Monday, August 31, 2009

ဟိုဟိုဒီဒီ

ဒီနေ့ မနက် “ယနေ”့ သတင်းစာမှာ လမ်းမကြီးပေါ်မှာ ယောင်္ကျားတယောက် နှောက်ယှက်တာ ခံလိုက်ရတဲ့ မိန်းမတယောက်က သူ့ ကို ဖြတ်သွားဖြတ်လာတွေ ဘယ်သူမှ မကူညီကြတာကို ရင်ဖွင့်ထားတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဟိုတလောက သတင်းစာပေါ်မှာ ဒီနိုင်ငံရဲ့ ဖော်ရွေမှုနဲ့  ပတ်သက်ပြီး စစ်တမ်းတွေကောက်ကြ ရေးကြတာကို သွားသတိရတယ်။ ခက်တာက ကူညီဖို့  ဆိုတာကလဲ ကူညီချင်စိတ်ရင်းခံရှိမှ၊ ဖော်ရွေဖို့ ဆိုတာကလဲ ဖော်ရွေတဲ့ နှလုံးသားတခု ပိုင်ဆိုင်မှ။ ဒါကို အလုပ်ကြီးတခု အနေနဲ့  တိုက်တွန်းနေရတယ် ဆိုကတည်းက တခုခုက မှားယွင်းနေပြီ။ ရထားပေါ်မှာ နိုင်ငံကျော်တီဗွီမင်းသား ဂါးမက်စင်းက သူ့ ရဲ့နာမည်ကျော် ဇာတ်ကောင် ပိုချူးကန်ပုံနဲ့  လိုအပ်တဲ့သူတွေကို ထိုင်ခုံနေရာပေးဖို့  ပြူးပြူးကြီး ကျော်ငြာထားတယ်။ သားနဲ့ ရထားစီး အိမ်ပြန်တော့ မေမေ အဲဒီဦးဦးက ဘာပြောနေတာလဲတဲ့ လို့  စပ်စပ်စုစုမေးရော။ သားက တကယ်ကို မသိရှာလို့  မေးတာပါ။ သားက အင်္ဂလိပ်လို မေးတာဆိုတော့ သားရှေ့ က ထိုင်နေတဲ့ မိတ်ကပ်အဖွေးသားနဲ့  ဒီနိုင်ငံသူက သားကို မျက်စောင်းထိုးတယ်။ သူ့ နေရာလုချင်လို့  ကလေးက သက်သက်မေးတယ်လို့  ထင်နေပုံပဲ။ ပထမတော့ သားကို မြန်မာလို ပြန်ရှင်းပြမလို့ ပါပဲ။ ကလေးကို နေရာမပေးပဲ မျက်စောင်းလာပေးတဲ့ တယောက်ကို ချဉ်ချဉ်ရှိတာနဲ့  အင်္ဂလိပ်လို ရှင်းပြလိုက်တယ်။ သားက ကိုယ်ပြောတာကို နားထောင်လိုက်… ရှေ့ က မိန်းမကို ကြည့်လိုက်နဲ့  အတော်ကို ရှုပ်ထွေးသွားပုံပဲ။ ဟုတ်တယ်လေ… သူက ကိုယ်ဝန်သည်မဟုတ်… မသန်မစွမ်းမဟုတ်… ပြီးတော့ အသက်က ကိုယ့်ထက်တောင် ငယ်ဦးမယ်။ ပြူးပြူးပြဲပြဲ ပိုချူးကန်တောင် အားနာမိရဲ့။

ဒီရုံးကို ပြောင်းလာတော့ ကျောက်ရုပ်ကြီးတွေလို securityလူကြီးတွေ ကြည့်ပြီး ပျင်းလိုက်တာ။ မြင်ပါများလို့  ပြုံးမိတာတောင် ပြုံးရမှာမေ့နေတဲ့ပုံ။ တပါတည်း အရင်ရုံးက ဖော်ရွေတဲ့ securityလူကြီးတွေလဲ လွမ်းမိသေးတယ်။ အမျိုးသားက ရှင်းပြတယ်။ သူတို့ လုပ်ငန်းသဘာဝက အဲဒီလိုပဲတဲ့။ securityအလုပ်ဆိုတာ လူတွေနဲ့  မရင်းနှီးလေ ပိုလုံခြုံလေတဲ့။ သိပ်ကြီးမကျေနပ်သေးဘူး။ ပြီးခဲ့တဲ့လက ဒီရုံးကို securityလူကြီး အသစ်တယောက် ရောက်လာတယ်။ လုံခြုံရေးကို မျက်ခြေမပြတ်တဲ့ အပြင် လူတွေကို ပြိုင်တူကူညီတတ်တာ ချီးကျူးစရာ။ ဓာတ်လှေကားနားမှာ တာဝန်ကျရင် ကျန်တဲ့သူတွေလို ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ရပ်မနေဘူး။ မနက် ရုံးတက်ချိန်လူတွေ အပေါ်ထပ်တက်မှာ များတာမို့  ဓာတ်လှေကားအမြဲခေါ်ပေးထားတာ။ ကျောင်းပို့ ရမယ့် ကလေးတွေနဲ့ အမေတွေဆို တံခါးကို ပြေးဖွင့်ပေးသေးတယ်။ အဓိကက စေတနာပေါ့နော်။ သူ့ ကိုတွေ့ လိုက်ရရင် အမြဲပြုံးပြီး စိတ်ချမ်းသာနေသလိုပဲ။ အပေါ်က ပြောခဲ့သလိုပေါ့။ ဒါမျိုးဆိုတာ တွန်းလို့ မရဘူး။ နှလုံးသားက အရင်းခံတာလေ။


ရုံးမှာ သန့် ရှင်းရေးလုပ်တဲ့ အန်တီကြီး ဟိုတလောက ပျောက်နေတော့ ကိုယ့်မှာ စိတ်ပူလိုက်ရတာ။ အစားထိုး အန်တီ့ကို မေးကြည့်တော့ ဆေးရုံတက်ရတယ်တဲ့။ H1N1 ကလဲ ဟိုတွေ့ ဒီတွေ့ ။ ဟိုလူရဲ့အသိကဖြစ်နေလို့ … ရုံးက ဖယ်ရီမောင်းတဲ့ ဒရိုင်ဘာကြီး ဖြစ်နေလို့ နဲ့ … ။ အတော်ကို များနေတော့ အန်တီအတွက် စိတ်ပူမိတယ်။ အန်တီက နှလုံးကို ကိုယ်ထဲမှာစက်ကလေးထည့်ပြီး ခုန်နေရသူ။ H1N1ကလဲ ရောဂါအခံရှိသူ ( သွေးတိုးအစ… အ၀လွန်သူအဆုံး) ဆိုကြောက်ရတယ်လို့  ဆိုတာကိုး။ ကိုယ်ကလဲ ကျန်းမာရေးဆို ကိုယ့်နယ်ပယ် မဟုတ်တော့ မကျွမ်းကျင်ဘူးလေ။ သတင်းစာမှာ H1N1ကြောင့် တယောက်သေရင် ဘေးမှာ အမြီးလေးနဲ့  ဘာရောဂါအခံရှိ (သို့ ) အ၀လွန် … ဒါမျိုးလေးတွေက ပါတတ်တော့...။ အန်တီ့အတွက် စိတ်ပူမိတာ ဆန်းလား။ အန်တီက ရုံးမှာ သန့် ရှင်းရေးလုပ်ရင် သူ့ အိမ်မှာ လုပ်နေသလိုပဲ။ စေတနာသိပ်ပါပြီး၊ သိပ်သပ်ရပ်တာ။ ပြီးရင် သူ့ မျက်နှာလေးက ချိုနေတာပဲ။ မြန်မာပြည်က ပြန်လာတော့ သူ့ ဖို့  ကျောက်စိမ်းလက်ကောက်လေး လက်ဆောင်ပေးတာ သူအရမ်းပျော်သွားတယ်။ သူက ကိုယ့်အတွက် သူ့ အိမ်က အပင်ပုပုလေးနဲ့  သားအတွက် ရေဗူးလေး လက်ဆောင်ပြန်ပေးတယ်။ အနေကြာလာတော့ ကိုယ့်အဒေါ်လို ခံစားလာရတာလေ။ နောက်တပတ် အန်တီပြန်လာတော့မှ အကြောင်းစုံသိရတယ်။ မူးလဲလို့ တဲ့။ သူ့ ခင်မျာ ခွင့်မရှိလို့  တပတ်ပဲ နားရတယ်။ ရင်ထဲမှာ မကောင်းဘူး။

ရုံးမှာ လူတွေတိုးလာလို့  နေရာအပြောင်းအလဲတွေ လုပ်တော့ ကိုယ့်ပြူတင်းလေးနဲ့  ကိုယ်ဝေးသွားတယ်။ ကိုယ့်နေရာကြီးက လမ်းဆုံလမ်းခွ ကွန်ပြူတာကြီး ချပြထားသလို ထင်းထင်းကြီး။ စိတ်တွေညစ်သာ။ နေရာတွေ ချတော့ ကိုယ့်အရာရှိက နေရာစီစဉ်သူ။ ဘာလို့ လဲ မသိဘူး အသားနဲနဲညိုတဲ့ ဒီနိုင်ငံသူ Indiaလူမျိုးနဲ့  India နိုင်ငံသား နှစ်ယောက်က ဟိုဘက် ကပ်ရပ်အခြမ်း ရောက်သွားတယ်။ အသားနဲနဲလတ်တဲ့ Indiaသူလေးကိုတော့ ဒီဘက်မှာပဲ ထားတယ်။ မိုက်ကယ်ဂျက်ဆင် သီချင်းသွားသတိရတယ်။ ကိုယ်လေ ဒါကြောင့် မျက်နှာသစ်လဲ whitening၊ သွားတိုက်လဲ whitening၊ ရေချိုးလဲ whitening ဆပ်ပြာနဲ့ ပဲ။ ကိုယ်က အညာသူမိုလား။

ခုတလော အသိ မြန်မာကလေးလေးတွေ အတန်းထဲမှာ ထိပ်ဆုံးက နေရာရနေတာ ဆက်တိုက်ကြားနေရတော့ ၀မ်းသာလိုက်တာ။ ဘလော့ဂါဘော်ဒါကြီးကိုပေါ သမီးလေးက သူတို့ အတန်းမှာ (prefect)ဘက်စုံစံပြကျောင်းသူတဲ့။ ကိုယ့်သူငယ်ချင်းသားလေးက PSLE အမှတ်ကောင်းလို့  အတန်းခုန်တက်ရတဲ့ ကျောင်းကို ရသွားတယ်တဲ့။ အမျိုးသားရဲ့တူလေးနဲ့  အဆင့်တစ်လုနေရတဲ့ ကောင်မလေးကလဲ မြန်မာမလေးဆိုပဲ။ ကိုယ့်ဆရာမသမီးလေးဆို တော်လွန်းလို့  တတန်းလုံးက ဒီနိုင်ငံကသူတွေက ၀ိုင်းမနာလိုတာ ခံရတဲ့အထိပဲတဲ့။ ကလေးတွေက မျက်နှာလေးမော့ပြီး ငါကမြန်မာလို့  ဂုဏ်ယူတတ်ကြပြီ။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲ… ဟုတ်ပါဘူး။ ဒီတွင် ဟိုဟိုဒီဒီ ပြီးပါပြီ။ စကားမစပ်… တခုကျန်တာသေးတာက….ဒီနိုင်ငံထုတ် မြန်မာမဂ္ဂဇင်းလေးတွေ ထွက်လာတာ ၀မ်းသာစရာ။ မျက်နှာဖုံးရှင်လေးတွေကလဲ လှလိုက်တာ။ အမှတ်တမဲ့ ကြည့်ရင် နိုင်ငံခြားမင်းသမီးလေးတွေအတိုင်း။ တခုပဲ စိုးရိမ်မိတယ်။ ဒီကရှေ့ လျှောက် Flu Seasonဆိုတော့ သူတို့  အအေးမိမှာကိုပါ။

