Monday, March 31, 2008

အချစ်ဆိုတာ


အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း၊ ပေးဆပ်အနစ်နာခံခြင်း၊ ရူးသွပ်စွာ စွဲလန်းခြင်း၊ အပြန်အလှန်နားလည်ပေးခြင်း၊ သံယောဇဉ်ကြိုးတိုးနှောင်ခြင်း၊ သစ္စာထားခြင်း.... ဒီလို အမျိုးမျိုး ဟိုးရှေးကတည်းက အဓိပ္ပါယ်ဖွဲ့ခဲ့ကြတယ်။ တချို့ အချစ်ခရီးလမ်းတွေက ဖယောင်းလမ်း၊ တချို့က ခရောင်းလမ်း။ တချို့ကတော့ အချစ်ဆိုတာ တသက်မှာတခါထဲ ပွင့်တဲ့ပန်းတဲ့။ တချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်အခါခါ မွေးဖွားလို့ရပြန်တယ်တဲ့။ ဒီကြားထဲ အချစ်ကြောင့် ဘဝတွေ လှပလာသလို၊ အချစ်ကြောင့်ပဲ ဘဝတွေ ပျက်စီးသွားတတ်သေး။ အဲဒီလို ရှူပ်ထွေးလွန်းတဲ့ အချစ်ဆိုတဲ့ အကြောင်းတွေးမိတိုင်း မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးတခုက အမြဲအတွေးထဲ ရောက်ရောက်လာတယ်။ ကိုကိုရယ်၊ မောင်ရယ်၊ ပြီးတော့ ထား သို့မဟုတ် ညီမလေး။ တယောက်အတွက် အချစ်က အဓိပ္ပါယ်တမျိုးဆီ။ အဲဒီ ထား ဆိုတဲ့ ကျွန်မဝမ်းကွဲ အဒေါ်ရဲ့ ဒင်္ဏာရီဆန်ဆန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တပုဒ်ဝေမျှပါရစေ။
********************
"မောင့်ရဲ့ထား"

မြင်လိုက်တိုင်း အသက်ရှူမှားရတဲ့ထားရယ်။ ခြေမျက်စိထိ ရှည်တဲ့ မင်းဆံနွယ်တွေကပဲမောင့်ကို ဖမ်းစားတာလား၊ နှင်းဆီငုံလေးလို မင်းမျက်နှာဖူးဖူးလေးကပဲ မောင့်ကို ရူးသွပ်စေတာလား၊ သေချာတာက မင်းရဲ့ခြေဖဝါးနုနုလေးက မောင့်နှလုံးသားနေရာ အနှံ့မှာ။


"ထား"
"ရှင်"
"ဒီနေ့ဟာ မောင့်ဘဝရဲ့ အပျော်ဆုံးနေ့တနေ့ ဖြစ်ပါရစေ"
ထားလက်ထဲက အဝါရောင်လက်ကိုင်ပုဝါလေးက ကြေမွတွန့်လိန်။ ရှက်နေတာလားထားရယ်။
"ထားအဖြေလေးကို မောင်ကြားချင်ပြီ"
ထားကမျက်တောင်ရှည်ရှည်တွေဝင့်လို မောင့်ကိုကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ အရိပ်တခု။ အဲဒါ အချစ်ပဲလားထား။
ထားက မြေကြီးပေါ်မှာ ဒုတ်ကလေးနဲ့ရေးခြစ်လိုက်တယ်။
"မောင့်ကိုချစ်တယ်"တဲ့။
ဒီကမ္ဘာမှာမောင်အပျော်ဆုံး။ ထားလက်ဖဝါးလေးကို ဆုတ်ကိုင်တော့ ရေခဲတုံးလေးလို အေးမြနေတယ်။

"ထားရယ်...ဒီကနေ့ကစလို့ ထားအတွက် အရာရာဝေမျှခံစားနားလည်ပေးမယ့် ကိုယ်ပွားလေးတယောက် အမြဲရှိနေပြီလို့ ယုံကြည်လိုက်တော့နော်"
ထားက အပြုံးချိုချိုလေးနဲ့ ညင်သာစွာ ခေါင်းငြိမ့်တယ်။
********************

"ကိုကိုရဲ့ညီမလေး"

"ဟယ်...ကိုကိုပြန်လာပြီ...ညီမလေးဖို့ ဘာတွေ ဝယ်ခဲ့လဲ"
အရိပ် တကြည့်ကြည့် မြတ်နိုးခဲ့ရတဲ့ပန်းကလေး။ မင်းဟာ ကိုကို့မျက်စိထဲမှာတော့ အမြဲဖြူဖွေးသန့်စင်နေတဲ့ စပယ်ပွင့်လေးပါ။ ကိုကို ကြားသမျှ မှားယွင်းမှူတွေဖြစ်ပါစေ။
"ဒီမှာ...ညီမလေးအတွက်"
"ဟေး..ဒါမှတို့ကိုကို"
ကလေးရယ်။တို့နှစ်ယောက်ရဲ့ အနှစ်နှစ်အလလက အထပ်ထပ်ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေကို ဘယ်သူက အလွယ်တကူ ဖြတ်တောက်လို့ရနိုင်မလဲ။
"ညီမလေး"
"ကိုကိုမျက်နှာလဲ မကောင်းပါလား...အလုပ်ကိစ္စအဆင်မပြေဘူးလားဟင်"
"ကိုကိုသူငယ်ချင်းသူရိန်ကပြောတယ်...ညီမလေးနဲ့ ဟိုတလောက ပြောင်းလာတဲ့ အင်ဂျင်နီယာပေါက်စနဲ့ ကြိုက်နေကြတယ်တဲ့...အဲဒါအမှန်ပဲလား"
ကိုယ့်အသံတွေ တုန်ခါသွားတယ်။ ခေါင်းငုံ့သွားတဲ့ ညီမလေးကို ကြည့်ပြီး ရင်ထဲမှာ ဗလောင်ဆူနေတယ်။ မဟုတ်ဘူးလို့ ငြင်းလိုက်ပါ ညီမလေးရယ်။
"ဟုတ်ပါတယ်ကိုကို...သူညီမလေးကို ဖွင့်ပြောထားတာကြာပါပြီ...ညီမလေးတို့ချစ်သူတွေဖြစ်တာ မကြာသေးပါဘူး...သူက လူကောင်းတယောက်ပါ...မေမေတို့ ကိုကိုတို့ သဘောတူနိုင်မယ်ထင်လို့ပါ"
ရင်ထဲက ဆို့တက်လာတဲ့ တစုံတရာ။ သွားပြီ။ ကိုကို မင်းကို တသက်လုံး ဆုံးရှူးံရတော့မှာလား။
"ညီမလေး...ညနေကျရင်...ခရေပင်အောက်ကိုလာခဲ့နော်...ကိုကို အရေးကြီးတဲ့ စကားပြောစရာရှိတယ်"
********************
"ညီမလေးရဲ့ကိုကို"

