကို မကြည့်ရက်ပေမယ့် စည်းကမ်းမဲ့၊ သူများပေါ် အမြဲအားကိုးနေရတဲ့ ကလေးမျိုးလေး မဖြစ်စေချင်လို့  ရင်နာနာနဲ့ ပဲ ဆက်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သားရော ကျွန်မပါ စိတ်ရော လူပါ အတော် ပင်ပန်းနေပါတယ်။ ညရောက်ရင် သားအမိ၂ယောက် တုံးကနဲ အိပ်ပျော်သွားရော။ ခုတော့ မနက်ပို့ ရင် ခါတိုင်းလို ဂျီသိပ်မကျတော့ပါဘူး။ ဒီလိုနဲ့  တဖြေးဖြေး တိုးတက်လာမယ် ထင်ပါရဲ့။ အင်း… ဆွေတွေ မျိုးတွေ အဖိုးအဖွားတွေ ကြားထဲ ပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်က ကျောင်းဆို သူ အဲဒီလောက် ခံစားရမှာ မဟုတ်ဘူးလို့  ထုံးစံအတိုင်း တွေးမိနေပါသေးတယ်။

**********
တန်ခူး
10:43 am 03-Nov-2008

24 comments:

Anonymous said...

အစမို့ထင်တယ် သားက နောက်ဆို အဲ့ကျောင်းကလေးမှာ သူငယ်ချင်းတွေနဲ့ပျော်လာလိမ့်မှာပါဗျ ။ သားသားအကြောင်းက မရိုးဘူး ဘာကြောင့်လဲဆိုတော့ ချစ်စရာကောင်းတဲ့ သားသားမှာ စာရေးကောင်းတဲ့ အမေတစ်ယောက် ပိုင်ဆိုင်ထားတာကိုးး :)

Unknown said...

နောက်လည်း ကိုယ်ရေးကိုယ်တာတွေ ရေးပါ မတန်ခူးရဲ့..
ဖတ်လို့ကောင်းပါတယ်။
ကလေးက သူ့ဘာသာသူ ဒုက္ခရောက်နေတယ် ပြောတယ်ဆိုတော့ သနားလည်းသနား၊ ရယ်စရာလေးလည်းဖြစ်။
Sin Dan Lar

Life is for Success said...

မတန်ခူး

ဒီလိုပါပဲဗျာ။ကြာတော့လည်းနေသားကျသွားမှာပါ။ပတ်ဝန်းကျင်အသစ်ေ၇ာက်၇င်နေသားကျအောင်တော့အချိန်ပေး၇တာပဲ။

Kaung Kin Ko said...

သားသားလေး အကြောင်းဖတ်သွားတယ် အစ်မ တန်ခူးရေ။

Moe Cho Thinn said...

မတန်ခူးရေ
ကိုယ်ရေးကိုယ်တာ ရေးတာ အပြစ်မှ မဟုတ်ဘဲ။ ရေးချင်တဲ့စိတ်ရှိတာသာ ရေးပါ မတန်ခူးရယ်။ အမ ဘာရေးရေး ဖတ်လို့ကောင်းတာပဲ။ သားသားအကြောင်း လဲ သိချင်တာပဲ။
သူ သီချင်း ကြိုက်တတ်တာ ၀မ်းသာတယ်။ ဘာသီချင်းကြိုက်ကြိုက်၊ ဂီတကို ချစ်ရင် သူ့စိတ်ကလေး ဘယ်တော့မှ မခက်ထန်ဘူး။ မြန်မာ သီချင်းလေးတွေကိုတော့ နောင်ကျရင် ခံစားတတ်လာပါလိမ့်မယ်။ ဒီချစ်စရာ မိသားစုလေး ချမ်းမြေ့ပါစေနော်။

Anonymous said...

အမတန်ခူးရေ သားသားက ကျောင်းပျော်သွားမှာပါ။ စိတ်မကောင်းမဖြစ်ပါနဲ့နော်။ အစဆိုတော့ သူလည်း အားငယ်တာနေမယ်။ သီချင်းတွေလည်း ဆိုတတ်နေပြီပေါ့။
အမတို့မိသားစုလေး ပျော်၇ွှင်ပါစေ

tg.nwai said...