တန်ခူး
4:12pm 31-Aug-2009

Thursday, August 27, 2009

ကျွန်တော်ပြောချင်သော ပန်းပွင့်လေးများအကြောင်း



ပုံကို ဒီနေရာမှယူပါတယ်

တွေ့ လိုက်တိုင်း ရင်ထဲကို ဆွတ်ပျံ့ ညွှတ်နူးသွားအောင် တတ်နိုင်လွန်းတဲ့ ပန်းကလေးတွေ ကျွန်တော့်ရင်ထဲမှာ အများကြီး ပွင့်ခဲ့ဖူးတယ်ဆို ပိုလွန်းရာများကျမလား…
တကယ်တော့ အဲဒီပန်းလေးတွေကို မတို့ ရက်..မထိရက်… ဟိုဝေးဝေးကသာ ငေးခဲ့ရတာမို့ … ပန်းလေးတွေတောင် သိပါ့မလားပဲ…
ပန်းလေးတွေကို အိပ်မက်မက်ခဲ့ဖူးတယ်…
ပန်းလေးတွေက ကာရံချိုချိုကဗျာတွေ ဖြစ်ခဲ့ဖူးတယ်…
ပန်းလေးတွေကြောင့်ပဲ စွယ်တော်မြေက ကျွန်တော့်နေ့ ရက်တွေ အရောင်စုံ စိုပြေလှပခဲ့တာ…
ခုချိန်ထိ… တမ်းတမိနေတုန်း… လွမ်းမိနေတုန်း… ရနံ့ သင်းပျံ့ နေတုန်း… ဆွတ်ပျံ့ ညွှတ်နူးနေတုန်း…

*************

စံပယ်တပွင့်  (သို့ ) မနှောင်းခင်ခင်

ပြောလက်စ စကားတွေ ရပ်တန့် သွားအောင်… အသက်ခဏရှုဖို့ မေ့လျော့သွားအောင်… လောကကြီးမှာ သူတယောက်ပဲ ရှိတယ်လို့  ထင်မှတ်မှားလောက်အောင်… စတွေ့ တဲ့နေ့ ကပဲ သူက ကျွန်တော့်ကို ဖမ်းစားခဲ့တာပါ… သူ့ ကိုစတွေ့ တော့ ကျွန်တော့်အခန်းနံရံ နေရာများများမှာ နေရာယူထားတဲ့ ပိုစတာမင်းသမီးလေး ဖိုဘီကိတ် ရန်ကုန်စက်မှုတက္ကသိုလ်မှာ လာများတက်နေတာလားလို့  သံသယဖြစ်လောက်အောင် သူရဲ့ မျက်ဝန်းနက်နက်လေးတွေကအစ မျက်နှာဖြူသွယ်သွယ်လေး အလယ် ဆံပင်ပျော့ပျော့လေးအဆုံး အားလုံးတူနေတော့တာ… လှတယ်ဆိုတာထက် ချစ်စရာကောင်းတယ်… ရင်ကိုအေးမြစေတယ်… အခြယ်အသကင်းတဲ့မျက်နှာလေးက ဘာလို့ များ ဒီလောက်စွဲမက်စရာ ကောင်းနေပါသလဲကွယ်… သူလေးနဲ့ လိုက်ဖက်အောင် သူ့ မိဘတွေပေးတတ်လွန်းတဲ့ နာမည်လေးက မနှောင်းခင်ခင်တဲ့… ချစ်တယ်… နာမည်လေးကအစ… တွေ့ လိုက်တိုင်း ကျွန်တော့်ရင်ကို အေးမြငြိမ်းချမ်းစေလို့  ကျွန်တော် သူ့ ကို တိတ်တိတ်လေးခေါ်တဲ့ နာမည်လေးက စပယ်တဲ့… စပယ့်ကိုတွေ့ ရင် သတိလက်လွတ်ငေးတတ်လွန်းလို့  သူငယ်ချင်းတွေက စ ကြတဲ့အထိ… ဒါပေမယ့် ကံကြမ္မာက ရက်စက်တယ်… ဘာကြောင့်များ စပယ့်ကို ငေးကြည့်ခွင့်လေး တနှစ်သာပေးခဲ့ရသလဲ… စပယ်ကျောင်းပြီးသွားတော့ ကျွန်တော်ရင်ထဲ ဟာတာတာကြီး… အဲဒီဟာတာတာကြီးက ယနေ့ ထက်ထိဆို စပယ် ဘာများမှတ်ချက်ပေးဦးမလဲ… အရောင်လျော့ ဟောင်းနွမ်းနေတဲ့ ပိုစတာတွေက ကျွန်တော့် အခန်းနံရံမှာ ခုထိရှိနေတုန်းပါ… လွမ်းတယ်…မနှောင်းခင်ခင်ရယ်

*************

နှင်းဆီနီနီ (သို့ ) မအေမာမျိုးသိန်း

သူ့ ဆံပင်တွေကတဆင့် သူ့ ကို စ သတိထားမိခဲ့တာ… အဲဒီလောက်လှတဲ့ ဆံပင်တွေ ကျွန်တော့်ဘ၀မှာ တခါပဲတွေ့ ခဲ့ဖူးတယ်… အဲဒီဆံပင်ရှည်ရှည်ထူထူတွေနဲ့ လိုက်ဖက်တဲ့ မျက်နှာလေးကို သူက ပိုင်ဆိုင်ထားတယ်… သူ့ အလှက အနောက်တိုင်းဆန်တယ်… အပြုံးအရယ်နဲတဲ့ သူ့ မျက်နှာလေးက ကျွန်တော့်ကို ယစ်မူးစေတယ်… ကျွန်တော်လေ အိပ်မက်ထဲမှာ သူ့ ဆံပင်တွေ ခိုးနမ်းဖူးတယ်…သူက နှင်းဆီနီနီတပွင့်လို လှသွေးကြွယ်လွန်းသူ…သူမို့ လှမ်းလာရင် ကျွန်တော်ခြေလှမ်းတွေ ဦးတည်ရာမဲ့သလို မတည်မငြိမ်နဲ့ … သူ့ နံဘေး သူ့ ကို ငေးကြတဲ့ မျက်ဝန်းတွေနဲ့  ကျွန်တော်က ခဏခဏ ခလုပ်တိုက်မိတယ်… သတင်းကြီးတဲ့နှင်းဆီနီနီလေးနာမည်က အေမာမျိုးသိန်းတဲ့… မလှမ်းဝံ့တဲ့ ခြေရာတစုံကို နှင်းဆီနီနီလေးကတော့ ရိပ်မိမယ် မထင်ပါဘူး… ကျွန်တော်လေ သူ သုံးနေကျ အဖြူရောင်ဘီးလေးဖြစ်ရရင် တော်ပါပြီ… နှင်းဆီနီနီလေးက နှုတ်မဆက်ပဲ ဟိုးအဝေးကို ထွက်ခွာသွားတယ်… ပျောက်လို့  အရူးအမူးရှာလိုက်ရတာဗျာ… သူငယ်ချင်းတွေကပြောတယ်… သူနိုင်ငံခြားကို ထွက်သွားတာတဲ့… ကျွန်တော် သူ့ အတွက် တိတ်တိတ်ဝယ်ထားတဲ့ အဖြူရောင်ဘီးလေး တစစီကျိုးသွားတယ်… ဆံပင်ရှည်ရှည် ကောင်မလေးတွေ တွေ့ ရင် သူများလားလို့  လိုက်ငေးမိတုန်းပါ မအေမာမျိုးသိန်းရယ်

*************

ကံကော်ပွင့်လေး (သို့ ) မချိုနွယ်ထွန်း

နွေးအေးမှာ ထိုင်နေတုန်း သူငယ်ချင်းတယောက်က အရမ်းလှတဲ့ ကံကော်တပွင့်ကို လှမ်းပြခဲ့တာ… ယောင်ယမ်းပြီး လဘက်ရည်ပူပူတွေ ပါးစပ်ထဲ လောင်းချမိတဲ့အထိ သူ့ အလှက ထူးခြားလွန်းတယ်… လှတယ်… ချောတယ်… ချစ်စရာကောင်းတယ်… ယဉ်တယ်… ခပ်သွက်သွက်လျှောက်တတ်တဲ့ ခြေလှမ်းတွေနောက်မှာ ကျွန်တော့်နှလုံးသား တွယ်ငြိပါသွားတယ်… မျက်နှာလေးက မပြုံးလဲ ချိုနေတယ်… နာမည်နဲ့ လိုက်ပါဘိ မချိုနွယ်ထွန်းရယ်… ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ဇာတ်လမ်းတပုဒ် ကြားဖူးတယ်… ကျွန်တော်တို့  ကျောင်းက နာမည်ကြီးအဆိုတော် တယောက်တောင် သူငြင်းပစ်ခဲ့လို့  အသဲကွဲဖူးတယ်တဲ့… လှချင်တိုင်းလှရက်နေတဲ့ ဟိုးထိပ်ဖျားမှာ ပွင့်နေတဲ့ ကံ့ကော်တပွင့်လိုပါပဲ… ကံ့ကော်ပွင့်ဖတ်လေးလို သူ့ ပါးလေးတွေက ဖြူနုနေတယ်… သူ့ ဘေးနားက ဖြတ်သွားရင်တောင် ကံ့ကော်ရနံ့ လေး ရလိုက်သလိုပါပဲ… ညညဂီတာတီးတော့ စိတ်ကူးထဲမှာ အရပ်မြင့်မြင့်နဲ့  သူလေး… ဒီလိုနဲ့  ငေးလိုက်…ဆွေးလိုက်…လွမ်းလိုက်နဲ့  တိတ်တိတ်လေး ကြွေရတဲ့ ဘ၀က ရာထူးမတက်ခင် ကျွန်တော့်ကံ့ကော်လေး ကျောင်းပြီးသွားတယ်… ကျွန်တော့်ဒိုင်ယာရီကြားထဲက ကံ့ကော်တပွင့် ခုထိ မညှိးခြောက်သေးဘူးဆို အံ့သြသွားမလား မချိုနွယ်ထွန်းရယ်