ကိုကို့လက်ထဲမှာ ခါတိုင်းလို ညီမလေးအတွက် ခရေပွင့်တွေမရှိ။ အဝေးတနေရာကို ကြေကွဲစွာ လှမ်းကြည့်နေတဲ့ ကိုကို့ မျက်ဝန်းမှာ မျက်ရည်တစ။ ညီမလေးကြောင့်လား။
"ကိုကို...ညီမလေးကို စိတ်ဆိုးနေတာလား"
"ညီမလေး...ကိုကို ခုပြောမယ့်စကားတွေကို အလေးအနက် နားထောင်ပေးပါ...ပြီးရင် ညီမလေးရဲ့ ဆုံးဖြတ်ချက်ကို သိချင်တယ်"
"ဟုတ်ကဲ့ကိုကို"
"ကိုကိုဟာ ဥယျာဉ်မှူးဆိုရင် သိပ်အတ္တကြီးတဲ့ ဥယျာဉ်မှူးပါ...အနှစ်နှစ်အလလက အရိပ်တကြည့်ကြည့် ပျိုးထောင်ခဲ့ရတဲ့ ပန်းကလေးကို ဘယ်သူမှမပေးနိုင်လောက်အောင် ကိုယ်မြတ်နိုးတယ်"
"ကိုကိုဘာကိုဆိုလိုတာလဲ"
"ညီမလေးကို ကိုကိုချစ်တယ်"
"ညီမလေးလဲ ကိုကို့ကိုချစ်တာပဲ"
"မဟုတ်ဘူး...ကိုကိုက ညီမလေးကို ချစ်သူတယောက်လိုချစ်တာ"
"ဘယ်လို"
ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ စကားတခွန်း။ ကိုကိုဟာ ညီမလေးရဲ့မွေးစားအကိုဆိုတာ မေ့လျော့နေတဲ့အထိ ညီမလေးကိုကိုပေါ်မှာ ဖြူစင်ခဲ့တာ။ အဲဒီလို ဆန်းပြားတဲ့ စိတ်တွေ ကိုကိုဆီမှာ ဝင်လာခဲ့လိမ့်မယ်လို့ မတွေးမိခဲ့ဘူး။
"ကိုကိုညီမလေးကို လက်မထပ်ပါဘူး...ခုလိုပဲ ဘေးကနေ ညီမလေးလိုအပ်သမျှ ဖြည့်ဆီးပေးရင်း တသက်လုံးနေသွားမယ်...ညီမလေးလဲ ဘယ်သူကိုမှလက်မထပ်ရဘူး"
"ကိုကိုဘာတွေပြောနေတာလဲ...ညီမလေးကစိတ်ထဲမှာတော့ ကိုကိုက အကိုအရင်းပဲ...ညီမလေးအိမ်ထောင်ပြုလဲ ကိုကိုဆက်ချစ်လို့ရတာပဲ"
"မပြုရဘူး...မင်းဘယ်သူနဲ့မှမယူရဘူး"
"ကိုကိုရူးနေပြီ"
ဟုတ်တယ်။ ကိုကိုအရူး။ ကိုကိုနဲ့ညီမလေးရဲ့အဖြူရောင်ဘဝကို ဖျက်ဆီးရက်တယ်။
"ဟုတ်တယ်...ကိုကိုရူးနေပြီ...အချစ်ကြောင့်ရူးတာ"
"ကိုကို...ညီမလေးဘဝမှာ မောင့်ကို အချစ်ဆုံး...မောင့်ကိုပဲလက်ထပ်မယ်"
"မပြောနဲ့...မကြားချင်ဘူး...အေး..မင်းဆုံးဖြတ်ချက်မပြင်ရင် ငါတခုခုလုပ်ရလိမ့်မယ်"
ကိုကိုရဲ့ သွေးရူးသွေးတန်းစကားတွေကို ညီမလေးဆက်မကြားရပါစေနဲ့။ ညီမလေးသွားပါရစေ။
********************
"ထားရဲ့မောင်"

မောင်...အမြဲငြိမ်းချမ်းအေးဆေးနေတဲ့ မောင်ဘဝလေးထဲ ထားဝင်လာခဲ့တော့မယ်။
"မောင်...ထားတို့ကိစ္စ မေမေ့ကိုဖွင့်ပြောလိုက်ပြီ"
"ဟာ..ဝမ်းသာလိုက်တာ ထားရယ်...ယောက္ခမကြီးက သဘောတူလားဟင်"
"မေမေက မောင့်ကိုသိနေပြီးသားဆိုတော့ သဘောမတူစရာ မရှိပါဘူးတဲ့...ဒါပေမယ့် မောင့်နဲ့တွေ့ချင်တယ်တဲ့...မောင်တို့ဘက်က အခြေအနေလဲ သိချင်တယ်တဲ့"
"မောင့်မေမေက ဟိုတခေါက်လာလည်ထဲက ထားကိုကြိတ်သဘောကျနေတာ...မောင်တို့ဘက်က အားလုံးok..ဘယ်တော့ယောက္ခမကြီးနဲ့လာတွေ့ရမလဲ"
"မနက်ဖြန်"
"ok..ပုဆိုးနဲ့တိုက်ပုံဝတ်ခဲ့မယ်"
ရွှင်မြူးနေတဲ့ မောင့်အပျော်တွေထားဆီကူးလာတယ်။ ထားနဲ့မောင် အချစ်ခရီးလေး ဖြောင့်ဖြူးပါစေ။ ရင်ထဲမှာတော့ တစုံတရာကို စိတ်တထင်ထင့်။
********************
"ကိုကို၊ မောင်၊ ထား"