တန်ခူးရေ...
တို.ကတော့ တန်ခူး ဘာရေးရေး စိတ်ဝင်စားတယ်.. စိတ်ကူးကောင်း အရေးကောင်းဆိုတော့ တန်ခူးရေးချင်တာသာ ရေး။ များများဖတ်ရလေ ကြိုက်လေပါပဲ။

ကိုယ်ချင်းစာပါတယ် တန်ခူးရယ်.. တခါတလေ သူတို.ကျောင်းသွားပို့တဲ့အချိန် ကိုယ့်လက်ကိုဆွဲပြီး သနားစဖွယ် မျက်နှာလေးတွေနဲ့ သူတို.လေးတွေကို ထားပစ်ခဲ.ရတာ စိတ်ထဲ မကောင်းဘူး။ နောက်တော့လည်း ပျော်သွားမှာပါ။ ကလေးပေါက်စလေးတွေ ကာကွယ်ဆေးထိုးသလိုပဲပေါ့။ သူတို.လေးတွေ အသားနာမှာ စိုးပေမယ့် သူတို.ကောင်းဖို.အတွက်ဆိုတော့...

ခေတ်ရေစီးကြောင်းကတော့ တားရတာ နဲနဲခက်မယ်ထင်တယ်နော်..။အိမ်က ကလေးတွေလည်း အဲလိုပဲ။ ဂီတကို ခံစားတတ်နေသေးတာကိုပဲ ကျေးဇူးတင်နေရတယ်။ သမီးငယ်ကလည်း ဖြူဖြူကျော်သိန်းဆို သိပ်ကြိုက်ပဲ။

Anonymous said...

အမရေ- အမ့သားလေး တဖြေးဖြေးတော့ နေသားကျသွားမှာပါ၊ သူကအခုအရွယ်ဆိုတော့ သိတတ်နေပြီပေါ့၊ ညီမသားဆို ရက် ၅၀ ကတည်းက ကျောင်းပို့ ထားရတာ၊ အမေတယောက်ရင်ထဲ ဘယ်လိုဖြစ်မလဲ စဉ်းစားသာကြည့်ပါ၊ မတတ်နိုင်ပါဘူး၊ ရောမရောက်ရင် ရောမလိုကျင့် ဆိုသလိုပေါ့၊ ဒီမှာတော့ အဲဒီလို လသား ရင်ခွင်ပိုက်ကို day care ကျောင်းပို့ တာ မထူးဆန်းပေမယ့် ကိုယ့်အဖို့ ကတော့ စွန့် စားရသလိုပါပဲ၊ မိတ်ဆွေတယောက်က ပြောတာတော့ အိမ်မှာကလေးထိန်းနဲ့ ၂ယောက်ထဲထားတာထက်စာရင် ကျောင်းပို့ ထားတာ ပိုစိတ်ချရတယ်ဆိုလို့ ကိုယ့်ဘာကိုယ် စိတ်ဖြေရပါတယ်၊

Anonymous said...

မတန်ခူးရေ..
သားအကြောင်းရေးတာတွေ့တော့အမောတကော
လာဖတ်ဖြစ်ပါတယ်..
သားလေး..တဖြေးဖြေးနဲ့ ကျောင်းမှာပျော်လာမှာပါ
သူငယ်ချင်းအသစ်တွေရလာရင်ပေါ့..
အခု..မူကြိုလေးလား..လတ်လား..ကြီးလား
ချန်းချန်းကတော့..သားလေးနဲ့ပြောင်းပြန်
မူကြိုလတ်စတက်တော့..ပို့ပေးချင်းချင်း
လူကြီးကိုအိမ်ပြန်ခိုင်းတယ်..
သူသတ္တိရှိပါတယ်..တဲ့..

Anonymous said...

အမရေ နေ့လည်က ဖတ်မိလို့ အလုပ်ထဲမှ ခံစားနေရတယ်။ စီနီယာက မင်းနေကောင်းရဲ့လားဆိုမှ သတိထားမိတော့ မျက်ရည်ကကျနေပြီ။ အမရေးတော့ မိဘဖက်ကဆိုတော့ ကျနော်နားမလည်ခဲ့တဲ့အတွက်ပိုခံစားမိတာပါ။ ပြန်ရေးထားတာလေး အမအချိန်ရရင် ဖတ်ပေးပါဦးအမ။

pandora said...

သားသားက ပျော်လာမှာပါ။ နောက်ဆို gf တွေဘာတွေတောင် ရလာဦးမယ် :P

Anonymous said...