*************

ဇလပ်ဖြူ (သို့ ) မကြည်မြင့်သွင်

သူ့ ကို တွေ့ တိုင်း ယဉ်တကိုယ်မယ် သီချင်းကို တိုးတိုးညည်းမိတယ်… ကောင်းခြင်းငါးဖြာနဲ့  ပြည့်စုံလွန်းတဲ့ အလှပိုင်ရှင်က မြို့ ပြက ကွင်းတဲ့… မေဂျာတောင် ပြောင်းချင်တဲ့အထိ ကျွန်တော် ရူးသွပ်သွားတယ်… ထမီရှည်ရှည်ဝတ်တတ်တဲ့ သူ့ စတိုင်လေးက တမျိုးချစ်ဖို့ ကောင်းတယ်… သူ့ အသားလေးက ဇလပ်ပန်းလေးတွေလို ဖြူစိုဝင်းမွတ်လွန်းလို့  ကျွန်တော့် ကဗျာထဲမှာ ဇလပ်ဖြူလို့  သူ့ ကို နာမည်ပေးခဲ့တယ်… သူထိုင်နေကျ ထိုင်ခုံလေးပေါ်မှာ ကဗျာလေးတွေ တိတ်တိတ်သွားရေးခဲ့ဖူးတယ်…သူသတိထားမိခဲ့သလား…ပြန်တွေ့ ခဲ့ရင် မေးကြည့်ချင်ပါရဲ့ ဇလပ်ဖြူ… သူနဲ့ ပတ်သက်ရင် လှိုင်းတွန့် လေးတွေ အနဲငယ်ပါတဲ့ ဆံပင်ပျော့ပျော့လေးတွေရယ်… ချစ်စရာကောင်းလွန်းတဲ့ နှုတ်ခမ်းပါးပါးလေးတွေရယ်…ခြေဖမိုးဖြူဖြူနုနုလေးတွေကအစ ယနေ့ ထိ မေ့လို့ မရသေးပါ… စက္ကူမြှားပေါ် ကဗျာလေးတွေရေး သူလွယ်နေကျ ကချင်လွယ်အိတ်လေးထဲကို ထည့်ဖို့  အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး ဇလပ်ဖြူရယ်…အတန်းမတက်ပဲ မြို့ ပြအတန်းကို လှမ်းမြင်ရမယ့် ကော်ရစ်ဒါမှာ ကျောက်ချထားတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ ဆဲယူရတဲ့အထိပါပဲ… ထုံးစံအတိုင်း သတ္တိနဲတဲ့ ကျွန်တော့်အတွက် အဖြေကို သူကိုယ်တိုင်ပေးခဲ့တယ်… နေနဲ့ လ… ရွှေနဲ့ မြ ကျွန်တော့် ချစ်သူရဲ့ ချစ်သူကို ကျွန်တော်က အားကျစွာ ငေးနေရုံမှအပ… ဘာများတတ်နိုင်ဦးမလဲလေ… မရှက်တမ်းဝန်ခံရရင် တွေ့ ချင်သေးတယ် မကြည်မြင့်သွင်…

*************

Kiss me Quick (သို့ ) မ၀င်းရွှေသွေး

မိုးပျံတံတားပေါ်မှာ နောက်နားက ကပ်ပါလာတဲ့ ဒေါက်ဖိနပ်သံလေးကြောင့် နောက်လှည့်ကြည့်မိတဲ့ တခဏ ကျွန်တော် အပြင်းအထန်ရောဂါ ရသွားခဲ့တာပါ…သူ့ လောက် ချစ်စရာကောင်းတဲ့သူတောင် သူ့ လိုချစ်စရာကောင်းမယ် မထင်ပါဘူး… နားကြားထဲမှာ ပန်ထားတဲ့ ပန်းသေးသေးလေးကို ကျွန်တော် မနာလိုလိုက်တာ… ကလေးလေး တယောက်လို ဆတ်တောက် ဆတ်တောက် လမ်းလျှောက်ဟန်လေးကိုက သိပ်ချစ်စရာ ကောင်းနေတော့တာ… ကျွန်တော့်ခြေလှမ်းတွေက အားစိုက်စရာမလို သူ့ နောက်ကို အလိုလို လိုက်ပါသွားတာ… ခရေပင်လမ်းကို ရောက်တော့ အရုပ်ကလေးတရုပ်လို ကလေးလေးတယောက်လို ချစ်စရာကောင်းတဲ့ သူ့ လက်ကလေးသာ ကိုင်တွဲ အတူလျှောက်လှမ်းလိုက်ချင်တယ်… သူ့ သူငယ်ချင်းမလေးက သူ့ ကို လှမ်းနှုတ်ဆက်လိုက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ နာမည်တခု ရင်ထဲမှာ စွဲသွားတယ်… မ၀င်းရွှေသွေးတဲ့… မျက်နှာနုနုလေးနဲ့  လိုက်ဖက်လိုက်တဲ့ နာမည်လေးနော်… ကားပတ်ကင်ရောက်တော့ သူ့ ခြေလှမ်းတွေ ရပ်သွားတယ်… နောက်ကလိုက်လာတဲ့ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတော့ သူငယ်ချင်းတယောက်ကို စောင့်သလိုလို မယောင်မလည် လုပ်မိတယ်… ကန်တင်းသွားဖို့  သူ့ သူငယ်ချင်း တယောက်ယောက်ကို စောင့်နေတယ် ထင်တယ်… ဘေးစောင်းမြင်နေရတဲ့ မျက်နှာလေးကို ခိုးကြည့်လို့ မှ မ၀သေး ချိုမြသွားတဲ့ သူ့ အပြုံးလေးကြောင့် သူစောင့်နေတဲ့ သူငယ်ချင်းဆီ ကျွန်တော်ပါ အကြည့်ရောက်သွားတယ်… ကျွန်တော် ထင်သလို မိန်းခလေးတယောက် ဟုတ်မနေခဲ့ပါ… ကျွန်တော့်မျှော်လင့်ချက်တွေက ဟိုးမြက်ခင်းပြင်ပေါ်မှာ… လက်ကလေး ယုယုယယ တွဲပြီး ကန်တင်းဘက်ထွက်သွားတဲ့ သူတို့ ကို ကြည့်ပြီး မစခင် ဆုံးသွားတဲ့ ကျွန်တော့်ဇာတ်လမ်းလေး အတွက် ကြေကြေကွဲကွဲ… အိုး… ခုနက သူ့ နားကြားထဲမှာ ပန်ထားတဲ့ ပန်းသေးသေးလေး ကျနေခဲ့ပါရောလား… ပန်းရောင်ပန်းသေးသေးလေးကို တမြတ်တနိး ကောက်ယူမိလိုက်တယ်… ပန်းလေးနာမည်က အမြန်နမ်းပါ… kiss me quick တဲ့… တိုးတိုးသွားတဲ့ ဒေါက်ဖိနပ်သံလေးနဲ့ အတူ… အဲဒီအလွမ်းတွေ ခဏခဏ အသစ်ပြန်ပြန်ဖြစ်တတ်တယ် မ၀င်းရွှေသွေးရေ…

*************

တကယ်တော့ အဲဒီနောက်ပိုင်း ကျွန်တော့်ရင်ထဲ ပန်းတွေ အများကြီး ထပ်ပွင့်ခဲ့သေးတာပါ… နောက်ကြုံမှ ဆက်ပြောတာပေါ့ဗျာ… ခုလောလောဆယ် ဒီပန်း ၅ပွင့်ကို ခဏလွမ်းပါရစေဦးဗျာ…

*************
မောင်လေး ရွာသားလေးက တက်ဂ်တာ ပန်း ၁ ပွင့်ထဲပါ… ကျွန်မက ပန်း၅ပွင့်ရေးလိုက်တာပါ… ကဲ… ရွာသားလေးရေ… အမမှာ ပန်းပွင့်တွေ အများကြီးရှိတယ်ဆိုတာ ယုံပြီလား… ဒါတောင် ရင်းနှီးတဲ့ ပန်းပွင့်တွေ ခေါင်းခေါက်ခံရမှာ စိုးလို့  ချန်ထားတာ…တက်ဂ်ဖို့  သတိတရရှိတဲ့အတွက် ကျေးဇူးပါနော်… RITမှာတုန်းက ကျွန်မငေးမောခဲ့ရတဲ့ အရမ်းလှတဲ့ အမကြီးတွေကို နာမည်အရင်းတွေ ယူပြီး ပန်းပွင့်လေးအဖြစ်ဖန်ဆင်းထားတာပါ… ကျွန်တော်ဆိုတဲ့ ယောင်္ကျားလေးဇာတ်ကောင်က အပြင်မှာ တကယ်မရှိပဲ ကျွန်မ ပူးဝင်ခံစားဖို့  ဖန်တီးထားခြင်းပါ… တော်ကြာ ချစ်မမတွေရဲ့ အကိုကြီးတွေက ကျွန်တော် ဘယ်ကောင်လဲ ဆို သတ်ချင်နေမှာမိုလို့  ကြိုပြောထားတာပါ… ကျွန်မရဲ့ ချစ်သော ပန်း၅ပွင့်လုံးကို ကြိုတင်ခွင့်မတောင်းပဲ (သူတို့ ဘယ်ရောက်နေမှန်းကို မသိတာပါ) နာမည်ရင်းတွေ ယူရေးမိတာကို စိတ်ဆိုးခဲ့ရင် ကိုယ့်ညီမလေးက ချစ်လွန်းလို့  ရေးတာလို့  ခွင့်လွှတ်လိုက်ပါနော်…

တက်ဂ်ဂိမ်းတို့  ထုံးစံ ထပ်တက်နေကျပေမယ့် ကိုယ်တောင် အတော် ဦးနှောက်စားရတဲ့ အကြောင်းအရာရွေးချယ်မှုမှားသွားရင် အိမ်ကလူနဲ့  ပြဿနာတက်ကိန်းရှိတဲ့ ဒီတက်ဂ်ဂိမ်းကို ဘယ်သူ့ မှ ဆက်မတက်ဂ်တော့ပါဘူး… ရွာသားလေးရေ… နောက်တခါ အဲလို ခက်ခက်ကြီှးှဆို တို့ ကို ရှောင်သွားနော်…