ကိုကို့နှလုံးသားတွေကို ညီမလေးက လှလှပပနင်းခြေလိုက်ပြီပေါ့။ ကိုကို့ အချစ်ဥယျာဉ်လေးကို ခြေစုံကန်တော့မယ်ပေါ့။ သူများရင်ခွင်ထဲမှာ ညီမလေးကို ဘယ်လိုမှမထားချင်ဘူး။ တကယ်ဆို အဖြစ်အပျက်တွေ မြန်ဆန်သွားအောင် ညီမလေးလုပ်ရက်ခဲ့တယ်။ ဒီနေ့ညီမလေးစေ့စပ်တော့မယ်တဲ့။
အလှပြင်ဆိုင်ကပြန်လာတဲ့ညီမလေး။ မျက်နှာမှာအပြုံးချိုချိုတွေနဲ့။ နောင်ဘဝကို ညီမလေးယုံသလားဟင်။ ကိုကိုကတော့ ယုံတယ်။
"ညီမလေး"
"အမလေး လန့်လိုက်တာကိုကိုရယ်"
"ညီမလေးရဲ့ဆုံးဖြတ်ချက်တွေ တကယ်မပြင်တော့ဘူးလား"
"ကိုကိုရယ်...ညီမလေးကိုခွင့်လွှတ်ပါ...မောင့်ကိုဘဝတသက်လုံးအတွက် ရည်ရွယ်ချစ်တာပါ"
သံယောဇဉ်တွေမှ မထောက်ထား။ အစွမ်းကုန် ရက်စက်တော့မယ်လား ညီမလေး။ ဒီလိုမျိုးနဲ့ ဘယ်လိုမှဇာတ်သိမ်းမခံနိုင်ဘူး။ ကဲ..ကိုကိုနဲ့အတူလိုက်ခဲ့တော့။ နောင်ဘဝဆီကို။
"ဟင်ကိုကို...ဒီဓားကြီးက...မလုပ်ပါနဲ့ညီမလေးကြောက်တယ်...ကိုကို...အား"
သွားနှင့်တော့ညီမလေးရေ။ ကိုကို ခုလိုက်ခဲ့မယ်။ နောင်ဘဝကျရင် ကိုကိုနဲ့ညီမလေးရဲ့ အချစ်ဥယျာဉ်လေးထဲမှာ ထာဝရမခွဲစတမ်းပေါ့။
********************
"သမီးလေး...သတိရလာပြီ"
"ထား...ထားသတိရလာပြီလား"
"မေမေ...မောင်...မောင်..ထားမသေဘူးနော်"
"ထား...ဒါတွေမတွေးနဲ့နော်...ထားကို မောင်ဆေးရုံအချိန်မီပို့လိုက်နိုင်ပါတယ်ထားရယ်"
"ကိုကို...ထားကိုလုပ်ရက်တယ်မေမေ...သူဘယ်မှာလဲ...ထားကြောက်တယ်"
"မကြောက်ပါနဲ့သမီးရယ်...သူကိုယ့်သူချက်ချင်းအဆုံးစီရင်သွားခဲ့ပါပြီ"
"ရှင်"
"ထား...ဒါတွေမေ့ထားလိုက်...ထားဘေးမှာမောင်ရှိနေတယ်နော်"
ပန်းပွင့်လေးလို အမြဲနူးညံ့လှပနေတဲ့မောင့်ရဲ့ထား။ ခုတော့ မျက်နှာမှာ ကန့်လန့်ဓားခုတ်ရာနဲ့...သနားစရာကောင်းလိုက်တာ ထားရယ်။ ကံကောင်းလို့ ထားအသက်လေးမောင်ကယ်နိုင်ခဲ့တယ်။ ထားရယ်...ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် မောင်ထားကို တသက်လုံးစောင့်ရှောက်သွားမှာပါ။ ထားကို မောင်အသက်လောက် မြတ်နိုးတယ်။
********************

ထားကိုယ်ထား မှန်ထဲမှာ ပြန်ကြည့်တိုင်း အနှိုင်းမဲ့တဲ့မောင့်အချစ်တွေအတွက် မောင့်ကို ကျေးဇူးတင်တယ်။ ပလပ်စတစ်ဆာဂျရီလုပ်ခဲ့ပေမယ့် ဘယ်လိုမှနဂိုရုပ်ပြန်မရခဲ့တဲ့ ထားရုပ်ဆိုးဆိုးကြီးကို ထားကိုယ်တိုင် မေ့လျော့နေအောင် မောင်ကစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခုဆို ထားတို့မှာ ချစ်စရာသမီးလေးတယောက်နဲ့ ပျော်ရွှင်စရာမိသားစုကလေးတခု ပိုင်ဆိုင်ခဲ့ပြီ။ တခါတခါတော့ ခြောက်ခြားစရာ အတိတ်တွေကြောင့် ထားအိပ်မက်ဆိုးတွေ မက်တတ်တယ်။ အဲဒီအိပ်မက်တွေထဲမှာ ကိုကိုအမြဲပါတယ်။ ထားဘဝမှာ ထားကိုသိပ်ချစ်တဲ့ ယောင်္ကျားနှစ်ယောက်ရှိခဲ့တယ်။ တယောက်ရဲ့အချစ်က ထားကိုအေးမြပျော်ရွှင်စေပြီး နောက်တယောက်ရဲ့အချစ်ကတော့ ပူပြင်းလောင်မြိုက်စေခဲ့တယ်။ တကယ်တော့ မိန်းခလေးတယောက်ဘဝမှာ ငြိမ်းချမ်းအေးမြပြီးလုံခြုံမှူပေးနိုင်တဲ့ အချစ်တခုထဲသာလိုအပ်တာပါ။
********************
တန်ခူး
4:00pm 31-Mar-2008

Thursday, March 27, 2008

ဒီနှစ်အတွက်အနှစ်သက်ဆုံးကြော်ငြာ

ကျွန်မအတွက် လောကကြီးတွင် ကလေးလေးတွေနဲ့၊ ဒါမှမဟုတ် ငှက်ကလေးတွေနဲ့၊ ဒါမှမဟုတ် ပန်းကလေးတွေနဲ့ နေရတာလောက် ကြည်နူးငြိမ်းချမ်းရတာမရှိ။ သူတို့မှာ လောဘ၊ဒေါသ၊မောဟတွေကင်းပြီး ပကတိအဖြူရောင်သက်သက်။ American Idolကြည့်ရင်းမှ အမှတ်မထင် ရင်ထဲငြိမ်းချမ်းသွားသော ကြော်ငြာလေး။ SONY ကင်မရာကြော်ငြာပါ။ ကလေးလေးတွေ သူတို့စိတ်ကူးနဲ့သူတို့ လုပ်လိုက်တဲ့အပြုအမူလေးတွေက ငိုရအခက်၊ရယ်ရအခက်။ ကြော်ငြာလာနေချိန်မှာ အချိန်ကိုက်ရိုက်ရသောကြောင့် ဓာတ်ပုံတွေ နဲနဲဝါးနေတာ သည်းခံပေးပါလို့။ ကလေးလေးတွေရဲ့စိတ်ကူးလေးတွေကို ပုံတွေအောက် မှန်းပြီးရေးကြည့်ထားတယ်။

ဖေဖေမှ မီးမီးလိုချင်တဲ့ ကားဝါဝါလေးဝယ်မပေးတာ...

မေမေအလုပ်ရှူပ်နေလဲ သားဘာသာနို့ထည့်သောက်လိုက်မယ်...ဗိုက်က ဆာနေပြီဗျ...

လက်တွေ့စမ်းသတ်ကြည့်တာပါ...

မေမေရေ...remote control ကရေလဲကူးတတ်ဖူး...

သားသားကစားဖို့နေရာမရှိလို့ မေမေ့ပန်းအိုးလေးရွှေ့လိုက်မယ်နော်....

သားလဲ ဖေဖေ့လို ပန်းချီဆွဲတတ်ပါတယ်...

သားသားလက်ဆေးနေတာပါ...

မေမေရေ...ပန်းတွေပွင့်နေပြီ...မေမေပန်ဖို့ခူးလိုက်ပြီ...


မီးမီးတို့ bouncing လုပ်လိုက်တာ snowတွေ အိပ်ခန်းထဲမှာကျကုန်ပြီ...