အစမို့လို့ပါ...နောက်ဆိုသူငယ်ချင်းတွေ
နဲ့နေသားကျသွားမှာပါ...

Anonymous said...

အစ်မတန်ခူး သားလေး အကြောင်းရေးတာ ဖတ်လို့ကောင်းပါတယ်။ နောက်ရေးလဲ ငြီးမှာ မဟုတ်ပါ။ ရေးပါနော်။ အားပေးတယ်။ သားကို မမြင်ဘူးဘဲနဲ့ ချစ်နေမိပါတယ်။ တဖြည်းဖြည်းတော့ ကျောင်းပျော်လာ မှာပါ။ ပုံရိပ်လဲ ငယ်ငယ်က ကျောင်းမတက် ချင်ဘူး။ ခဏခဏ ငိုတာ မှတ်မိတယ်။

nu-san said...

အမရေ..သားအကြောင်းရေးတာကို ဖတ်ရတာ ရီလည်း ရီရ စိတ်မကောင်းလည်းဖြစ်ရပေါ့.. ကိုယ်ရေးကိုယ်တာပေမယ့် အမရေးထားတဲ့ သားအကြောင်းကတော့ ဘယ်တော့မှ ဖတ်ရတာ မရိုးဘူး.. နောက်ပြီး သားသားက ကျောင်းတက်ခါစမို့ စိမ်းနေသေးတာ ထင်ပါရဲ့ အမရယ်... နောက်တော့ အသားကျသွားမှာပါ။ အမက ရုံးနဲ့ နီးနီးနားနားဆိုတော့ သွားကြည့်လို့ရတာပဲ ကျေးဇူးတင်ရမယ်နော်.. :)

သက်ဝေ said...

တကယ်ကို ချစ်စရာကောင်း... ပျော်စရာကောင်း... စိတ်ချမ်းသာစရာကောင်း... ရယ်လဲရယ်ရ... တန်ခူးရဲ့  Stress ကိုလဲ သနား... ခံစားမှုပေါင်းစုံပေးနိုင်တဲ့ ပိုစ့်လေးပါ တန်ခူးရေ...

သားလေးက ကျောင်းစတက်ခါစမို့ ပါ။ တစ်ဦးတည်းသော ကလေးတွေက ကျောင်းပျော်ဖို့  အချိန်သိပ်မစောင့်ရပါဘူး...။ အဆင်ပြေသွားမှာပါ... တစ်ခုဘဲ စိတ်ပူရတာက ကျောင်းက ကျွေးတာတွေ သူ စားနိုင်သလား၊ စားရဲ့ လား ဆိုတာပါဘဲ...။

*** ဒါထက် စကားမစပ်... ဟွန့် .. ပြောပုံကိုက...
သူများရဲ့  စိုင်းစိုင်းကိုများ ဆောင့်ဆောင့် အောင့်အောင့်နဲ့  တဲ့ ...။
တန်ခူးနော်.. တန်ခူး... ဒုတ် ဒုတ်...။

Sonata Cantata said...

သားအကြောင်းက ဟိုတစဒီတစပေမဲ့ ဖတ်လို့ကောင်းသအေ့
အစ်မကတော့ မခံစားနိုင်လို့ အလုပ်ထွက်မလုပ်ပဲ သူတို့နားရှိနေပေးရုံလေး နေပေးတယ်။ (သူဖာသာအပျင်းကြီးနေပြီးတော့ လို့ ဆိုတာတွေကို ကျောခိုင်း၍ပေါ့...)
ဆိုလိုချင်တာကတော့ ငွေကြေးဆိုတဲ့ ကြားခံပေါ်လာပေမဲ့လည်း တို့တွေဟာ တစ်ခုကို တစ်ခုနဲ့ လဲနေရသေးတဲ့ အခြေမှာပါ။

Anonymous said...

အစ်မကြီး ကျနော် email ပို့လိုက်တာ ရောက်လားဗျ လိပ်စာမှားသွားလား မသိ ။

ဗေဒါရီ said...

