Thursday, October 23, 2008

သားရေးတဲ့ပန်းချီ

မျောက်ကလေး တကောင်လို ဟိုခုန်ဒီပျံ အဆော့သန်တဲ့ သားလေး ငြိမ်နေပြီဆို သွားကြည့်လိုက်… စာရွက်တရွက်နဲ့ ပုံလေးတွေဆွဲနေတဲ့အချိန်… ဒါမှမဟုတ် ကွန်ပြူတာနဲ့ ပုံလေးတွေ ဆွဲနေတဲ့ အချိန်ပါပဲ။ ကျွန်မရော သူ့ အဖေပါ ပန်းချီမတော် ပန်းချီဝါသနာ မပါပေမယ့် သားလေးကတော့ ငယ်ငယ်လေးထဲက ပန်းချီတွေကို အတော်စိတ်ဝင်စားပါတယ်။ ကစားစရာဝယ်ပေးရင် ကစားစရာထက် ထည့်တဲ့ဗူးပေါ်က ပုံလေးတွေကို စိတ်ဝင်စားတတ်လို့  ပန်းချီများ ၀ါသနာပါမလားလို့  ထင်ခဲ့တာ ထင်တဲ့အတိုင်းပါပဲ။ ခဲတံကိုင်တတ်တဲ့ အရွယ်ကစပြီး ဆွဲလိုက်တဲ့ ပုံ။ တခြားကစားစရာထက် ပုံဆွဲကိရိယာကို ကြာကြာစိတ်ဝင်စားတတ်ပါတယ်။ ကျွန်မက သားကို အနုပညာတခုခု ၀ါသနာပါစေချင်တာ ကိုယ်ကပုံသွင်းရမလား အောက်မေ့တယ် သူ့ ဝါသနာက သူ့ သဘာဝအတိုင်း ပေါ်လွင်လာတာပဲလေ။

ခုနောက်ပိုင်း သူ့ စိတ်ကူးနဲ့ သူဆွဲတဲ့ ပုံလေးတွေက အဓိပ္ပါယ်လေးတွေနဲ့ မို့  အတော်အံ့သြမိပါတယ်။ အမှတ်တမဲ့ ကြည့်ရင် လျှောက်ခြစ်ထားတယ် ထင်ရပေမယ့် သူ့ ကို ဘာပုံဆွဲတာလဲမေးရင် စိတ်ရှည်လက်ရှည် ပြောပြတတ်ပါတယ်။ သူပြောပြမှ ပုံလေးက ပိုပေါ်လွင်သွားရော။ သူ့ လက်ရာလေးတွေကို မျှဝေခံစားကြည့်ပါဦးနော်။

အောက်က ပုံကတော့ သူ့ ပုံသူ ကွန်ပြူတာက ပုံဆွဲတဲ့ game နဲ့ ဆွဲထားတာပါ။ မောက်စ်နဲ့ ဆွဲထားတာပါ။




ဒါကတော့ သူတို့ ကျောင်းက playground ပါတဲ့။ တခုချင်းက ဘာပုံလေးတွေလဲ ဆိုတာ ကျွန်မနဲ့ သူ့ အဒေါ်လိုက်မေးပြီး သူ့ အဒေါ်က သူ့ ရှင်းပြချက်အတိုင်း အညွှန်းလေးတွေ တတ်ပေးထားပါတယ်။




ကျွန်မအရင် ပို့ စ်မှာ ပြောခဲ့ဘူးတဲ့ Merlion ပုံပေါ့။ Merlion ပါးစပ်ရေထွက်(သူ့ ခေါ်တဲ့အတိုင်း ရေးပြတာပါ)၊ Singapore အလံတိုင်၊ မီးပန်း၊ သူ့ ကို ကျွန်မ ၀ယ်ပေးတဲ့ သီချင်းဆိုတဲ့Merlionအရုပ်လေးတောင် ပါလိုက်သေးတယ်။




တင်္နဂနွေနေ့ တိုင်း သွားရတဲ့ မြန်မာဘုန်းကြီးကျောင်း။ သူ့ ဘာသာဆွဲပြီး မေမေ ဒါဘုန်းကြီးကျောင်းလို့  လာပြမှ ကျွန်မ အံ့သြသွားမိတယ်။ ကျောင်းအ၀င်ဝမုဉ်ဦး၊ ခြင်္သေ့နှစ်ကောင်၊ နဂါးနှစ်ကောင်နဲ့  ကျွန်မသူ့ ကို အမြဲ အမွှေးတိုင်ပူဇော်ခိုင်းတဲ့ အမွှေးတိုင်ဖလားကြီးတောင် ပါလိုက်သေး။