(စိတ်ရှည်ရှည်ဓာတ်ပုံစောင့်ရိုက်ပေးသော မောင့်ကို ကျေးဇူး)

တန်ခူး
10:30AM 27-Mar-2008

Monday, March 24, 2008

မေမေဆရာမ


မေမေက ကျွန်မကို ဟိုးငယ်ငယ်လေးထဲက အိမ်မှာ စာပြပေးခဲ့သည်။ မေမေစာပြပေးတာ မဆန်းပေမယ့် ကျောင်းမှာ မေမေက ကျွန်မတို့ပထဝီဆရာမဖြစ်လာသောအခါ ကျွန်မတော်တော်စိတ်ညစ်ခဲ့ရသည်။

ကိုယ့်အမေကကိုယ့်အတန်းသင်တာ ကောင်းတာပေါ့လို့ အပြင်ဘန်းမြင်လို့ရပေမယ့် ကျွန်မအတွက်ရော၊ မေမေအတွက်ပါ မလွပ်လပ်ခဲ့။ စည်းကမ်းကြီးသည်ဟု နာမည်ကြီးသောမေမေက ကျွန်မအတန်းကို မသင်ရအောင် အမျိုးမျိုးရှောင်ရှားခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် သင်ခဲ့ရသည်။ ကျွန်မက မေမေ့သမီးမပီသစွာ ပထဝီဘာသာရပ်ကို အလွန်ငြီးငွေ့သည်။ မေမေက မြေပုံလေးကို အချိုး ကျကျဆွဲ၍ ဒေသန္တရဗဟုသုတပါ တွဲသင်လိုက်တော့ စိတ်ဝင်စားစရာတော့ ကောင်းသွားခဲ့သည်။

နေ့တိုင်းစာမေးတတ်တော့ တနေ့စာတနေ့ မှန်မှန်ကျက်ဖြစ်သည်။ စာမရလျှင် မရိုက်ပဲ ဒဏ်ပေးစနစ်ကို သုံးသည်။ မီးသွေးကို ညက်နေအောင်ကြိတ်လို့ အုန်းဆီလေးနဲ့သမအောင်မွှေထားပြီး ဗူးတခုထဲထည့်ကာ မေမေက စားပွဲပေါ်တင်ထားသည်။ စာမရလို့ကတော့ ချွတ်ရခက်သည့် နှုတ်ခမ်းမွှေးလှလှနှင့်။ မိန်းခလေးကျောင်းဆိုတော့ နှုတ်ခမ်းမွှေးဆွဲခံရမှာ အလွန်ရှက်ကြသည်။ မေမေ့တပည့်ဖြစ်ခဲ့ဖူးသူ တော်တော်များများက မေမေ့ကို အဲဒီဒဏ်ပေးနည်းနဲ့တွဲလို့ သတိရတတ်ကြသည်။ နောက်ဒဏ်ပေးနည်းတခုကတော့ ဇီးစေ့ကို ဒူးအောက်ထားပြီး ကော်ရစ်ဒါမှာ ဒူးထောက်ခိုင်းသည်။ စာမေးပွဲကျပြီဆိုလျှင် လည်ပင်းမှာ "ကျွန်မ ပထဝီကျပါသည်" ဆိုသည့်စာတန်းလေးဆွဲပြီး ခုံရွက်၍ တတန်းဝင် တတန်းထွက် လိုက်ပြရသည်။ အဲဒီလို ဒဏ်ပေးခြင်းရလဒ်က မေမေဘာသာ အောင်ချက်ကောင်းခြင်းပင်။ အဲဒီခေတ်က ဆရာမအများစုက ဒဏ်ပေးနည်းသာကွဲချင်ကွဲမည်၊ ကျောင်းသားတွေ အောင်ချက်ကောင်းဖို့ တနည်းမဟုတ်တနည်းဖြင့် ကြိုးပမ်းကြသည်။

ကျွန်မကတော့ မေမေ့အချိန်ရောက်လျှင် အားလုံးစောင့်ကြည့်ခံရသည်။ ပထမဆုံးစာမေးခံရသူသည် ကျွန်မပင်။ ကျွန်မကိုယ်တိုင် ဒဏ်ပေးခံရတာရှက်သည်က တကြောင်း၊ မေမေ့သိက္ခာကြောင့်တကြောင်း စာမေးတိုင်းရအောင်ကျက်ရသည်။ ဒီကြားထဲ ဘယ်အပုဒ်မေးမယ်ဆိုတာ ပြောပြထားလို့နေမှာပေါ့ဟု အပြောခံရသေးသည်။ စာမေးပွဲနီးလျှင် တချို့က ကျွန်မကိုအစ်ကျသည်။ မေးခွန်းသိဖို့ မပြောနှင့်၊ မေမေက ကျောင်းမှာမေးခွန်းထုတ်၊ ကျောင်းမှာသိမ်းသည်။ ကျောင်းမှာ အမှတ်ခြစ်သည်။

ကျွန်မစိတ်ညစ်သည်မှာ အဲဒီနှစ်က ပထဝီဘာသာကို ဘယ်လောက်ဖြေနိုင်ဖြေနိုင် ဘယ်တော့မှ အမှတ်ပြည့်မရခြင်းပင်။ မေမေသည် ကျွန်မအား ဘယ်တော့မှ အမှတ်ပြည့်မပေးခဲ့။ ပထဝီဘာသာတွင် အမှတ်ပြည့်မရ၍ ကျွန်မအဆင့်သည်လဲ ထိပ်ဆုံးမရောက်ခဲ့ပါ။

အဲဒီတုန်းက ငယ်သေးတော့ ဖြေနိုင်ရဲ့နဲ့ အမှတ်ပြည့်မပေးသည့်မေမေ့ကို စိတ်ကောက်ခဲ့သည်။ ကြီးလာတော့ မေမေ စာနေ့တိုင်းမေးတာ၊ အမှတ်ပြည့်မပေးတာကို နားလည်လာခဲ့သည်။ ဆရာမတယောက်၏ ဂုဏ်သိက္ဓာနှင့်ကျင့်ဝတ်ကို လေးစားတန်ဖိုးထားသည့်မေမေ့ကို ပိုလေးစားလာခဲ့သည်။ တာဝန်နှင့် မိသားစုကို စည်းကမ်းရှိရှိခွဲခြားနိုင်ခဲ့သည့် မေမေ့ကို အားကျခဲ့သည်။ ပထဝီဘာသာတွင်အမှတ်ပြည့်မရခဲ့ပေမယ့် ဘဝအတွက်သင်ခန်းစာပေးခဲ့သော ကျွန်မမေမေဆရာမ၏အနန္တကျေးဇူးကား တုနှိုင်းမရနိုင်အောင်ကြီးမားမြင့်မြတ်လှပါသည်။

(22-Mar-2008 တွင်ကျရောက်သည့် ကျေးဇူးရှင်မေမေ၏ ၆၃နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ)

တန်ခူး
11:30AM 24-Mar-2008

Thursday, March 20, 2008

အဲဒီည



အဲဒီည
တိတ်ဆိတ်လိုက်ပုံများ
ငါ့ကဗျာရဲ့အသက်ရှူသံ
ငါပြန်ကြားနေရတဲ့အထိ...။

အဲဒီည
လွင့်မျောလိုက်ပုံများ
အတောင်ပံတွေနဲ့ငါ့ကို
ငါလက်မှိုင်ချရတဲ့အထိ...။

အဲဒီည
လွတ်လပ်လိုက်ပုံများ
လမင်းကြီးအိမ်အလည်ခေါ်လာတဲ့ငါ့ကို
ငါလက်မြောက်အရှူံးပေးရတဲ့အထိ...။

အဲဒီည
အထိန်းအကွပ်မဲ့လိုက်ပုံများ
ကျကွဲသွားတဲ့ ကာရံနဲ့ဦးနှောက်
ငါတစစီလိုက်ကောက်ရတဲ့အထိ...။