တန်ခူး
12:39pm 27-Aug-2009

Tuesday, August 25, 2009

သားနဲ့ Birthday Theme


သား ဦးလေး ကျွန်မမောင်လေး ငယ်ငယ်က သင်္ကြန်ဖြစ်ဖြစ်၊ သီတင်းကျွတ်ဖြစ်ဖြစ် ထူးထူးဆန်းဆန်း ရေကစားစရာ၊ မီးထွန်းစရာ တနှစ်နဲ့ တနှစ်မတူအောင် ပူဆာတတ်ပါတယ်။ ငယ်ငယ်လေးနဲ့  ဒီနှစ်တော့ သင်္ဘောပုံ မီးပုံးတွန်းချင်တယ်၊ ဒီနှစ်တော့ သေနတ်ပုံရေပြွတ်အကြီးကြီးဆော့ချင်တယ် ဒါမျိုးပူဆာတိုင်း အဖေနဲ့ အမေက ၀ယ်ပေးနေကြပါ။ သူ့ ကစားစရာဆို အားလုံးက ငေးရရင် သူက မြောက်ကြွမြောက်ကြွနဲ့  ပျော်နေတတ်တာမျိုး။ ဒီနေရာမှာ သားက သူ့ ဦးလေးနဲ့ တူတယ်ဆိုရပါမယ်။ သူ့ မွေးနေ့ အတွက် ကိတ်မုန့် ကို သူကိုယ်တိုင် စဉ်းစားတတ်ပါတယ်။ တနှစ်နဲ့ တနှစ် မတူတဲ့ ကိတ်မုန့် ဖြစ်မှပါ။ ကျွန်မတို့ က သူ့ ကို စမ်းချင်တာနဲ့  အရင်နှစ်ကနဲ့  ဆင်တူပြရင် သူက မှတ်မိပါတယ်။

သားစကားစပြောတတ်ခါစက စပြောတဲ့စကားက အဖေလဲမဟုတ်၊ အမေလဲ မဟုတ်ပါဘူး။ train train တဲ့။ ဟိုးငယ်ငယ်လေး ကတည်းက ရထားလေးတွေ ချစ်တတ်သူပါ။ သူ့ မွေးနေ့ ကိတ်၊ သူ့ မွေးနေ့ အကျီင်္ကလဲ ရထားပါမှ။ Thomas က သူရဲ့ အသည်းစွဲပေါ့။ Thomas ကိတ်ကို တနှစ်နဲ့ တနှစ် ဒီဇိုင်းမတူမှ ကြိုက်ပါတယ်။ အိမ်မှာလဲ ရထားကစားစရာတွေက တခြားကစားစရာထက် ပိုများပါတယ်။ မနှစ်ကအထိ သူ့  birthday themeက ရထားပါပဲ။

ဒီနှစ် နှစ်စပိုင်း ကတည်းက သူ့ မွေးနေ့ ကိတ်မုန့် ကို စဉ်းစားရတာ အမောပါ။ ရထားလိုချင်လား မေးရင် မလိုချင်တော့ပါဘူး။ Ben 10 ရောဂါထတုန်းက Ben 10 cake။ ကျွန်မမယ် အတော် ဦးနှောက်စားရပါတယ်။ ဘယ်ကိတ်မုန့် ဆိုင်မှာမှ Ben 10 မရှိတော့ ဒီမှာရှိတဲ့ ကိုယ့်ဘာသာ ပုံဖော်လို့ ရတဲ့ ကိတ်မုန့် ဆိုင်မှာ Ben 10 ဆိုတဲ့ စကားလုံးလေး ရေးပေးမယ်လို့  စိတ်ကူးထားရပါတယ်။ နှစ်လလောက်ကြာတော့ အချွှန်အတက်တွေနဲ့  ပုံဆိုးပန်းဆိုး Bionical Robot အရုပ်တွေကို အသဲအသန်ကြိုက်ပြန်တော့ ကိတ်မုန့် အတွက် အကြံအိုက်ရပြန်ပါတယ်။

မွေးနေ့ ရောက်ဖို့  ၃လလောက် အလိုမှ ဒီနှစ် birthday themeက ဆုံးဖြတ်ချက် ကျပါတော့တယ်။ Transformer ပါတဲ့။ Transformer မှာတောင် သူအကြိုက်ဆုံး Optimus Prime မှ။ မွေးနေ့ မရောက်ခင် ကိတ်မုန့် ဆိုင်မှာ Transformer ကိတ်မုန့် မှာလို့ ရတယ်ဆိုမှ တော်သေးရဲ့ပေါ့။ အကျီ်င်္လဲ Optimus Primeဆိုတော့ အတော်ရှာယူရပါတယ်။ နောက်ဆုံး ပြည့်စုံသွားမှ သူ့ ဆန္ဒအတိုင်း လုပ်ပေးလို့ ရပြီဆို ၀မ်းသာမိပါတယ်။ Optimus Prime သားသားကို သူ့ အဖေက ပေးတဲ့ မွေးနေ့ လက်ဆောင်ကလဲ Optimus Prime အရုပ်ပါပဲ။ သူ့ birthday themeအတိုင်း အိမ်မှာရော၊ ကျောင်းမှာပါ မွေးနေ့ ပွဲဆင်နွှဲရတော့ ပျော်နေတဲ့ သူ့ အပျော်တွေက ကိုယ့်ဆီပါကူးစက်ပါတယ်။

နောင်နှစ်ကျတော့ ဘာ birthday theme ဖြစ်မယ်မသိပါဘူး။ အရင်အလုပ်က ကျွန်မဘော့စ်ပြောတဲ့ စကားလေးကို ပြန်ကြားယောင်မိပါတယ်။ primary 3 ရောက်တဲ့အထိ ကျောင်းကပြန်လာရင် ချိုဘူးကြီးနဲ့ နို့ စို့ နေတဲ့ သူ့ သားလေးကို ချစ်လို့ မ၀လို့  ချိုဘူးကြီး မဖြတ်ပါဘူးတဲ့။ ကျွန်မကလဲ ခု Optimus Prime နဲ့  မွေးနေ့ ပွဲဆင်နွှဲနေတဲ့ သားကို ကြည့်ပြီး ရထားလေးတွေချစ်တတ်တဲ့ ၄နှစ်သား သားပုံရိပ်လေးကို လွမ်းမိပြန်တယ်။ အမြန်လူလားမြောက်ချင်ပေမယ့်လဲ ရင်ခွင်ထဲ ထွေးပွေ့ ချစ်လို့ ရသေးတဲ့ ကလေးလေးဘ၀ကိုလဲ တွယ်တာမိပြန်တယ်လေ။ အိမ်ပြန်တိုင်း ကျွန်မသွားချင်တဲ့နေရာကို စိတ်ရှည်လက်ရှည် လိုက်ပို့ တတ်တဲ့၊ ကျွန်မစားချင်တဲ့ အစားကို မညီးမညူ ၀ယ်ကျွေးတတ်တဲ့၊ ကျွန်မအတွက် ခုထိ အကျီင်္လေးတွေ လိုက်ရွေးပေး၊ အုန်းဆီလိမ်းပေး ကလေးလို ပြုစုတတ်တဲ့ အဖေ့ကိုလဲ လွမ်းမိပါတယ်။

(19-Aug-2009 က ၅နှစ်ပြည့်သွားတဲ့ သားလေးမွေးနေ့ အမှတ်တရ)
တန်ခူး
9:25pm 25-Aug-2009

Friday, August 14, 2009

နွယ်လိုလူ


ပုံကို ဒီနေရာမှယူပါတယ်။

“နီးစပ်ရာကို မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်ပင်လေးတွေကို ငါက ချစ်ပေမယ့် နီးစပ်ရာကို စည်းမဲ့ကမ်းမဲ့ မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်နဲ့ တူတဲ့လူတွေတော့ ငါသိပ်မုန်းတယ်”

**************************
နွေ

ကံ့ကော်တွေ တပွေ့ ကြီးနဲ့  ကားပေါ်က ဆင်းလာတဲ့ လူတယောက်ကို အတွေ့ မှာ နင်ကံမကောင်းဘူးနွေရယ်လို့  ငါတယောက်ထဲ ညည်းမိတယ်နွေ။ ကံ့ကော်တွေကို ငါချစ်ပေမယ့် ငါမမြင်ချင်ယောင်ဆောင်လိုက်တယ်။ တဆက်တည်း နံဘေးက သူသူ့ ကို တားမလို့ လုပ်တော့…။

“ဟယ်… ကံ့ကော်တွေ… ကံ့ကော်တွေ… ရာဇာ အဲဒါဘယ်သူ့ အတွက်လဲဟင်”

ဆောရီးပါနွေ။ ငါ သူသူ့ ကို အချိန်မှီ မတားလိုက်နိုင်တာအတွက်။ ကိုယ့်ရီးစား ကျောင်းမလာမှာ အသေအချာသိပါလျက်နဲ့  ဒီကံ့ကော်ပန်းတွေကို ဘာကြောင့်များ ယူလာရတာလဲဆိုတဲ့ မေးခွန်းကို ငါ ရူးရူးမိုက်မိုက် မမေးသင့်ဘူးနော်။ ပြီးတော့ နင်မနက်က ငါ့ကို ဖုန်းဆက်ပြောတဲ့ စကားတွေ သတိရမိတယ်။

(“ညက ရာဇာ အဆောင်ရှေ့ မှာ သီချင်းလာဆိုတယ်ခိုင်… ထူးထူးခြားခြား တပုဒ်ထဲဆိုပြီး သူပြန်သွားတယ်… ဘာသီချင်းဖြစ်မယ်လို့ နင်ထင်လဲဟင်… အခါလွန်မိုးတဲ့… ဘာမှမဆိုင်ဘူးနော်…ငါ့အတွက်လာဆိုတာလို့ ထင်ရလောက်အောင် ငါကမရူးသေးဘူးဟာ… ခဏကြာတော့ သူသူ့ ဆီက ရှိုက်သံကြားတယ်…တကယ်တော့ရာဇာက နင်ပြောနေကျ နွယ်လိုလူပဲဟ…ဒီနေ့ ငါကျောင်းမလာဘူးလို့ သူ့ ကို ကြိုပြောထားတယ်…ဘာတွေဖြစ်မလဲ… နင်စောင့်ကြည့်ခိုင်…အဲလိုလူမျိုး မလွမ်းတတ်အောင် ကျင့်လိုက်ဦးမယ်ဟာ”)

“နင်တို့ အတွက်ပေါ့ဟ… ခိုင် ဘယ်လိုလဲ နင်က ကျောက်ရုပ်ကြီးကျနေတာပဲ”

“အဲဒီပန်းတွေ အကုန်ငါ့ကိုပေး…မနက်ဖြန်ထိခံအောင် အရိုးလေးတွေ ရေစိမ်ထားလိုက်မယ်…ပြီးတော့မနက်ဖြန်ကျ နွေ့ ကိုပေးလိုက်မယ်”

နှစ်ယောက်လုံး အသံတိတ်သွားတော့ ငါရယ်ချင်သွားတယ်နွေ။ ရာဇာရဲ့ ရီဝေေ၀အကြည့်တွေ အောက်မှာ သူသူက ကြေကြေကွဲကွဲ။ ငါမုန်းလိုက်တာနွယ်ရယ်။ ငါနဲ့ နင် လှည်းတန်းကျူရှင်နောက် တကောက်ကောက်လိုက်ပြီး နင်ကြွေအောင် ငိုပြတတ်တဲ့ ရုပ်ကလေးကို ငါကကြားထဲက သနားပြီး ထောက်ခံမိခဲ့တာတွေ ပြန်တွေးပြီး ယူကျုံးမရဖြစ်မိတယ်။ ငါရယ်၊ နင်ရယ်… ပြီးတော့သူသူရယ်… အဲဒီကတည်းက သူငယ်ချင်းအရင်းကြီးတွေ။ တကယ်ပဲ သူသူ့ ကို စိတ်ဝင်စားခဲ့ရက်နဲ့  နင့်ကို ချဉ်းကပ်ခဲ့တာဆိုရင် သူက သွက်သွက်ခါအောင် ရူးနေပြီဟ။