သူတို့ ကျောင်းမှာ ငှက်တွေ အကြောင်း သင်ရတော့ ပြန်ဆွဲပြတဲ့ ပုံပါ။ ၁ = ကြက်ဖကြီး၊ ၂ = ကြက်ပေါက်လေး ၂ ကောင်၊ ၃ = ဘဲပေါက်လေး ၃ ကောင်၊ ၄ = ပျံနေတဲ့ ငှက်လေးလေးကောင်ပါတဲ့။




ဒါကတော့ ကျွန်မ အအံ့သြဆုံး ပုံပေါ့။ သူ့ စိတ်ကူးနဲ့ သူ ကွန်ပြူတာနဲ့ ဆွဲထားတဲ့ ရှုခင်းပုံလေးပါ။ အပြာရောင်ကောင်းကင်ကြီးရယ်၊ သာနေတဲ့ နေမင်းကြီးရယ်၊ ပျံသန်းနေတဲ့ ခရမ်းရောင် ငှက်လေးတွေရယ်၊ မြက်ခင်းစိမ်းစိမ်းလေးရယ်၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးရယ်၊ ပန်းရောင်ပန်းလေးရယ်… ပြီးတော့ သားသားရယ်။ ဘယ်လောက်လှတဲ့ စိတ်ကူးလေးနဲ့ ပန်းချီလေးလဲနော်။



သားရဲ့ တိုးတက်လာတဲ့ ပန်းချီလက်ရာလေးတွေ ကြည့်ပြီး သားဝါသနာကို မြေတောင်မြှောက်ပေးဖို့  ခုထဲက ကြံစည်စိတ်ကူးနေမိတယ်။ သားကို ပညာတတ်ကြီးလဲဖြစ်စေချင်သလို အားကစားတခုခုလဲ ထူးချွန်စေချင်ပြီး… အနုပညာတခုခုလဲ ကျွမ်းကျင်စေချင်တဲ့ ကျွန်မ သိပ်များလောဘကြီးနေလား မသိပါဘူးနော်။

တန်ခူး
9:15pm 23-Oct-20008

20 comments:

စူး said...

စာလုပ်တာခနနားအစာစားရင်း အမသားလေးပုံတွေလာကြည့်တယ်
ဟုတ်တယ်နော် အမ အောက်ဆုံးကဟာလေးက အံ့သြစရာ။
အကိုသစ်နက်ဆူးဆီမှာ အပ်လိုက်အမ..။ပိုတော်သွားမှာ

Anonymous said...

အမတန်ခူးသားသားလေးက အတော်ဆွဲတတ်နေပြီပဲ။ ဘုန်းကြီးကျောင်းပုံလေးကလည်း ဆွဲတတ်လိုက်တာ။ သားသားရေ နောက်တိုးတက်လာတဲ့ ပုံတွေလည်း မျှော်နေမယ်နော်။

တက်တူ said...

အမရေ ဒီမှာက ကိုယ်ဝါသနာပါတာကို ရွေးခြယ်လို့ရတယ်၊ အမသား အတွက် အခွင့်ရေး အမြားကြီးရှိပါတယ်

Taungoo said...

မများပါဘူးအမရယ်။
အဲဒါအခြေခံအကျဆုံး လုပ်သင့်တာလေးတွေပါ။
ပညာက ဘဝနောင်ရေးအတွက်
အားကစားက ကိုယ်ကျန်းမာဖို့အတွက်
အနုပညာက စိတ်ချမ်းသာဖို့အတွက်
သားသားပုံလေး သေချာမြင်ရတာလေး တင်ပေးပါလားအမရယ်။ ကပ်စေးမနည်းပါနဲ့နော်။

Anonymous said...

သားသား အကြောင်းတွေဖတ်ပြီး ညဏ်ကောင်းမယ့် ခလေးဆိုတာ ရိပ်မိတယ် ။ ကိုယ့်ပါသာမှန်းတုတ်အုံးမယ် သားကကြီးလာရင် ရုပ်တည်တည်လေးနဲ့  လူချောလေး သူစိတ်ဝင်စားရင် အောင်မြင်တဲ့ထိ လုပ်မယ့်ပုံပေါ်ပြီး စိတ်မ၀င်စားတဲ့ အလုပ်ဆိုရင် ဘယ်လိုပဲပြောပြော လုပ်မှာမဟုတ်ဘူးထင်တယ် ။ အောက်ဆုံးပုံလေးကြည့်ပြီး တကယ်ပဲ အံ့သြမိတယ် သားက ကဗျာဆန်၂လေးကို အငယ်လေးနဲ့  တွေးတက်လိုက်တာ သူ့ စိတ်အရင်းခံလေးကိုက အေးချမ်းနေတာ ချစ်စရာလေးး...