အဲဒီည
ဆွဲဆောင်လိုက်ပုံများ
ညမွှေးပန်းရနံ့သင်းတဲ့ပါးနှစ်ဘက်ကို
ငါခိုးနမ်းမိတဲ့အထိ...။

အဲဒီည
ရူးသွပ်လိုက်ပုံများ
ကဗျာတပုဒ်ထဲခုန်ချသွားတဲ့ငါ့ကို
ငါဘယ်လိုမှတားမရတဲ့အထိ...။

တန်ခူး
11:00AM 20-Mar-2008

Monday, March 17, 2008

အချစ်ဆုံးသူငယ်ချင်း


ကျွန်မက အခက်အခဲတွေကို စိတ်ပင်ပန်းစွာ ကျော်ဖြတ်လေ့ရှိသည်။
သူမကတော့ အခက်အခဲတွေကို အပြုံးလေးတွေနှင့် ကျော်ဖြတ်လေ့ရှိသည်။

ကျွန်မက မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင် စီမံကိန်းချတတ်သည်။
သူမကတော့ မနက်ဖြန်ထက် ဒီနေ့ကို ပိုစိတ်ဝင်စားသည်။

ကျွန်မက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့် မနက်ဖြန်ကို မကျေမနပ် ဖြစ်တတ်သည်။
သူမကတော့ ဘာမှမျှော်လင့်ချက်မထားခဲ့သည့် မနက်ဖြန်မှာ အတော်သက်တောင့်သက်သာ ရှိလှသည်။

ကျွန်မက ဘဝကို ရင်ဆိုင်နိုင်ဖို့ လှော်တက်ပေါင်းများစွာ စုဆောင်းထားပေမယ့် တကယ့်အချိုးအကွေ့ ရောက်လျှင် လှော်တက်တွေ ဘေးချပြီး စိတ်ဓာတ်ကျနေတတ်သည်။
သူမကတော့ ရှိတဲ့လှော်တက်နှင့် အချိုးအကွေ့ပေါင်းများစွာကို ကျွမ်းကျင်စွာ လှော်ခတ်သွားနိုင်သည်။

ငယ်ငယ်တုန်းက ကျွန်မက ကြီးလာရင် ဆရာဝန်လုပ်မယ်လို့ ပုံစံခွက်ထဲက အတိုင်း ပြောခဲ့သည်။ (တကယ်လဲ ဆရာဝန် မဖြစ်ခဲ့ပါ)
သူမကတော့ သွားတက်ဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးရင်း ကြီးလာရင် ရုပ်ရှင်မင်းသမီးလုပ်မယ်လို့ စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ (သူမလဲ ရုပ်ရှင်မင်းသမီး မဖြစ်ခဲ့ပါ)

ကျွန်မက အကောင်းဆုံးတွေဖြစ်ဖို့ လောဘတကြီး ကြိုးစားသည်။
သူမကတော့ ဖြစ်လာသမျှကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသည်။

ကျွန်မက မဖြစ်စလောက် လောကဓံလေးကို ပုံကြီးချဲ့ ခံစားတတ်သည်။
သူမကတော့ ခါးသီးတဲ့ လောကဓံကြီးတွေကို သတ္တိရှိရှိ ရင်ဆိုင်သည်။

ကျွန်မက ဘဝကို မျှော်လင့်ခြင်းတွေဖြင့် တည်ဆောက်သည်။
သူမကတော့ ဘဝကို စိတ်ချမ်းသာခြင်းဖြင့် တည်ဆောက်သည်။

ကျွန်မနှင့်သူမ အတန်းထဲမှာ အတူမုန့်ခိုးစားခဲ့ကြသည်။
ကျွန်မနှင့်သူမ အတန်းထဲမှာ အချစ်တော်တွေဆီ အတူစာခိုးရေးခဲ့ကြသည်။

ညနေ ကျောင်းဆင်းခါနီးလျှင် ကျွန်မပါးပေါ်က သနပ်ခါးပါးကွက်ကြီးကြီးဆီက သနပ်ခါးတွေကို လက်ကိုင်ပုဝါလေးဖြင့် ပွတ်ယူ၍ သူမမျက်နှာပေါ်မှာ မှူံနေအောင် လိမ်းပြီးမှ အိမ်ပြန်တတ်ခဲ့သည်။
အဆင်တူ၊အရောင်တူ၊ ပုံစံတူ အင်္ကျီဆင်တူဝတ်၍ မိတ်ကပ်အဖွေးသားနှင့် ဓါတ်ပုံ အတူရိုက်ခဲ့ဖူးသည်။

ကျွန်မရဲ့ ပထမဆုံးရင်ခုန်သံကို သူမအားတိတ်တိတ် ရင်ဖွင့်ခဲ့သည်။
သူမရဲ့ ပထမဆုံးအိပ်မက်ချိုတွေကို ကျွန်မအား ဝေမျှခဲ့သည်။

အဖြူအစိမ်းဝတ် အလယ်တန်းကျောင်းသူဘဝမှ ယနေ့အထိ ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့သည့် အဖြစ်အပျက်တချို့ကို သူမအား ပြောနေဆဲ။
သူမဘဝကို ကကြီးမှအ အထိကျွန်မသိရအောင် သူမက ကျွန်မအပေါ် ပွင့်လင်းရင်းနှီးဆဲ။

ကျွန်မရဲ့အောင်မြင်မှူတွေကို သူမကိုယ်တိုင်အောင်မြင်သည့်အလား ဝမ်းသာ ပျော်ရွှင်တတ်သည်။
ကျွန်မရဲ့ကျဆုံးမှူတွေတော့ သူမရဲ့ခံနိင်ရည်အားတွေ ခဏငှါးရမ်းလို့ ဖေးမခဲ့သည်။

ကျွန်မအား ဘယ်သောအခါမှ နာကျင်အောင် မလုပ်ခဲ့။
ကျွန်မအား သစ္စာရှိရှိဖြင့် ထာဝစဉ် ချစ်ခဲ့သူ။
သူမရဲ့ ရောင့်ရဲ့သည်းခံနိုင်ခြင်းတွေကြောင့် ကျွန်မရဲ့ မှားယွင်းစွာ သုံးခဲ့ဖူးတဲ့ ပေတံတချို့ကို ရိုက်ချိုးလွှင့်ပစ်ခဲ့သည်။
သူမကား တခြားမဟုတ်။ ကျွန်မအတွက် ပုခုံးတဘက်အမြဲအဆင့်သင့်ရှိသည့်၊ ကျွန်မအတွက် လက်တဘက်အမြဲအဆင့်သင့်ရှိသည့်၊ ကျွန်မအတွက် နှလုံးသားတခုအမြဲအဆင့်သင့်ရှိသည့် ဤလောကကြီးတခုလုံး၏ ကျွန်မ အချစ်ဆုံးသောသူငယ်ချင်းပင်။

(ယနေ့ကျရောက်သော အချစ်ဆုံးသူငယ်ချင်းရဲ့ xxမြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင် ပျော်ရွှင်ငြိမ်းချမ်းသော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။)