“ငါဗိုက်ဆာတယ်… ကန်တင်းသွားရအောင်ဟာ”

“အိုကေ… ဘာစားချင်လဲပြော”

“နင်တို့ ပဲသွားတော့… ငါတော့မဆာဘူး”

ပျော်သွားကြတဲ့ မျက်နှာတွေနဲ့  သွက်လက်တဲ့ခြေလှမ်းတွေကို ငါမျက်နှာလွှဲလိုက်တယ်။ ဒီညနင်ဖုန်းဆက်ရင်တော့ နင်ကစလို့  ခပ်ရှုပ်ရှ ပ်နွယ်ပင်တွေ ဖြတ်ပစ်လိုက်တော့လို့  ငါပြောဖြစ်တော့မယ် ထင်ပါရဲ့ဟယ်။

**************************
ဝေ

“နင်ကနွယ်လိုလူလား… သူကနွယ်လိုလူလား… ဒါကတော့ နင်တို့ ၂ယောက်ပဲ သိမပေါ့ဝေ…”
“သူ့ ဘ၀က သနားစရာပါခိုင်ရယ်…ရှင်လျက်နဲ့ သေနေရသလိုပဲ…သူ့ အမျိုးသမီးရဲ့မောက်မာမှုတွေကို သူ့ ခမျာလည်စင်းခံနေရတာပါ”

“အင်း…နင့်ရောဂါက အတော်ကြီးနေပြီဝေ… အရာရှိနဲ့ အတွင်းရေးမှူး နောက်ဆုံးကျ ငြိကြလေသတည်းဆိုတဲ့ အနေနီးစပ်မှုဒဏ်ကို မလွန်ဆန်နိုင်တဲ့ ခပ်ညံ့ညံ့သူတွေထဲ နင်ပါသွားတာ ငါဖြင့် ၀မ်းနည်းလိုက်တာဟာ”

“ငါတို့ ရဲ့ လေးနက်တဲ့အချစ်ကို အနေနီးစပ်မှုလို့ တော့ ခပ်ပေါ့ပေါ့ နာမည်မတပ်လိုက်ပါနဲ့ ခိုင်…တကယ်တော့ အချိန်ပါပဲ…သူနဲ့ ငါနောက်ကျမှတွေ့ ခဲ့ကြလို့ ပါ…ကံကြမ္မာက တကယ်နားလည်နိုင်တဲ့ ချစ်သူ၂ယောက်ကို ရက်ရက်စက်စက် နောက်ကျမှ တွေ့ စေခဲ့တာ”

ဝေရယ်။ ငါနင့်ကို မကယ်နိုင်တော့ဘူးလား။ ဆံပင်ရှည်ရှည်လေးနဲ့ နင့်မျက်နှာနုနုလေး။ ဘာကြောင့်များ သူများမိသားစုကို ဖျက်ဆီးတတ်တဲ့နွယ်တပင်ဖြစ်ချင်ရတာလဲ။ နင့်ကို တစ်ရှူးထုတ်လှမ်းပေးရင်း ပျော်ပျော်ရွှင်ရွှင်နဲ့  ဆိုင်ထဲဝင်လာတဲ့ မိသားစုဆီ အကြည့်ရောက်တော့ ငါ့အသက်ရှုတောင် ခဏရပ်သွားတယ်ဝေ။ အိုကေ… နင်အဲလို ခေါင်းလေးငုံ့  ဆံပင်တွေ အုပ်ပြီး ငိုနေပါဦးနော်။ သူတို့  ငါတို့ နဲ့ မနီးမဝေးနေရာယူတော့ ငါ့ရင်ထဲ ကြိတ်ဆုတောင်းတဲ့အတိုင်း နင့်ဇာတ်လိုက်ကြီးက ငါတို့ စားပွဲကို ကျောခိုင်းလို့ ။

“ကဲ…၀အောင် ငိုလိုက်ဝေ…ဟင်း…ဇာတ်လမ်းကပြီးခါနီးပါပြီ…ငါ့မယ် စိတ်ပူလိုက်ရတာဟယ်…ငါ့သူငယ်ချင်းရေတိမ်များနစ်တော့မလားလို့ ”

“ဘာတွေပြောနေတာလဲခိုင်”

“ရှူး…ဘယ်မှမကြည့်နဲ့ … နင်လုပ်ရမယ့်အလုပ်က နောက်နားလေးက မိသားစု စကားပြောတာ နားထောင်နေရုံပဲ…”

(“သက်လေး… ပါးစပ်ပျက်နေတယ်ဆိုလို့  ဒီခေါ်လာတာ ဘာစားမလဲကြည့်နော်”)

အံ့သြသွားလားဝေ။ အဲဒီအသံကိုတော့ နင်ဘယ်ရောက်ရောက် မှတ်မိနေတယ်မိုလား။ နင်လှည့်ကြည့်မယ်ဆိုတာ ငါသိပြီးသားမို့  နင့်ဆရာ ကြောခိုင်းနေတာပဲ ခပ်ကောင်းကောင်းနော်။

(“သားက ဖါလူဒါ”)

(“မီးမီးက ကိုဖီးလ်”)

(“ဟုတ်ပြီ… မှာပေးမှာပေါ့… မေမေကြီးလဲ ဘာစားချင်လဲ မေးကြဦးလေ”)

(“မောင်ကြိုက်တာသာ မှာပါတော့ မောင်ရယ်…”)

(“သက်ကလဲလေ…လေသံလေးကပျော့လိုက်တာ…ဒါပထမဆုံးကိုယ်ဝန်လဲမဟုတ်ပဲနဲ့ … ကလေး၂ယောက်တောင် မွေးဖူးထားတာကို… အစာတော့ အဟာရပြည့်အောင်စားရမှာပေါ့ မိန်းမရဲ့… အိမ်ထဲမှာနေ… ကလေးတွေ ဝေယျာဝစ္စ၊ ကိုယ့် ဝေယျာဝစ္စနဲ့  ကိုယ့်ဖို့ ကိုယ်လဲ ထည့်စဉ်းစားပါဦး မိန်းမရယ်”)

အိုး.. ဝေရယ်။ နင့်ခေါင်းတွေ ခါယမ်းပြီး နင့်နှုတ်ခမ်းတွေ ပြတ်လုမတတ် ဖိကိုက် နာကျင် ကြေကွဲနေရပြီနော်။ ရိုးရိုးယဉ်ယဉ်လေးနဲ့  ရှိသမျှရောင့်ရဲတင်းတိမ်ပုံရတဲ့ အမျိုးသမီးလေးကိုများ မောက်မာတယ်လို့  သူမို့ ပြောရက်ပလေ။ အဲဒါဟာ အကွက်ချလိမ်လည်မှုတခုပေါ့။

“ပြန်ရအောင်ခိုင်…ငါဆက်မကြားနိုင်တော့ဖူး”

“ခဏဝေ…ဒါက စင်္ကာပူမှာကျောင်းလျှောက်ဖို့ လျှောက်လွှာ…နင်ကစာတော်တာမို့  စကော်လာရဖို့ သေချာတယ်…အလုပ်ထွက်…ကျောင်းတက်ဖို့ အတွက်ပြင်ဆင်တော့”

“ကျေးဇူးပါခိုင်…ဒီနေ့ ကစလို့  ငါဟာနွယ်လိုလူ မဖြစ်စေရတော့ပါဘူး… ကတိပေးတယ်ဟာ”

**************************
ဆွေ

“နီးစပ်ရာကို မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်ပင်လေးတွေကို ငါက ချစ်ပေမယ့် နီးစပ်ရာကို စည်းမဲ့ကမ်းမဲ့ မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်နဲ့ တူတဲ့လူတွေတော့ ငါသိပ်မုန်းတယ်”

“ဘယ်လိုဆွေ…နွယ်လိုလူဟုတ်လား…တိုက်ဆိုင်လိုက်တာ သူငယ်ချင်းရယ်…ငါလဲအဲလိုတွေးမိတယ်သိလား”

“တီတီတီ”

“လာပြီခိုင်… ငါစပီကာဖွင့်ထားမယ်…နင်နားထောင်ကြည့်…နွယ်လိုလူတယောက်ကို ငါဘယ်လို ပညာပေးမလဲဆိုတာ”

“အိုး…စိတ်ဝင်စားစရာပါလားဆွေရေ…ကဲ… ဖုန်းကိုင်လိုက်ပါဦး”

“ဟယ်လို”

“ဆွေ”

“အေးပြော…ဘာကိစ္စလဲ”

“နင်နဲ့ ငါက ကိစ္စရှိမှပဲ ဆက်ရတော့မှာလားဆွေရယ်…သတိရလို့ ပါ”

ခွျှဲပျစ်ပျစ် စေးထန်းထန်းအသံကြောင့် နင့်မျက်နှာ တခုလုံး ရှုံ့မဲ့သွားတာ ငါကြိတ်ရယ်မိတယ်။

“ငါကတော့ နင့်လောက်မအားဘူးစည်သူ…အေး နင့်မိန်းမဆက်ခိုင်းတာဆိုရင်တော့ နင်နဲ့ ပြောစရာမလိုဘူး…သူ့ သာဖုန်းပေးလိုက်”

“သူမရှိပါဘူးဆွေရယ်…သူခရီးထွက်သွားတယ်…နင်အဲလို ပွင့်ပွင့်လင်းလင်း ပြောတတ်တာလေးတွေကို ငါက ခင်နေရတာ…ငါ့မိန်းမနင့်သူငယ်ချင်းဟန်နီက မြုံစိစိနဲ့ … ပြီးတော့ အနုပညာလဲမခံစားတတ်…တခါတခါ ငါစက်ရုပ်တယောက်နဲ့ အတူနေရသလိုပဲသိလား”

မြတ်စွာဘုရား။ မိန်းမခရီးသွားနေတုန်း မိန်းမအတင်းပြောပြီး မိန်းမသူငယ်ချင်းကို ဟိုလိုလို ဒီလိုလို နွယ်လိုငြိချင်သူပါလား။

“ဟဲ့…စည်သူ…နင်ချစ်လို့ ယူထားတဲ့ နင့်မိန်းမအရင်းခေါက်ခေါက်ကို နင်မို့ ဒီလိုပြောရက်တယ်…အဲလိုလူမျိုးငါက အထင်သေးတယ်သိလား…နောက်ပြီး တခါထဲ ပြောလိုက်မယ်…ငါနဲ့ နင် ဖုန်းပြောလောက်စရာ ဘာအကြောင်းမှ မရှိဘူး... နောက်တခါနင်ငါ့ကို ဘယ်တော့မှ ဖုန်းမဆက်ပါနဲ့ …ဟန်နီဖုန်းပဲ ငါကိုင်မယ်…နင့်ဖုန်းဆို ငါဘယ်တော့မှ မကိုင်ဖူး…ကိုယ့်သိက္ခာမငဲ့တောင် သူများသိက္ခာတော့ငဲ့သင့်တယ်…နင်ဟာလူလိုသိတဲ့လူဆိုရင်ပေါ့”