Sonata Cantata said...

တောင်ငူသား ကိုထောက်ခံပါသည်။

PAUK said...

မတန်ခူးရေ..
သားလေးက တော်လိုက်တာ..
အောက်ဆုံးကပုံဆို အရောင်တွေသုံးတတ်လိုက်တာနော်..
အိမ်က သမီးကပန်းချီကို တခါတရံမှဝါသနာပါတာ..
အခုတလော သီချင်းတွေကြိုက်နေတယ်တဲ့..
ဘောလုံးနဲ့ပတ်သက်တာလည်းစိတ်ဝင်စားတယ်..(ဟီး)
သီချင်းဆိုလည်း ဟစ်ပ်ဟော့မှတဲ့ ရော့ခ်ဆို မကြိုက်ဘူး
တဲ့...

nu-san said...

အမရေ.. သားလေးက တကယ်တော်တယ်နော်.. ကလေးက သူ့ဝါသနာနဲ့ သူလာတာကို လူကြီးက ဂရုတစိုက် မြေတောင်မြှောက်ပေးနိုင်ရင် အကောင်းဆုံးပဲပေါ့ အမရယ်.. ကလေးရှိတဲ့ မိဘတိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်တာ သဘာဝပါပဲ.. လောဘကြီးတယ်လည်း မဟုတ်ဘူးပေါ့.. ကလေးကို အတင်းဖိအားပေးသလိုမျိုး မဖြစ်ရင် ပြီးတာပါပဲ.. သားလေးက ဥာဏ်ကောင်းမယ့်ပုံပါ အမ။ ပုံလေးတွေ ဆွဲထားတာ ချစ်ဖို့ကောင်းတယ်.. :)

Anonymous said...

မိဘမိဘ ခံစားသွားရပါတယ်အမရယ်။ လာဖတ်တိုင်း အိမ်ကိုလွမ်းမိပြန်ရော။ သူတို့တုန်းကလည်း အဲလိုနေကြမှာ။ တော်စေချင်တတ်စေချင်တာ မိဘစေတနာ...

Moe Cho Thinn said...

မတန်ခူးရေ
အနုပညာ ကို ၀ါသနာပါတဲ့ သားသားလေးက အမတို့အတွက် တကယ့် ကြည်နူးစရာ ဘ၀ပီတိ ပါပဲ။ သူဖြစ်ချင်တာ၊ သူလုပ်ချင်တာကို ပျိုးထောင် လမ်းကြောင်းပေးနိုင်တဲ့ အခြေအနေ၊ နေရာ ဖန်တီးပေးနိုင်တဲ့ မိဘတွေမို့ သားသား ထူးချွန်မှာ သေချာပါတယ်။
စင်ကာပူရောက်ရင် သားသားနဲ့ တွေ့ချင်တယ်။

သစ်နက်ဆူး said...

မတန်ခူး...ရေ
မတန်ခူး ဖြစ်စေချင်တာ ဖြစ်လာပါလိမ့်မယ်...။
သားလေးထူးခြားတယ်...သူ့ အရွယ်လေးနဲ့ ..။
သား..လိုအပ်တဲ့  ဆေးပစ္စည်းလေးတွေ အပြည့်အစုံ ၀ယ်ပေးထားပါဗျာ...။
ကွန်ပြူတာကပုံကိုသိမ်းတာနဲ့  အပြင်မှာ ဆွဲတဲ့ ပုံ
သိမ်းတာက ခံစားမှုခြင်းကွာပါတယ်..။
ကျနော် သဘောကျတာတွေ များတယ်..။
၁။ လျှော စီးတဲ့ လျှောစင်
၂။ ကွန်ပြူတာကေ၇ာင်စုံရှုခင်းနဲ့ 
၃။ အကြိုက်ဆုံး က ဘုန်းကြီးကျောင်း...
အ၀င်ဝ မုဒ်ဦးက ခြင်္သေ့၂ကောင်ပေါ့...။
မတန်ခူး သားဖြစ်နေလို့ ကြံဖန်ချီးကျူးနေတာမဟုတ်ဘူးနော်...
အဲဒီ ဘုန်းကြီးကျောင်းကားထဲက ခြင်္သေ့ကိုတွေ့ တာနဲ့  မတန်ခူး သားလေးရဲ့ ပန်းချီ မျက်စေ့ နဲ့ အတွေးကို မြင်နိုင်တယ်..။
ချီးကျူးပါတယ်ဗျာ...။

ကိုပေါ said...