တန်ခူး
4:15pm 17-Mar-2008

Friday, March 14, 2008

ဝတ်မှူံ


ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ တိတ်တိတ်လေး နာမည်ပေးထားတယ်...။
စက္ကူမြှားလေးတွေက ချစ်သူနားမှာ အဲဒီနာမည်လေးကို ခဏခဏသွားခေါ်တယ်...။
ခေါ်ပါများတော့ ချစ်သူသိလာတယ်...။
ကျွန်တော် ပျော်တယ်...။

ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ကျွန်တော့် အိပ်ရာနံဘေးမှာ ကံကော်ပွင့်လေး တပွင့်ရှိတယ်...။
"ဝတ်မှူံ" နဲ့ အတူ အိပ်မက်တယ်...။
"ဝတ်မှူံ" နဲ့အတူ နိုးထတယ်...။
ကျွန်တော် ရင်ခုန်တယ်...။

ချစ်သူက အတန်းမှန်မှန်တက်တယ်...။
ကျွန်တော်လဲ အတန်းမှန်မှန်တက်တယ်...။
ချစ်သူက စာတွေ သေချာလိုက်မှတ်တယ်...။
ကျွန်တော်က ချစ်သူကို သေချာလိုက်မှတ်တယ်...။
ကျွန်တော် မြတ်နိုးတယ်...။

ချစ်သူ လက်ဖဝါး နူးညံ့ညံ့လေးတွေကို တို့ထိချင်တယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေကို နမ်းရှိုက်ချင်တယ်...။
စက္ကူမြှားလေးတစင်း ကျွန်တော်ချိုးတယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ စက္ကူမြှားလေး...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ ကျွန်တော်...။
ကျွန်တော် မေ့မျောသွားတယ်...။

တခါတခါ ချစ်သူရဲ့ ရင်ဖုံးအင်္ကျီလေးပေါ်က လိပ်ပြာရင်ထိုးလေး ကျွန်တော်ဖြစ်သွားတယ်...။
တခါတခါ ချစ်သူရဲ့မဟာဆန်တဲ့ မျက်နှာနုနုလေးပေါ်က သနပ်ခါးလေး ကျွန်တော်ဖြစ်သွားတယ်...။
ချစ်သူရဲ့ရှက်ပြုံးလေးတွေကို ချစ်သူမသိအောင် ခိုးခိုးထားမိတယ်...။
ကျွန်တော်အဆောင်အခန်းကျဉ်းကျဉ်းလေးမှာ ချစ်သူရှက်ပြုံးလေးတွေနဲ့ ပြည့်နေတယ်...။
ကျွန်တော် စွဲလန်းတယ်...။

ချစ်သူကို မပြောဖြစ်တဲ့ စကားတွေကို စက္ကူမြှားလေးပေါ် ရေးရေးချတယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော်လက်ရေးတွေ ချစ်သူမှတ်မိနေလိမ့်မယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော့်ရင်ခုန်သံတွေ
ချစ်သူကြားနိုင်မလား။
ကျွန်တော် ကျေနပ်တယ်...။

ကျွန်တော်အလှကြည့်နေတဲ့ "ဝတ်မှူံ"လေးကို တစုံတယောက်က တံဆိပ်ခတ်နိပ်သွားတယ်...။
ချစ်သူမှာ ချစ်သူရသွားတော့ စက္ကူမြှားလေးတွေ ငိုကြတယ်...။
အလွမ်းတွေ စက္ကူမြှားထဲထည့် ချစ်သူဆီ အရောက်ပို့မိတယ်...။
ကံဆိုးတဲ့စက္ကူမြှားလေးက ချစ်သူခြေဖဝါးအောက်မှာ...။
ကျွန်တော် ငိုနေတယ်...။

ဒီလိုနဲ့......
...........
...........
..........
..........
......... ။

ချစ်သူက ကျွန်တော်နဲ့ ဝေးဝေးသွားတယ်..။
ကျွန်တော်က စက္ကူမြှားတွေနဲ့ ဝေးဝေးသွားတယ်..။
ချစ်သူမှာ ချစ်သူနဲ့တူတဲ့သားလေးရှိခဲ့ပြီ...။
ကျွန်တော့်မှာ ဆိုးတူကောင်းဘက် အဖော်တယောက်ရှိခဲ့ပြီ...။
တခါတခါတော့ စက္ကူမြှားတွေချိုးရင်း အတိတ်ခြေရာတွေ ပြန်ကောက်မိတယ်...။
ကျွန်တော် တမ်းတတတ်တယ်...။

ထိုနေ့မတိုင်ခင်ညကပဲ ချစ်သူက အိပ်မက်ထဲမှာ ကံ့ကော်တွေဝေနေအောင် ပန်ထားခဲ့တယ်...။
ချစ်သူမျက်နှာမှာ ရှက်ပြုံးလေးတပွင့် ပွင့်နေခဲ့တယ်...။
အယူမသီးတတ်ပေမယ့် ချစ်သူနေကောင်းပါစေလို့ ဆုတောင်းခဲ့မိတယ်...။
ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ...။
ချစ်သူက ဒီတခါ အဝေးဆုံးခရီးကို သွားခဲ့ပြီ...။
ကျွန်တော့်"ဝတ်မှူံ" အချိန်မတန်ခင် ကြွေခဲ့ပြီ...။
ကျွန်တော် ကြေကွဲခဲ့ပြီ...။

ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ မိုက်မိုက်မဲမဲ နာမည်ပေးခဲ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ကြွေသွားခဲ့တယ်...။

(အချိန်မတန်ခင် ကြွေလွင့်သွားခဲ့သော ချစ်သူငယ်ချင်းအတွက်)