ဖုန်းချပြီးတော့ ဆွေပြတဲ့ အမှိုက်ပုံးထဲက နှင်းဆီအဖြူတစီးကို အတွေ့  ဇာတ်လမ်းကို ပိုရေလည်သွားတယ်။

“သူက ရာရာစစ ငါ့မွေးနေ့ ကို ပန်းစည်းပို့ တယ်တဲ့ခိုင်…ပြီးတော့ ကဒ်ပြားပေါ်မှာ ဟိုလိုဒီလို ရေးထားသေးတယ်…သူ့ နာမည်မရေးထားပေမယ့် သူလုပ်တာ ငါသိတယ်…ဒီအကြောင်းကို စကားစ အီချင်လို့ ဖုန်းခေါ်တာလေ…ပထမတော့ ကိုယ့်သူငယ်ချင်းမျက်နှာနဲ့  သည်းခံနေသေးတယ်…နောက်ပိုင်းတော့ သိပ်မဟုတ်တော့ဘူး ထင်တာ…ထင်တဲ့အတိုင်းပဲလေ…ရွံလိုက်တာခိုင်ရယ်”

“ဟုတ်တာပေါ့ဆွေရယ်… နင့်နေရာမှာ စိတ်ခပ်ပျော့ပျော့ အားနာတတ် မနူးမနပ်ကောင်မလေး တယောက်ဆို ဘာတွေဆက်ဖြစ်မလဲ”

“လာခိုင်…ခြံထဲဆင်းရအောင်”

“ဟယ်…ဆွေရယ်… ဟိုတခါက ဆောင်တော်ကူးရုံကြီး အကြီးကြီးပါ…ခုတော့ နင်အကုန်ရှင်းပစ်လိုက်တာလား”

“ဆောင်တော်ကူးပန်းတွေကို ငါကသိပ်ချစ်ပါတယ်…ဒါပေမယ့် နွယ်တွေက အထိန်းအသိမ်း မရှိတက်တော့ ဒီဘက်က သနပ်ခါးပင်လေးခမျာ အားတွေတိတ်တော့တာပေါ့… ဒါကြောင့် သူများအနှောက်အယှက်ပေးတဲ့ သူ့ နွယ်တွေကို ရှင်းပစ်လိုက်တာ…အပင်လေးတွေမှာ သူများကို အနှောက်အယှက်ဖြစ်တာကို ဥယျာဉ်မှူုးက ရှင်းပေးလို့ ရပေမယ့် အသိဥာဏ်ရှိတဲ့လူတွေမှာတော့ ကိုယ့်ကိုယ်ကို ရှင်းမှ ရမှာပေါ့ဟယ်… မဟုတ်ရင် နစ်သထက်နစ် နွယ်ကြားထဲ ရုံးမထွက်နိုင် ဘ၀ဆုံးရမှာပေါ့”

နွယ်ပင်လေးတွေချစ်တတ်ပေမယ့် နွယ်လို နီးစပ်ရာ မတွယ်ငြိတတ်တဲ့၊ စိတ်တည်ငြိမ်လေးနက်ပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ဆွေလိုလူချည်းသာ ဖြစ်လိုက်ပါတော့ ငါဆုတောင်းမိတယ်နွေ၊ဝေ နဲ့  ဆွေတို့ ရယ်။

**************************
တန်ခူး
1:14pm 14-Aug-2009

Sunday, August 9, 2009

ကျွန်မရဲ့ အိမ်နီးချင်းကလေး

ပုံကို ဒီနေရာမှ ယူပါတယ်။

သူ့ အကြောင်းရေးချင်နေတာ ကျွန်မဆီမှာ ဘလော့ဂ်တခုမရှိသေးခင် ကတည်းကပါ။ ဒီနိုင်ငံမှာ တချို့ တွေ အိမ်နီးချင်း ဒုက္ခတွေ ခံကြရတာ ကြားဖူးတာမို့  ကျွန်မကို ဘယ်တော့မှ စိတ်အနှောက်အယှက် မပေးတဲ့ ကျွန်မရဲ့ အိမ်နီးချင်းတွေကို ကျေးဇူးတင်မိပါတယ်။ ကျွန်မအိမ်ရဲ့ ဘယ်ဘက်အခြမ်းက အိမ်နီးချင်းက မလေးမိသားစုဖြစ်ပါတယ်။ မလေးမိသားစုတွေဆို မလေးတွေ တရုံးရုံး ကလေးတွေက ၀ရန်တာပေါ် ဆူဆူညံညံဆော့၊ ကာရာအိုကေတွေ အကျယ်ကြီးဆိုကြ ဒါမျိုးတွေကြားဖူးပေမယ့် ကျွန်မ အိမ်နီးချင်းတွေကတော့ အတော်ကို အနေအေးတဲ့ မလေးမိသားစုပါ။ ယောင်္ကျားက ဆောက်လုပ်ရေးဘက်မှာ လုပ်ပုံရပြီး မိန်းမကတော့ မူကြိုကျောင်းဆရာမပါ။ သားသမီး ၃ယောက်ရှိပေမယ့် အားလုံး စည်းကမ်းရှိရှိလေးတွေပါ။

ကျွန်မ ညာဘက်အခြမ်းက အိမ်နီးချင်းမိသားစုက စင်္ကာပူ တရုတ်မိသားစု ဖြစ်ပါတယ်။ အန်ကယ်ရော အန်တီပါအလုပ်လုပ်ကြပြီး အမြဲတပြုံးပြုံးနဲ့  အလွန်အေးဆေးကြပါတယ်။ သူ့ တို့ မှာ သားသမီး ၂ယောက်ပဲ ရှိပါတယ်။ တယောက်က NUS မှာ တက်နေတဲ့ ပါးချိုင့်လေးနဲ့  ခပ်ချောချော ကောင်မလေးဖြစ်ပြီး တယောက်ကတော့ အခု ကျွန်မရဲ့ ဒီပို့ စ် ဇာတ်လိုက်လေးပေါ့။ သူ့  အဲဒီအိမ်မှာ နေတယ်လို့  စ သတိထားမိတာ ကျွန်မ အမျိုးသားပါ။ လမ်းသွားရင် ကျောပိုးအိတ်ကလေးလွယ် ဒုတ်ကလေး တချောင်းနဲ့  ပေါ့ပေါ့ပါးပါး သွားတတ်တဲ့ သူ့ ကို ကျွန်မက ငယ်ငယ်ရွယ်ရွယ်နဲ့  မျက်စိမမြင်ရှာတဲ့ ကောင်လေး တယောက်အဖြစ်သာ သိထားခဲ့တာပါ။ တနေ့  ကျွန်မ အမျိုးသားက ကျွန်မတို့ အိမ်နားက ဘူတာရုံမှာ သူသီချင်းဆိုတာကို ၃ပုဒ်တိတိ နားထောင်ခဲ့ရတယ်ပြောမှ ကျွန်မလဲ အံ့သြခဲ့ရပါတယ်။ တကယ်တော့ သူက တရုတ်လို ဆိုတာပါ။ ဂီတ၀ါသနာပါတဲ့  ကျွန်မအမျိုးသားက တရုတ်လို နားမလည်ပေမယ့် နားထောင်ကောင်းလွန်းတဲ့ သူ့ အသံကြောင့် အကြာကြီးနားထောင်ပြီး ပိုက်ဆံတွေ အများကြီး လှူုခဲ့တယ်ဆိုပါတယ်။ သူက သူ့ အနုပညာနဲ့  ဖျော်ဖြေ စီးပွားရှာသူတဦးပါ။ တခါတခါ သူ့ ညီမ၀မ်းကွဲကောင်မလေးက ဘောက်စ်လေးသယ် သူတို့ မောင်နှမနှစ်ယောက် ဘူတာရုံတွေမှာ ဖျော်ဖြေဖို့  သွားတာမျိုးကို ဖြတ်ကနဲ လှမ်းတွေ့ တတ်ပေမယ့် ကျွန်မ သူ့ အသံကို တခါမှ နားမထောင်ဖူးခဲ့ပါဘူး။

အဲဒီနေ့ ကတော့ ရုံးမှာ လူပြောများတဲ့ တီဗွီအစီအစဉ်တခုကို ကျွန်မရော၊ ကျွန်မအမျိုးသားပါ ကြည့်မိကြပါတယ်။ Project Super Star Final ရွေးပွဲပါ။ တရုတ်အစီအစဉ်က အဆိုတော် ပြိုင်ပွဲပေါ့။ နောက်ဆုံး ဖိုင်နယ်တက်သွားတဲ့ ၂ယောက်ထဲမှာ တယောက်က ချစ်စရာလေယာဉ်မယ်လေးဖြစ်ပြီး နောက်တယောက်ကတော့ တခြားမဟုတ်ပါဘူး။ ကျွန်မရဲ့ အိမ်နီးချင်း မျက်မမြင်ကောင်လေးပါ။ ကျွန်မတို့  ၂ယောက်လုံး အံ့သြ၀မ်းသာဖြစ်သွားကြပြီး ဒီရှိုးကို အစက မကြည့်မိလေခဲ့ခြင်းလို့  နောင်တရမိပါတယ်။ အဲဒီနေ့ ကမှ သူ့ အဆို သူ့ အနုပညာကို ကျွန်မ ခံစားမိခဲ့ရပါတယ်။ ဘာတလုံးမှ နားမလည်ပေမယ့် သူ့ အသံနဲ့  သူ့ soul ဆွဲခေါ်ရာနောက်ကို ကျွန်မတို့  ၂ယောက်လုံး လိုက်ပါနစ်မျောသွားကြပါတယ်။ ပြီးတော့ အိမ်နီးချင်းဆိုတဲ့ သံယောဇဉ်ကလဲ မသေးဘူးမိုလား။ အဲဒီနေ့ က project super star ဘွဲ့ ကို သူမျက်ရည်တွေကြားထဲက ဆွတ်ခူးရသွားပါတယ်။ အားနည်းချက်နဲ့  သူ့ ဘ၀လေး နေ့ ချင်းညချင်း ပြောင်းလဲသွားတာကို ကျွန်မ အရမ်းဝမ်းသာသွားပြီး သူမျက်စိမမြင်တာ သိပေမယ့်လဲ အဲဒီညတွင်းချင်း စာရွက်ပေါ်မှာ မင်းရဲ့အိမ်နီးချင်းတယောက်ဖြစ်ရတာ ဂုဏ်ယူလို့ မဆုံးပါဘူးလို့  ရေးပြီး သူ့ အိမ်ရှေ့ တံခါးမှာ သွားကပ်ခဲ့ပါတယ်။