မတန်ခူးရေ ... ကွန်မန့် မရေးဖြစ်ပေမဲ့ အမြဲ လာဖတ်ဖြစ်ပါတယ်။ ခေတ်ပေါ် ဂီတကို ခံစားတတ်တဲ့ သားလေးက မြန်မာဂီတကိုလည်း နှစ်သက်မှာပါ။ သူ့အရွယ်ကလေးနဲ့ဆိုတော့ လတ်တလော သူ့စိတ်ထဲ သူ့နားထဲမှာ တိုးဝင်လာတဲ့ ဂီတကို စွဲလမ်းမိတာ ဖြစ်ပါလိမ့်မယ်။ ကျွန်မလည်း အသက်ကြီးမှ မြန်မာဂီတကို ခံစားတတ် နှစ်သက်တတ်လာတယ်။ ခေတ်ပေါ် ဂီတတွေလဲ ကြိုက်နေတုန်းပဲ။

သားလေးကို ကျောင်းပို့ရတာ စိတ်မကောင်း မဖြစ်ပါနဲ့ ... ။ နောက် ... သူနေသားကျသွားမှာပါ။ အစဆိုတော့ ဒီလိုပဲပေါ့။

ZT said...

ကျွန်တော့် အစ်ကိုကြီးတွေတော့ အခု ၄၀ နီးနေပြီ။ သူတို့ဘာသာ သူတို့ ဆိုရင်တော့ စိုင်းထီးဆိုင် စိုင်းဆိုင်မောဝ်နဲ့ ငြိမ့်နေတာများတယ်။ သူတို့ ကလေးတွေနဲ့ အတူတူ ဆိုရင်တော့ ဟစ်ဟော့ပ်တွေ ရောသမမွှေတွေ လုပ်နေကြတာပဲ။

သစ်နက်ဆူး said...

မတန်ခူးေ၇...
သားသားအကြောင်း လာဖတ်သွားတယ်...
နောက်ဆိုရင်တော့ နေသားကျသွားမှာပါ...
နော်နော်ကို မူကြိုပို့ တုန်းကလဲ ဒီလိုဘဲ..ငိုမှငို။
သူက ကျိတ်ငိုတာ..
သူ့ အမေဘဲ ကျောင်းပို့ မှရတာ..
ကျနော်နဲ့ ဆို ပို့ ပြီးလို့  နော်နော် မျက်ရည်ဝဲတာနဲ့ 
“ ကဲ...လာ သား တို့ ပြန်ကြမယ်ကွာ” ဆိုပြိး...
သားအဖ၂ယောက်အိမ်ပြန်တတ်လို့ 
မဒမ်ဆူးက ကျနော်နဲ့ ကျောင်းမပို့ ခိုင်းရဲဘူး...
ပါတ်ဝန်းကျင်သစ်၊ နေရာသစ်မှာ ကလေးတေါ အရမ်းအားငယ်တတ်တာ၊ လွမ်းတတ်တာ ကိုယ်ချင်းစာပါတယ်..။
သားသား ကျောင်းမှာ မြန်မြန် ပျော်ပါစေ...။

စူး said...

အမရေ..အမြဲတော့ဖတ်နေဖြစ်ပါတယ်..
စိတ်မရှိပါနဲ့ တိတိတိတ်လေးဖတ်ပီး ပြန်နေတာကိုနော်
လာနှစ်သိမ့်တာပါ..
တနေ့နေ့တော့ ပြန်ရေးမှာပါ့

ကိုပေါ said...

နောက်တော့ အသားကျသွားမှာပါ…တန်ခူးရေ။
သမီးတုန်းကလည်း အိမ်မှာ အဖွားရှိပေမယ့် သက်တူရွယ်တူကလေးတွေနဲ့ ပေါင်းတတ်အောင်၊ ဆော့တတ်အောင် ကျောင်းကို တကူးတက ပို့ပေးရတယ်။ ပညာလည်း တတ်တာပေါ့။

Unknown said...

Hello,
I am a regular reader of you blog but I never write any comment. We like your posts so we love to read all including your personal life expecially about your lovely son.
He will be adaptable and happy soon in his school.
Carrry on, sister.

Anonymous said...

အမရေ..
အမပိုစ့်တွေကို အမြဲဝင်အားပေးဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ညစ်နေတဲ့အချိန်တွေဆို အမရဲ့ သားသားအကြောင်းအမြဲဝင်ဖတ်တယ်။ စိတ်မဆိုးပါနဲ့နော် စိတ်ညစ်နေတုန်းအမသားသားကိုဖတ်တယ်ဆိုလို့။ အပြစ်ကင်းတဲ့အမသားသား ရဲ့ အပြူအမူတွေကို သဘောကျလို့ပါ။