တန်ခူး
12:30pm 14-Mar-2008

Tuesday, March 11, 2008

ဗီဇ

ကျွန်မ မှတ်ပုံတင်ကို ပြန်ကြည့်မိတိုင်း 'တူးမာ'ကို သတိရမိသည်။ ကိုယ်၌ထင်ရှားသောအမှတ်အသားတွင် ယာဘက်ပါး၌အမာရွတ်ရှိတဲ့။ ငယ်ငယ်က တူးမာ ကုတ်ဆွဲခဲ့သော ဒဏ်ရာ။ တူးမာက ကျွန်မငယ်ငယ်က ကစားဖော်။ သူငယ်ချင်းတော့ မဟုတ်။ အဆဲသန်၊ စရိုက်ကြမ်းသော တူးမာကို ကျွန်မတို့အိမ်က မပေါင်းခိုင်း။ ဒီကြားထဲ ကလေးအချင်းချင်း လက်ပါတတ်တော့ ပိုဆိုးသည်။ မျောက်ရှူံးအောင်ဆော့ချင်သည့် ကျွန်မက အိမ်မှာ အိုးပုတ်နဲ့ဆော့ရတာ ကြာတော့ ငြီးငွေ့သည်။ အိမ်ရှေ့က ထုထ်ဆီးတိုးပွဲမှာ မွှေ့ချင်သည်။ 'ဒီ'ဟု အဆက်မပြတ်အော်ပြီး ပြေးချင်သည်။ ရုပ်ရှင်ဖွက်တမ်းတွင် ခေါင်သူကြီးလုပ်ချင်သည်။ ဒီတော့ အိမ်က မသိအောင် သွားကစားသည်။ ခက်တာက တူးမာနဲ့ ရှောင်လို့မရ။ ကစားနည်းပေါင်းစုံကို တူးမာက ကျွမ်းကျင်သည်။ တူးမာ ခေါင်းငြိမ့်မှ ပါခွင့်ရှိသည်။ တူးမာက အခုထွက်ဆို ထွက်ရသည်။ တူးမာက ကျွန်မကို ကြီးကျယ်တယ် ဆိုကာ သိပ်ကြည့်မရ။ တကယ်တော့ ကျွန်မက ကြီးကျယ်တာမဟုတ်။ ကစားချိန်မှလွဲရင် လမ်းမှာတွေ့ရင်တောင် မရယ်ပြ။ အဆဲသန်စရိုက်ကြမ်းသော သူ့ကို စိတ်ထဲမှ တကယ်မခင်မိ။ ကစားချင်မှ အတူသွားကစားတတ်ခြင်းကို တူးမာ သိပ်လက်မခံချင်။ ဒါပေမယ့် သူနီးနီး ကစားတော်သော ကျွန်မကို သူဘယ်တော့မှ မငြင်းခဲ့။ ဘက်တူချင်းက ပိုကစားရ ကောင်းသည်လေ။ များသောအားဖြင့် ကျွန်မနဲ့သူက အသင်းတဘက်ဆီက ခေါင်သူကြီးတွေ။ ကျွန်မက ကစားတော်ပေမယ့် တူးမာလို အငြင်းမတော်။ အညစ်မတော်။ ထုတ်ဆီးတိုးလျှင် သေသေချာချာကြီး မိလိုက်တာကို မမိဘူးလို့ ပြောင်ငြင်းတတ်သည်။ ရုပ်ရှင်ဖွက်လျှင် သူ့လူတွေကို လျို့ဝှက် အချက်ပြတတ်သည်။ အဲဒီလို မမှန်မကန်တွေလုပ်လာလျှင် ကျွန်မ အတော်စိတ်တိုမိသည်။ ကျွန်မဘက်မှ လူတချို့က တူးမာနည်းတွေ အတိုင်း တူးမာကို ပြန်ညစ်စေချင်သည်။ ကျွန်မက မလုပ်တော့ တချို့က ထွက်ကုန်သည်။ အဲဒီအခါ ကျွန်မ တူးမာနဲ့ ထိပ်တိုက် ရင်ဆိုင်ရသည်။ အဆုံးမှာတော့ တူးမာ၏ မိုးမွှန်အောင်ဆဲသံတွေ ကြောခိုင်းပြီး အိမ်ပြန်ရသည်။ တူးမာရဲ့ မတရားအနိုင်ကျင့်မှူတွေကို သည်းမခံနိုင်သည့် နေ့တနေ့မှာ သူနာကျင်လောက်မည့် စကားတချို့ဖြင့် ကျွန်မ ပြန်ပြောခဲ့သည်။ ဘယ်ကလေးမှ တူးမာကို ပြန်ပြောရဲတဲ့ ရာဇဝင်မရှိပါ။ ကျွန်မ ရုတ်ရင်းကြမ်းတမ်းသော စကားမသုံးပါပဲ အမှန်တရားတွေကို မခံနိုင်တဲ့ အဆုံး တူးမာရဲ့လက်သည်း ရှည်ရှည်တွေနဲ့ ကျွန်မမျက်နှာကို ကုတ်ဆွဲခဲ့ပါသည်။ ကျွန်မ ပြန်မလုပ်တတ်တော့ အိမ်ကိုပြန်ခဲ့သည်။ သွေးထွက်နေသော ဒဏ်ရာကို ဆေးမထည့်ပေးခင် ကျွန်မ မိဘတွေက ရိုက်ပါသည်။ ထိုနေ့မှစ၍ တူးမာနှင့် မကစားတော့ပါ။ အိမ်ကိုကြောက်တာလဲပါသည်။ တူးမာရဲ့ မတရား အနိုင်ကျင့်တတ်သည့် အကျင့်ကို မုန်းတာလဲပါသည်။ အဲဒီလမ်းလေးထဲက ပြောင်းလာပြီး တူးမာနှင့် သိပ်မတွေ့ဖြစ်တော့ပါ။ အသက်လေးနဲနဲရလာတော့ ထုတ်ဆီးတိုးခြင်းထက် ကာတွန်းစာအုပ်တွေ ပိုစိတ်ဝင်စားတာလဲ ပါသည်။ အရွယ်ရောက်လာတော့ တူးမာက လမ်းမှာတွေ့ရင် မဝံ့မရဲ ပြုံးပြတတ်သည်။ သူ့အမှားအတွက် သူမဝံ့မရဲ ဖြစ်နေတာလား။ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို ပြန်ပြုံးပြပါသည်။ ကျောင်းတဘက်၊ ကျူရှင်တဘက် အလုပ်ရှူပ်ရင်း တူးမာနှင့် တရပ်ကွက်ထဲ နေတာကိုပင်မေ့နေမိသည်။ တရက် လမ်းမှာတွေ့ မှ ရှစ်တန်းမှာ ရပ်တန့်နေကြောင်း သိရတော့ ကျွန်မစိတ်မကောင်းခဲ့။ သူ့ခမျာ ငယ်ကဆိုးရှာပေမယ့် အခုတော့ သနားစရာဟု ဂရုဏာပင် သက်မိသေးသည်။ ကျွန်မမေမေကတော့ ဗီဇ ဆိုတာ ပျောက်ခဲသည်တဲ့။ မေမေပြောသည့် ဗီဇကို မနှစ်က မြန်မာပြည်ပြန်မှ ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မရဲ့ ကစားဖော် တူးမာ။ ကျွန်မ အတွက် တသက်လုံး မမေ့ရက်စရာ အမာရွတ်လေးပေးခဲ့သော တူးမာ။ ကျွန်မမေမေနဲ့အတူ ဈေးလိုက်သွားရင်း မြေပြင်ပေါ်မှာ ပလပ်စတစ်လေး ခင်းပြီး ဈေးရောင်းနေသော တူးမာကို တွေ့ခဲ့ရသည်။ သူ့ဘေးမှာ ဈေးကူရောင်းပေးနေတဲ့ ၅နှစ်အရွယ် ကလေးလေး။ ကျွန်မကို ဝမ်းသာအားရ နှူတ်ဆက်တော့ နင့်သမီးလေးလားမေးမိသည်။ သူက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ မေမေက ကျွန်မဆက်လေကြောရှည်နေမည်ဆိုး၍ လက်တို့သည်။ တူးမာ ဘယ်သူနဲ့အိမ်ထောင်ကျသလဲအမေ ဆိုတဲ့အမေးကို မေမေဖြေတော့ ကျွန်မအတော်လေးအံ့သြ သွားမိသည်။ တူးမာ သူ့အမယောင်္ကျားနဲ့ အိမ်ထောင်ကျခဲ့သည်တဲ့။ အိမ်ထောင်ရေး ကစားပွဲမှာ မတရားအနိုင်ယူခဲ့ပြန်ပြီ။ သူ့အမခမျာ တူးမာအိမ်ဖေါ်မှကန်ချ၍ ကလေး၃ယောက်နဲ့ ဒုက္ခရောက်နေသည်တဲ့။ ဖျောက်ရခက်သည့်ဗီဇကို တူးမာနဲ့ကျမှ ကျွန်မ အံ့သြတကြီး ယုံလိုက်မိတော့သည်။

