Monday, March 17, 2008

အချစ်ဆုံးသူငယ်ချင်း


ကျွန်မက အခက်အခဲတွေကို စိတ်ပင်ပန်းစွာ ကျော်ဖြတ်လေ့ရှိသည်။
သူမကတော့ အခက်အခဲတွေကို အပြုံးလေးတွေနှင့် ကျော်ဖြတ်လေ့ရှိသည်။

ကျွန်မက မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင် စီမံကိန်းချတတ်သည်။
သူမကတော့ မနက်ဖြန်ထက် ဒီနေ့ကို ပိုစိတ်ဝင်စားသည်။

ကျွန်မက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့် မနက်ဖြန်ကို မကျေမနပ် ဖြစ်တတ်သည်။
သူမကတော့ ဘာမှမျှော်လင့်ချက်မထားခဲ့သည့် မနက်ဖြန်မှာ အတော်သက်တောင့်သက်သာ ရှိလှသည်။

ကျွန်မက ဘဝကို ရင်ဆိုင်နိုင်ဖို့ လှော်တက်ပေါင်းများစွာ စုဆောင်းထားပေမယ့် တကယ့်အချိုးအကွေ့ ရောက်လျှင် လှော်တက်တွေ ဘေးချပြီး စိတ်ဓာတ်ကျနေတတ်သည်။
သူမကတော့ ရှိတဲ့လှော်တက်နှင့် အချိုးအကွေ့ပေါင်းများစွာကို ကျွမ်းကျင်စွာ လှော်ခတ်သွားနိုင်သည်။

ငယ်ငယ်တုန်းက ကျွန်မက ကြီးလာရင် ဆရာဝန်လုပ်မယ်လို့ ပုံစံခွက်ထဲက အတိုင်း ပြောခဲ့သည်။ (တကယ်လဲ ဆရာဝန် မဖြစ်ခဲ့ပါ)
သူမကတော့ သွားတက်ဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးရင်း ကြီးလာရင် ရုပ်ရှင်မင်းသမီးလုပ်မယ်လို့ စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ (သူမလဲ ရုပ်ရှင်မင်းသမီး မဖြစ်ခဲ့ပါ)

ကျွန်မက အကောင်းဆုံးတွေဖြစ်ဖို့ လောဘတကြီး ကြိုးစားသည်။
သူမကတော့ ဖြစ်လာသမျှကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသည်။

ကျွန်မက မဖြစ်စလောက် လောကဓံလေးကို ပုံကြီးချဲ့ ခံစားတတ်သည်။
သူမကတော့ ခါးသီးတဲ့ လောကဓံကြီးတွေကို သတ္တိရှိရှိ ရင်ဆိုင်သည်။

ကျွန်မက ဘဝကို မျှော်လင့်ခြင်းတွေဖြင့် တည်ဆောက်သည်။
သူမကတော့ ဘဝကို စိတ်ချမ်းသာခြင်းဖြင့် တည်ဆောက်သည်။

ကျွန်မနှင့်သူမ အတန်းထဲမှာ အတူမုန့်ခိုးစားခဲ့ကြသည်။
ကျွန်မနှင့်သူမ အတန်းထဲမှာ အချစ်တော်တွေဆီ အတူစာခိုးရေးခဲ့ကြသည်။

ညနေ ကျောင်းဆင်းခါနီးလျှင် ကျွန်မပါးပေါ်က သနပ်ခါးပါးကွက်ကြီးကြီးဆီက သနပ်ခါးတွေကို လက်ကိုင်ပုဝါလေးဖြင့် ပွတ်ယူ၍ သူမမျက်နှာပေါ်မှာ မှူံနေအောင် လိမ်းပြီးမှ အိမ်ပြန်တတ်ခဲ့သည်။
အဆင်တူ၊အရောင်တူ၊ ပုံစံတူ အင်္ကျီဆင်တူဝတ်၍ မိတ်ကပ်အဖွေးသားနှင့် ဓါတ်ပုံ အတူရိုက်ခဲ့ဖူးသည်။

ကျွန်မရဲ့ ပထမဆုံးရင်ခုန်သံကို သူမအားတိတ်တိတ် ရင်ဖွင့်ခဲ့သည်။
သူမရဲ့ ပထမဆုံးအိပ်မက်ချိုတွေကို ကျွန်မအား ဝေမျှခဲ့သည်။