နောက်နေ့ ရုံးမှာ သူ့ အကြောင်းပဲ တပြောပြော။ ကျွန်မက ကျွန်မရဲ့အိမ်နီးချင်းပါလို့ ပြောတော့ ကျွန်မအရာရှိကအစ ကျွန်မအိမ်လိုက်လည်ချင်တယ် ချက်ချင်းဖြစ်ပါရော။ သူတို့ အိမ်လာလည်ကြရင် အိမ်ဘေးအိမ်ပဲ တကြည့်ကြည့်ပါ။ အဲဒီကစလို့  သာမာန် ဘူတာရုံက ဖျော်ဖြေသူလေးတယောက်က နေရာတိုင်းမှာ သူ့ ဓာတ်ပုံ၊ တီဗီ်ွိမှာလဲ သူ့ ပုံရိပ်တွေနဲ့  အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ သူ project super star ဖြစ်ခါစမှာ သူ့ အိမ်ကို ကောင်မလေး ချောချော ၃ယောက်လောက် လာလာစောင့် သူသွားရာနောက် တကောက်ကောက် လိုက်တာတွေ့ ရပါတယ်။ နောက်ပိုင်းမှာ သူ့ အခွေတွေက ထိုင်ဝမ်အထိ အောင်မြင်တယ် ကြားရပါတယ်။ သူတို့ အိမ်ရဲ့ နံရံမှာ သူ့ အခွေ တခုအသစ်ထွက်တိုင်း ပိုစတာ တခုကပ်ထားတာ တွေ့ ရတာမို့  ပိုစတာ ၃ ခုဆိုတော့ အခွေ ၃ ခွေထုတ်ပြီးပြီလို့  ခန့် မှန်းရပါတယ်။ ကျွန်မတို့ ကလဲ တရုတ်သီချင်းလောကနဲ့  အလှမ်းဝေးသူမို့  သူ ဘယ်လောက် အောင်မြင်တယ်ဆိုတာ မသိပါဘူး။ သူက နာမည်ကြီး တယောက်ဖြစ်လာပြီမို့  သူ့ သွားတွေ၊ သူ့ အရေပြားတွေကို ပိုမို ချောမွေ့ ညီညာအောင် ပြုပြင်ပေးထားတာတွေ့ ရတော့ သူ့ ပုံစံလေးက ခေတ်မှီမှီလူချောလေးဖြစ်သွားပါတယ်။ ကျွန်မဒီအလုပ်ပြောင်းပြီး အတော်ကြာမှ ကျွန်မဘော့စ်က သူ့ ကို အတော်ကို ကြိုက်နှစ်သက်တာ သိခဲ့ရပါတယ်။ သူ့ အခွေအားလုံး ၀ယ်ယူထားတယ်ဆိုပဲ။

ဘ၀ကို အားငယ်အရှုံးမပေးပဲ သူ့ မှာရှိတဲ့ အရည်အချင်းနဲ့ အနုပညာကို ဇွဲမလျော့ပဲ ကြိုးစားခဲ့လို့  အောင်မြင်တဲ့ အနုပညာသမား တယောက်ဘ၀ ရခဲ့သည်မဟုတ်ပါလား။ သူက တခါတလေ အဆင်မပြေမှုတွေတွေ့ ရင် စိတ်ပျက်အားငယ်တတ်တဲ့ ကျွန်မကို အားပေးနေသလိုပါပဲ။ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အကျိုးရှိစွာ အသုံးချတတ်ရင် အားနည်းချက်တွေရှိနေတောင် အောင်မြင်မှုက လက်တကမ်းမှာပါ။ သူကတော့ တခြားမဟုတ်ပါဘူး။ ဒီနေ့  ကျွန်မထက် ငါးနှစ်ကြီးတဲ့ နောင်တောင် စင်္ကာပူနိုင်ငံရဲ့ အမျိုးသားနေ့  အခမ်းအနားမှာ အနုပညာဝမ်းစာ ပြည့်ဝစွာ ဖျော်ဖြေခဲ့တဲ့ အဖြူရောင် ၀တ်စုံလေးနဲ့ project super star Kelvin Tan Wei Lian ပါပဲ။ ဂုဏ်ယူပါတယ် အိမ်နီးချင်းလေးရေ။

တန်ခူး
10:14pm 9-Jul-2009

Friday, August 7, 2009

ပစ္စုပ္ပန်မှာ(အခုတလော...)…

ချစ်တဲ့ညီမလေးမေဓာဝီ နဲ့  ချစ်တဲ့ သူငယ်ချင်းသက်ဝေတို့  အတူတက်ဂ်ထားတာလေး ရေးပေးလိုက်တယ်နော်… နေမကောင်းနေလို့  နဲနဲနောက်ကျသွားတာခွင့်လွှတ်ပါ… တက်ဂ်ဖို့ သတိရတဲ့ ချစ်ညီမလေးမေနဲ့  ချစ်ဘော်ဒါသက်ဝေတို့ ကို ကျေးဇူးပါနော်…

**************
ပစ္စုပ္ပန်မှာ(အခုတလော...)…

တွေးနေမိတာက…
မြန်မြန်ပြန်နေကောင်းချင်ပြီ… သားလေးနဲ့ မြန်မြန်ပြန်ဆော့ချင်ပြီ…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
ငါဆိုတဲ့ အတ္တကြီးကို ခင်တွယ်လွန်းနေတဲ့  တရားမရှိသူ…

ကျန်းမာရေး...
နေမကောင်းဖြစ်နေလို့  ဆေးခွင့်ယူ အိမ်မှာ နားနေတာလေ… ကိုယ်လေးနဲနဲငွေ့ ငွေ့ ရှိတယ်… လည်ပင်းနာတာတော့ ပျောက်သွားပြီ… ပြီးတော့ ကိုယ်လက်နာတယ်… ဆေးတွေပိပြီး ပင်ပန်းတယ်… ဒီနေ့ တော့ တော်တော်ပေါ့လာပြီ… ဒါကြောင့်ဒီပေါ်ရောက်နေတာပေါ့…

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
တအုပ်ထဲပါ…ဦးဝင်းငြိမ်းရဲ့ ရွှေ၆၃

ရောက်ဖြစ်နေတာက…
နေမကောင်းတော့ အိမ်မှာပဲပေါ့…

ရေးဖြစ်နေတာက…
ခုတက်ဂ်ဂိမ်းလေ…

နားထောင်ဖြစ်နေတာက…
ထုံးစံအတိုင်း နေမကောင်းရင် တရားဖက်တယ်… ဟိဟိ… ဆရာတော်ဦးဇောတိက တရားတွေပါ…

ရွတ်နေမိတဲ့ ကဗျာက…
ကဗျာမရွတ်ဖြစ်ပါဘူး… ပြောပြီးပါရော… နေမကောင်းတော့ ပရိတ်ရွတ်တယ်…ပဌန်းရွတ်တယ်… အထင်သိပ်မကြီးနဲ့ နော်… နေမကောင်းတဲ့အချိန်မို့ …
နေကောင်းသွားရင်… အမှတ်မရှိတဲ့ ကိုယ်က ဒီလို ကဗျာမျိုးရွတ်ချင်ရွတ်နေမှာ…

မောင်…
နှောင်တွယ်ရစ်ငင်
သံယောဇဉ်ကို
မအိုမပြောင်း
ဘ၀ဟောင်းထိ
ငြိစွဲမြဲခိုင်
ပိုင်ချင်တယ်…။

ဖြစ်ချင်နေတာက…
အပူအပင်ကင်းကင်းနဲ့  ကိုယ့်တိုင်းကိုယ့်ပြည်မှာ volunteer အလုပ်တွေ လုပ်ချင်တယ်…

စားဖြစ်နေတတ်တာက…
ဆန်ပြုတ်…ကြက်သားစွတ်ပြုတ်…ပန်းသီး…သင်္ဘောသီး…(မစားချင်သော်လည်း…)

သနားနေမိတာက…
ကိုယ်ကမှန်နေပါလျက် မျက်စိနားအတင်းအဓမ္မ မတရားအပိတ်ခံထားရသူတွေ

လွမ်းနေမိတာက…
မြန်မာပြည်က ကိုယ့်မိသားစုလေးပေါ့… သားလေးပြောသလို ပြောရရင် အဲဒီအိမ်ကလေး ဒီရွှေ့ ထားချင်တယ်… ဒါပေမယ့်… မဖြစ်သေးပါဘူး… ကိုယ်လွမ်းတဲ့အထဲ မြန်မာပြည်ကြီးလဲ ပါသကိုး….

မေ့လျော့ပစ်နေမိတာက…
ဇရာ…ဟိဟိ… ငယ်ငယ်လေးရှိသေးတာလေ…

ခါးသက်နေမိတာက…
ကိုယ်ချင်းစာတရားကင်းသူတွေ…

တမ်းတနေမိတာက…
RITကျောင်းသူဘ၀လေးပေါ့… ပျော်စရာတွေ တပုံကြီး ရခဲ့တဲ့နေရာ…

ကြိတ်ပြီးချီးကျူးနေမိတာက…
သူများတွေလိုပါပဲ… ပေါ်တင်ပဲ ချီးကျူးမိပါတယ်… ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူတွေ…

ကြိတ်ပြီးအထင်သေးနေမိတာက…
အပေါ်ကလိုပဲ… ပေါ်တင်ပဲ အထင်သေးမိတယ်လေ… မိမိကောင်းစားဖို့  တခြားသူတွေကို ချနင်းဖို့  ၀န်မလေးသူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ကိုယ့်တိုင်းပြည်နဲ့ ဝေးရာ… (ကိုပေါလေသံနဲ့ ပြောရရင်…ဟဲ့တန်ခူး… ရှင့်ဘယ်သူက သွားခိုင်းသလဲ)

ဆန္ဒရှိနေတဲ့ကိစ္စ…
တရားရက်ရှည်စခန်းဝင်ချင်တယ်… ပြီးတော့ ကိုယ့်တိုင်းကိုယ့်ပြည် အပြီးပြန်နိုင်တဲ့ အခြေအနေတခုကို ရောက်ချင်တယ်…

မုန်းတီးနေမိတာက…
ကောက်ကျစ်စဉ်းလဲမှု…

ချစ်နေတာက…
သားကလေးလေ… အချစ်ဆုံးပါပဲ…

စိတ်ပျက်နေမိတာက…
တချို့ ကိစ္စတွေမှာ အဆုံးစွန်တွေး သွေးကြောင်လွန်းတဲ့ ကိုယ့်အကျင့်…

စွဲလမ်းနေမိတာက…
တိုင်လုံးကြီးတွေနဲ့  အမြဲတည်ငြိမ်ခံ့ညားနေတဲ့ စက်မှုတက္ကသိုလ်… ပြီးတော့ စွယ်တော်ပန်းတွေ…

လိုအပ်နေတာက…
ဟက်ဟက်ပက်ပက် ရယ်မောခြင်း… အဲဒီလို မရယ်ရတာကြာပေါ့…

တောင်းနေမိတဲ့ဆု…
စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ… ရောဂါဆိုး ဘေးဆိုး ကပ်ဆိုး ရန်သူမျိုးငါးပါးမှ ကင်းဝေးနိုင်ကြပါစေ…