ဝါသနာကတော့ ကျနော့်သမီးနဲ့ တထေရာတည်း။

ပုံရိပ် / Pon Yate said...

မတန်ခူးရေ သားလေးက တော်လိုက်တာ။ ဘုန်းကြီးကျောင်း ပန်းချီလေးကို တော်တော် သဘောကျတယ်။ ချစ်စရာကောင်းလိုက်တာ။ ရှုခင်းပုံလေးကို သူ့ဟာသူ စိတ်ကူးနဲ့ ဆွဲတာလည်း ချစ်စရာ...။

P.Ti said...

မတန်ခူး သားသားက ပုံဆွဲတာ ကျွန်တော့်ထက်တောင် တော်နေတယ်။ ပန်းချီကို ဘယ်လိုမှ ပါရမီမပါဘူး။ ကြည့်ရုံပဲကြည့်တတ်တယ်။

အောက်ဆုံးပုံလေးက တော်တော်လေး ပီပြင်တယ်နော်။

Anonymous said...

အမသားလေးက စိတ်ကူးကောင်းလိုက်တာ၊ သားစိတ်ထဲရှိတာ ဖေါ်ထုတ်နိုင်တဲ့အမေကလည်း တော်ပါတယ်၊ ကလေးစိတ်ထဲရှိတာကို ရှိတဲ့အတိုင်း မိဘကနားလည် ထိန်းသိမ်း ပံ့ပိုး ပေးနိုင်ရင် မိဘနဲ့ သားသမီးကြား ပဋိပက္ခဆိုတာ မရှိနိုင်ဘူးပေါ့၊
သားရှိတဲ့ မိခင်ချင်းဘဝတူမို့ အမရဲ့ သားအပေါ် ဖြစ်စေချင်မူ့ ကို လုံးဝနားလည်လို့  ရပါတယ်၊
နောက်ထပ် သားဆွဲတဲ့ ပန်းချီတွေ တင်ပါအုံး၊

kay said...

သားရဲ့ပန်းချီလေး တွေ ကြည့် သွားတယ်။ ထူးအိမ်သင်က..သူ့သမီးလေးနဲ့ပတ်သတ်လို့ တခါပြောဖူးတယ်။ သူတို့ကိုယ်ပိုင် အတ္တ ( ဗီဇ ဖြစ်မပေါ့နော်) လေး တွေကို ကြည့်နေ ရတာ စိတ်ဝင်စားစရာ ကောင်းတယ်တဲ့။ မိဘ တွေက..ကိုယ်တွေ တုန်းက.. မဖြစ်ခဲ့တာ..ကိုယ်ဖြစ်စေချင်တာတွေ..ပုံအော မလုပ်ခိုင်းသင့်ဘူး ဆိုတာ မျိုးလေး - သတိရမိတယ်။
သားလေး လည်း..သူဝါသနာပါရာ ထူးချွန်ပါစေ။

pandora said...

သားလေးက တော်တော်ဟုတ်နေတာပဲ။
ဘာပဲဖြစ်ဖြစ် ကံကောင်းပါတယ်။ ကလေးတွေ ၀ါသနာကို ပံ့ပိုးပေးနိုင်မယ့် ပစ္စည်းတွေ ဒီခေတ်မှာ.. အထူးသခြင့် ဒီမှာ အစုံရနေတယ်။

Anonymous said...

မမတန်ခူး.. ရွှေမိအားတိုင်းလာလည်မယ်နော်.. စိတ်ဝင်စားသွားပြီး.. ဒီ post လေးကိုဖတ်ပြီး.. ရွှေမိ အတွက် အမြဲတမ်း ဂုဏ်ယူတတ်တဲ့ အမေကိုလည်း တအားလွမ်းမိတယ်.. မမတန်ခူး ရဲ့ သားလေးကိုလည်း.. ချစ်တယ်.. :P
Post အဟောင်းတွေကိုလည်း.. လိုက်ဖတ်နေတယ်နော်..

ကလိုစေးထူး said...

အောက်ဆုံးက ပုံလေးကို တော်တော် သဘောကျတယ်။ နေမင်းကို ပြုံးနေတာပါ ဖြည့်ဆွဲတဲ့ သားသားရဲ့ စိတ်ကူးကို ပိုသဘောကျတာ...။

Rita said...

သားသားကို တွေ့ဖူးချင်တယ်