အဖြူအစိမ်းဝတ် အလယ်တန်းကျောင်းသူဘဝမှ ယနေ့အထိ ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့သည့် အဖြစ်အပျက်တချို့ကို သူမအား ပြောနေဆဲ။
သူမဘဝကို ကကြီးမှအ အထိကျွန်မသိရအောင် သူမက ကျွန်မအပေါ် ပွင့်လင်းရင်းနှီးဆဲ။

ကျွန်မရဲ့အောင်မြင်မှူတွေကို သူမကိုယ်တိုင်အောင်မြင်သည့်အလား ဝမ်းသာ ပျော်ရွှင်တတ်သည်။
ကျွန်မရဲ့ကျဆုံးမှူတွေတော့ သူမရဲ့ခံနိင်ရည်အားတွေ ခဏငှါးရမ်းလို့ ဖေးမခဲ့သည်။

ကျွန်မအား ဘယ်သောအခါမှ နာကျင်အောင် မလုပ်ခဲ့။
ကျွန်မအား သစ္စာရှိရှိဖြင့် ထာဝစဉ် ချစ်ခဲ့သူ။
သူမရဲ့ ရောင့်ရဲ့သည်းခံနိုင်ခြင်းတွေကြောင့် ကျွန်မရဲ့ မှားယွင်းစွာ သုံးခဲ့ဖူးတဲ့ ပေတံတချို့ကို ရိုက်ချိုးလွှင့်ပစ်ခဲ့သည်။
သူမကား တခြားမဟုတ်။ ကျွန်မအတွက် ပုခုံးတဘက်အမြဲအဆင့်သင့်ရှိသည့်၊ ကျွန်မအတွက် လက်တဘက်အမြဲအဆင့်သင့်ရှိသည့်၊ ကျွန်မအတွက် နှလုံးသားတခုအမြဲအဆင့်သင့်ရှိသည့် ဤလောကကြီးတခုလုံး၏ ကျွန်မ အချစ်ဆုံးသောသူငယ်ချင်းပင်။

(ယနေ့ကျရောက်သော အချစ်ဆုံးသူငယ်ချင်းရဲ့ xxမြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင် ပျော်ရွှင်ငြိမ်းချမ်းသော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။)

တန်ခူး
4:15pm 17-Mar-2008

9 comments:

Anonymous said...

ကျေးဇူးအရမ်းတင်ပါတယ်..တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင် အတွက်...အရမ်းဝမ်းသာပါတယ် အချစ်ဆုံးသောသူငယ်ချင်း အဖြစ်ရှိနေဆဲဓို့........
ထာဝစဉ် ချစ်နေမှာပါ,,,အမြဲအဆင့်သင့်ရှိနေမှာပါ.....

စူး said...

မြတ်နိုး လဲ အဲလိုမျိုး သူငယ်ချင်း အရမ်းလိုချင်တာပဲ။ အမတန်ခူးကံကောင်းလိုက်တာ။

Anonymous said...

တန်ခူးရဲ့ သူငယ်ချင်းဆို တို့ နဲ့ လဲ သူငယ်ချင်းဘဲပေါ့။ ဟုတ်ဖူးလား... တစ်ကျောင်းထဲ ထွက်တွေဘဲဟာ... (ဇွတ်ကြီးဘဲနော်...)
တန်ခူးရဲ့ သူငယ်ချင်းလေး မွေးနေ့ မှာပျော်ရွှင်ပါစေ
လို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ဝန်ခံဆုတောင်
တန်ခူးကိုပဲအားကျမိတာလား။
ကိုယ့်ကိုကိုယ်ပဲအားမရမိတာလား။
ဝေခွဲမရတဲ့အတွေးတွေနဲ့အိပ်မပျော်မိခဲ့ဘူး။ (မနေ့ည)
ဝန်ခံချက်တစ်ခု..
ဆန္ဒဦးကြောင့်၊
ခိုးယူဝင်စားမိခဲ့တယ်။
အတွေးထဲမှာတောင်ကြည်နူး။
အတွေးဆိုတာတကယ်မဟုတ်။
လှုပ်နှိုးခံလိုက်ရတဲ့အသိ။
ကံ ကံ၏အကျိုးတဲ့။
အတိတ်ဘဝကံ၏အကျိုးလား။
ဆုတောင်းပဲကောင်းခဲ့လေရော့သလား။
တန်ခူးရေ..
ကျွန်မလဲ နောင်ဖြစ်လာမဲ့ဘဝမှာ၊
ကံကောင်ချင်လို့။
အတိတ်လိုကျန်ရစ်ခဲ့မဲ့၊ အခုလိုပစ္စုပ္ပန်ဘဝမှာ၊
ဆုတောင်းမှုတစ်နှင့်အတူ၊
နားလည်မှု့တွေနဲ့၊ ကြိုးစားနေပါတယ်။