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုယ်ချင်းစာတရားရှိကြပါ…

ဝန်ခံချင်တာက
အတ္တကြီးသူတယောက်… သတ္တိကြောင်သူတယောက်…

**************
အတော်များများလဲ ရေးပြီး တက်ဂ်ပြီး ကုန်ကြပြီဆိုတော့ ချစ်သောညီမလေး ၃ယောက်ကို တက်ဂ်လိုက်ပါတယ်… သူများတွေ တက်ဂ်ပြီးပြီလားတော့ မသိ။ ချစ်ရင် ရေးပေးနော်။
၁) ညီမလေး အိမ့်ချမ်းမြေ့
၂) ညီမလေးခွန်မြလှိုင်
၃) ညီမလေးပုံရိပ်

တန်ခူး
3:49pm 7-Aug-2009

Tuesday, August 4, 2009

မြှောင်မြှောင်တို့ မိသားစု


ပုံကို ဒီနေရာမှ ယူပါသည်။
ရုံးမှာလဲ အလုပ်အတော်များ၊ အိမ်မှာလဲ ဧည့်ကမပြတ်၊ ဒီကြားထဲ နေမကောင်းက ဖြစ်လိုက်သေးတော့ ဘလော့လေးပစ်ထားမိတာ အတော်ကြာသွားပါတယ်။ မရေးတာ ကြာတော့ moodကလဲ ပျက်နေပါတယ်။ ဒီတော့ အာသန်ရာ သားအကြောင်းလေးနဲ့  အင်ဂျင်ပြန်နှိုးလိုက်ပါတယ်။ လာလည်သူများ အားလုံးကျေးဇူးပါ။

****************

ကျွန်မနဲ့ ကျွန်မမောင်လေး ၅နှစ်ကွာတာမို့  မောင်လေးမမွေးခင် အိမ်မှာ တယောက်ထဲ ဆော့ကစားခဲ့ရပါတယ်။ အဲဒီအခါ အမေစိုက်ထားတဲ့ ပန်းပင်လေးတွေကို လူလို သဘောထား ကြိမ်လုံးတလုံးနဲ့  စာသင်တိုင်း ကစားခဲ့ပါတယ်။ စာမရဘူးဆို အပင်တွေကို ရိုက်တော့ အရွက်နုတွေ ကြွေရင် အမေ့ အဆူခံရပါတယ်။ တယောက်ထဲ နေရတဲ့အခါ အဲဒီလို သက်မဲ့ ပစ္စည်းတွေကို စိတ်ကူးနဲ့ အဖော်လုပ်တတ်တဲ့ အကျင့်ရခဲ့တာပါ။

သားလေးကျတော့ ကျွန်မတို့ ငယ်ကလို အိမ်ဘေးက အဖော်တွေလဲ မရှိ။ ဒီတော့ သူက သူ့ ခွခေါင်းလေးကို သူ့ ညီလေးလို့  စိတ်ကူးယဉ် အဖော်လုပ်ပါတယ်။ သူ့ အဖေကလဲ သူနဲ့ ဆင်တူရိုးမှား နာမည်လေး တခုတောင် ပေးထားလိုက်သေး။ ဟိုတလောက သမီးလေး တယောက်ထဲ ရှိတဲ့ ကျွန်မသူငယ်ချင်းနဲ့  ခရီးအတူသွားတော့ သူ့ သမီးလေးမှာလဲ စိတ်ကူးဖော်လေးရှိသတဲ့လေ။ နာမည်က ဂျေဆင်တဲ့။ သူ့ မောင်လေးဆိုပဲ။ သားက သူ့ ညီလေး အကြောင်းပြော သူကလေး သူ့ မောင်လေးအကြောင်းပြောနဲ့  သူတို့ ကို ကြည့်ပြီး ကျွန်မအတော် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မသူငယ်ချင်းဆို သူ့ သမီးရဲ့ စိတ်ကူးဖော်လေး အကြောင်းသိပြီး စိတ်ပူလို့  အင်တာနက်ပေါ်မှာ တဦးတည်းသောကလေးတွေ အဲဒီလို ဖြစ်တတ်တာ ပုံမှန်လားဆိုတာ လိုက်ဖတ်ကြည့်ရတယ်တဲ့။ ဖြစ်တတ်တဲ့ သဘာဝတရားဆိုမှ စိတ်မပူပဲ သူ့ တို့ စိတ်ကူးဖော်လေးကို ကိုယ်ပါ အသိအမှတ်ပြုရပါတယ်။

သားက အခုစိတ်ကူးဖော်က တဆင့်တက်လို့  တကယ်ရှိတဲ့ အဖော်လေးတွေ ရနေပါတယ်။ တခြားမဟုတ်ပါဘူး။ ကျွန်မတို့  အိမ်က အိမ်မြှောင်လေးတွေပါ။ ကျွန်မတို့  အိမ်မှာ အိမ်မြှောင်ကြီးကြီး ၂ကောင်နဲ့  အိမ်မြှောင်သေးသေးလေး ၂ ကောင်ရှိပါတယ်။ အဲဒါဆွေမျိုးတွေ စပ်ပြီး သူတို့ ကို မိသားစုကလေးအဖြစ် သားကို ပြောပြတော့ သားက သိပ်စိတ်ဝင်စားပါတယ်။ အိမ်မြှောင်ဖေဖေ၊ မေမေ နဲ့  ညီအကို ၂ ယောက်ပေါ့။ သူတို့ ကို များသောအားဖြင့် ကျွန်မတို့  ရေချိုးခန်းထဲမှာ တွေ့ ရတော့ သားက သူတို့ အိမ်က ရေချိုးခန်းထဲမှာလို့  မှတ်ထားပါတယ်။ သားအတွက် အဖော်သဘောမျိုးနဲ့  အိမ်မြှောင်မိသားစုကို ကျွန်မနဲ့  သူ့ အဖေ နာမည်လေးတွေ ပေးထားကြတယ်။ အိမ်မြှောင်ဖေဖေနာမည်ကလဲ သားဖေဖေနာမည်နဲ့  ခပ်ဆင်ဆင်။ ဥပမာ… သားဖေဖေ နာမည်က ဦးအောင်XXXXXX ဆို အိမ်မြှောင်ဖေဖေနာမည်က ဦးမြှောင်XXXXXX ပါ။ အိမ်မြှောင် ညီအကို ၂ယောက်က မြှောင်မြှောင်နဲ့ ကောင်ကောင်တဲ့။ သားက အဲဒီနာမည်လေးတွေ သိပ်သဘောကျတာ။

မြှောင်မြှောင်နဲ့ ကောင်ကောင်ကို သားက သူ့ အဖော်တွေလို သဘောထားပါတယ်။ သူအရုပ်အသစ်ဝယ်လာလဲ ကြွားတတ်ပါသေးတယ်။ တခါတခါ သူ့ ပြိုင်ဘက်တွေ ပေါ့။ မနက်မိုးလင်း အိပ်ရာထ ပျင်းရင် ကျွန်မက ဟယ် မြှောင်မြှောင်က ပထမ အိပ်ရာအရင်ထနေပြီလို့  ပြောလိုက် သားက မခံချင်ဖြစ်ပြီး အိပ်ရာက အသဲအသန် ထတော့တာပါပဲ။ သူက အမြဲပထမရချင်သူကို။ ကျွန်မက အသံတုလုပ်ပြီး အိမ်မြှောင်လေးတွေ အနေနဲ့  စကားပြောရင် သားက စကားအပြန်အလှန်ပြောတတ်ပါတယ်။ တခါတခါ ကျွန်မ အလုပ်ရှုပ်နေရင် သူ့ ဘာသာတောင် အသံတုလုပ်ပြီး အိမ်မြှောင်ဖြစ်လိုက် လူဖြစ်လိုက် စကားအပြန်အလှန်ပြောရော။ အိမ်မြှောင်အငယ်ကောင်လေးကို သူက အရုပ်တွေ ဘာတွေ ၀ယ်ပေးမယ်တောင် ချော့တတ်သေးတယ်။ အိမ်မြှောင်လေးတွေ ဆိုးလို့ ဆို သူ့ အဖေနဲ့ တောင် သွားတိုင်တတ်ပါတယ်။ တကယ်တော့ သားက အိမ်မြှောင်တွေ တကယ် စကားမပြောတတ်တာလဲ သူသိပါတယ်။ ဒါပေမယ့် သူ့ မှာ အိမ်မြှောင်မိသားစု အဖော်ရှိနေတာကို ကစားနည်းတခုအနေနဲ့  ပျော်နေတာပါ။

သားနဲနဲ အရွယ်ရလာရင် တိရိစ္ဆာန်လေးတွေ ချစ်တတ်တဲ့ သူ့ အတွက် petလေး မွေးပေးမယ်လို့  စိတ်ကူးထားပါတယ်။ အရင်က သားက အဖော်တယောက် အိမ်လာလည်ရင် ပြန်တဲ့အခါ ငိုနေတတ်လို့  ကျွန်မ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ခုတော့ သားက နဲနဲနားလည်လာပါပြီ။ သူ့ တို့ အိမ်သူတို့ ပြန်ရမယ်ဆိုတာ သဘောပေါက်လာပါပြီ။ ဆော့လိုက်တယ်… ပြန်တော့လဲ နှုတ်ဆက်လိုက်တာပါပဲ။ ခုတလော ကျွန်မ အိမ်မှာ ဧည့်သည်တွေ အတော်များတော့ သားက ပျော်နေပါတယ်။ တယောက်ပြန်သွားရင် သူက They are not Singapore people လို့  ပြောတတ်ပါတယ်။ သဘောက ဧည့်သည်တွေပေါ့။ မြန်မာပြည်က သူ့ အမျိုး ၀မ်းကွဲမောင်နှမ နာမည်တွေ သူက အမြဲမှတ်မိတတ်ပါတယ်။ သူ့ အကျီင်္လေးငယ်သွားရင် သူ့ ညီဝမ်းကွဲလေးကို ပေးမယ်လို့  ပြောတတ်ပါတယ်။ သူ့ ကစားဖော်က အမြဲတမ်း ၂ ယောက်ပါပဲ။ ကျွန်မနဲ့  သူ့ အဖေလေ။ အသက်အရွယ်ကြောင့် သားအတွက် မောင်နှမဖော် မွေးဖို့  သတ္တိမရှိတဲ့ ကိုယ့်ကိုယ်ကို အမြဲ အားမရဖြစ်မိပြီး တာဝန်တခု လစ်ဟင်းနေသလို ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် သားက သူ့ ဘ၀လေးကို ပျော်အောင်နေတတ်တော့ ကျွန်မ နဲနဲစိတ်ချမ်းသာရသလို သားလေးကိုလဲ အရမ်း ကျေးဇူးတင်မိပါတယ်။

တန်ခူး
9:07 pm 4-Aug-2009