(တန်ခူးတို့ချစ်သူငယ်ချင်းနှစ်ယောက်ပျော်ရွှင်ပါစေ)။
အညာသူ~

တန်ခူး said...

တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်ဆိုတဲ့အတွက် အရမ်းဝမ်းသာရပါတယ် သူငယ်ချင်းရယ်။

မြတ်နိုးရေ...မြတ်နိုးမှာ အဲဒီလိုသူငယ်ချင်းလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးမယ်နော်။

ဟုတ်တာပေါ့နော်။ တို့သူငယ်ချင်းကလဲ သက်ဝေသူငယ်ချင်းပဲပေါ့။

လာလည်တာ ကျေးဇူးပါ မအညာသူ။ ဝန်ခံဆုတောင်းကို နားလည်ကြည့်လို့ရပေမယ့် ကျွန်မအထက်ကpostနဲ့တော့ ဆက်စပ်မရဘူးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာတရားနဲ့ထိန်းသိမ်းရင် အမှားတွေနဲတတ်ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒက မဖြစ်သင့်မှန်းသိရင် ဖျောက်ဖျက်ပစ်တာ ပိုသင့်တော်မလားလို့ပါ။

Anonymous said...

တန်ခူးရဲ့ post ကိုဖတ်ပြီး လိုချင်ခဲ့တဲ့ တန်းခူးတို့လို ချစ်သူငယ်ချင်းဘဝ၊
တမ်းတမ်းတတ ဖြစ်သွားမိရုံ သက်သက်ပါ။
ဝန်ခံတယ်ဆိုတာကလဲ တန်ခူးရဲ့ post ထဲမှာဝင်ရောက် ခံစားမိခဲ့တယ်
ဆိုတဲ့အကြောင် တန်ခူးကိုပြောပြလိုက်တာပါ။
ဆုတောင်လိုက်တယ်ဆိုတာကလဲ့ တန်ခူးတို့သူငယ်ချင်ဘဝအားကျလို့
တန်ခူးကိုတိုင်တယ်မိလိုက်တာပါ။
ရိုးရှင်းစွာချစ်သူငယ်ချင်းအကြောင်းရေးထားလိုက်ပေမဲ့
တို့အတွက်ကတော့ အရမ်းကိုပဲ အားကျဂုဏ်ယူမိပါတယ်။
ဝန်ခံဆုတောင်ကိုလဲတန်ခူးနားလည်ခံစားပေးနိုင်မယ်ထင်လို့ ပီတိကိုထပ်ရေးလိုက်မိတာပါ။

(တန်ခူးရဲ့ postတွေအမြဲဖတ်နေပါတယ်)

အညာသူ~

တန်ခူး said...

ကျွန်မရဲ့ postတွေအမြဲဖတ်နေတာ ကျေးဇူးပါမအညာသူ။

ကိုပေါ said...

တန်ခူးရေ…… ကွန်မင့်ပေးတာ နည်းနည်း နောက်ကျသွားတယ်။ စိတ်မရှိနဲ့။
တန်ခူးသူငယ်ချင်းလို စိတ်ထားနိုင်သူအတွက် ကံကောင်းတာဘဲ။ ဒီဘ၀မှာ အရမ်းနေပျော်တာဘဲ။
အဲလို သူငယ်ချင်းရတဲ့ တန်ခူးလည်း ကံကောင်းပါတယ်။

တန်ခူး said...

ဟုတ်ပါတယ်ကိုပေါရေ...သူဘဝဟာ သိပ်နေပျော်ပါတယ်။ သူဆီက စိတ်ချမ်းသာမှူတွေ ခဏခဏငှားသုံးရတယ်။