တန်ခူး
5:00pm 11-Mar-2008

Friday, March 7, 2008

ရုပ်ရှင်ဆိပ်


ငယ်ငယ်က ရုပ်ရှင်အရမ်းကြိုက်တဲ့ ကျွန်မအတွက် ရုပ်ရှင်တကားကြည့်ဖို့ အတော် စွန့်စားခဲ့ရသည်။ကျွန်မအဖေနဲ့အမေက ရုပ်ရှင်တွေ၊ ဝတ္ထုတွေဖတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကူးယဉ် ရီးစားထားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ အလွန်စိုးရိမ်သည်။ ဒါကြောင့် အချစ်ကား တော်တော်များများကို ပေးမကြည့်ခဲ့။ ကျွန်မတို့ ဆယ်ကျော်သက် အရွယ်က ကျော်သူ၊ မို့မို့မြင့်အောင် အလွန်ခေတ်စားခဲ့တဲ့အချိန်။ ဒီတော့ ကျွန်မက မိဘစကားကို တိတ်တိတ်ကလေးဆန့်ကျင်လို့ ရုပ်ရှင်ခိုးကြည့်သည်။ တကယ်တော့ Media များသည် ငယ်ရွယ်နုနယ်သော နှလုံးသားလေးများကို အတော်လွှမ်းမိုးသည်။ အနည်းဆုံး ဝတ်စားဆင်ယင်မှူမှ အများဆုံး အကျင့်သိက္ခာထိ။ ကံကောင်းစွာ အဲဒီခေတ်က ရုပ်ရှင်ကား အတော်များများက အဆိပ်အတောက်ကင်းသည့် သာမာန် အချစ်ကားချိုချိုလေးများ၊ ဒါမှမဟုတ် ပညာခပ်ပါးပါးလေးပေးထားသည့် လူငယ်ဇာတ်လမ်းလေးများ ဖြစ်နေခဲ့သည်။ အဲဒီခေတ်က ဖက်ရှင်ကလဲ လုံလုံခြုံခြုံ ဖြစ်နေခဲ့သည်။ကျွန်မကိုယ်တိုင် မိဘဖြစ်လာသောအခါမှ ကျွန်မမိဘတွေရဲ့ စိုးရိမ်မှူကို နားလည်လာသည်။ ကျွန်မကတော့ ကျွန်မသားလေးကို မကြည့်ရဟု တားမြစ်ဖို့ထက် ရုပ်ရှင်ကြည့်တတ်ဖို့ သင်ပေးဖြစ်လိမ့်မည်။ အခွင့်အရေးရရင်တော့ သားနဲ့အတူ ရုပ်ရှင်ကြည့်မည်။ ပြီးတော့ အဲဒီဇာတ်ကား အကြောင်း အတူဆွေးနွေးမည်။ ဒီလိုစိတ်ကူးတွေ ပေါ်လာခဲ့ရတာ အခုတလော ကျွန်မကြည့်ဖြစ်သည့် မြန်မာဗွီဒီယို၊ ရုပ်ရှင်ကားများက မြစ်ဖျားခံခဲ့သည်။မြန်မာကား အလွန်ကြိုက်တဲ့ အတူနေ ဝမ်းကွဲညီမလေးကို ပြရင်း ကျွန်မလဲ ခုနောက်ပိုင်း မြန်မာကားတွေ အတော်ကြည့်ဖြစ်သည်။ တချို့ဇာတ်ကားတွေ တကယ်ကို အဆိပ်အတောက်ဖြစ်နေတာ တွေ့ရတော့ အတော်လေး ရင်လေးမိသည်။ ကျွန်မတို့ ခေတ်က ရုပ်ရှင်တွေမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုရင် သုံးယောက်လုံးက လူပျို၊ အပျို လွတ်လပ်သူ။ အလွန်ဆုံး စေ့စပ်ထားတာလောက်သာ။ ဒီခေတ်ကားတွေကတော အိမ်ထောင်ရှိသူတွေကြားက သုံးပွင့်ဆိုင်။ ဒီထက်ဆိုးတာက တတိယလူတွေက Hero ဖြစ်နေတတ်သည်။ အိမ်ထောင်တွေ ဘာတွေ မစဉ်းစားပဲ အချစ်ကို ကိုးကွယ်။ အိမ်ထောင်ရှိသူကလည်း အရင်က မြတ်နိုးလို့ ယူထားသူက ပြုန်းကနဲ အသစ်တွေ့တာနဲ့ အချစ်စစ်မဟုတ်တော့ဘူးဖြစ်။ ကြားထဲက အပြစ်မရှိသူက ဗြီလိန်ကြီးလုံးလုံးဖြစ်။ ကျွန်မ ဘုရားတမိပါသည်။ ဘယ်လိုတွေများ ဘာသာတရား၊ ယဉ်ကျေးမှူတွေနဲ့ ပြောင်းပြန်ဖြစ်ကုန်ပါလိမ့်။ ခုချိန် ကျွန်မမှာ ဆယ်ကျော်သက်ရွယ် သမီးလေး တယောက်များ ရှိခဲ့ရင် စိတ်ပူရလွန်းလို့ နှလုံးရောဂါပင် ရသွားနိုင်သည်။ လက်လှမ်းမှီရာ အတူရုပ်ရှင်ကြည့်နေသည့် ညီမလေးကိုပဲ အဆိပ်အတောက်တွေ အကြောင်းရှင်းပြနေမိသည်။ အဲဒီ အဆိပ်အတောက် ဇာတ်လမ်းတွေကြောင့် အမျိုးကောင်း သားသမီး ဘယ်နှစ်ယောက်များ ရေတိမ်နစ်ခဲ့ပြီလဲ။ သာယာနေတဲ့ အိမ်ထောင်ရေး ဘယ်နှစ်ခုများပြိုကွဲခဲ့ပြီးပြီလဲ။ဇာတ်လမ်းထဲမှ ပြောသည့်စကားများကလဲ ပေါ့ပျက်ပျက်။ ဟိုတလောက အသိတယောက်သမီး ဒီကိုရောက်ကာစမို့ ကူညီပေးရင်း သူ့ပြောဟန်၊ နေပုံထိုင်ပုံနဲ့၊ ဝတ်စားပုံက အဲဒီရုပ်ရှင်ထဲတွေကအတိုင်း။ ဆိုးတာက တွေးပုံခေါ်ပုံတွေပါ အဆိပ်မိထားသည်။ အဲဒီမိန်းခလေးအတွက် ကျွန်မအတော် ရင်လေးလို့ နဲနဲဆုံးမမိတော့ ကျွန်မကို dateအောက်နေတဲ့ အဖွားကြီးတယောက်လို ခပ်ရိုင်းရိုင်း တုန့်ပြန်သည်။တလောက ကြည့်မိတဲ့ ဘိန်းဖြူပညာပေးကားကတော့ နိုင်ငံခြားကားတွေကို အတုခိုးရင်း ရည်ရွယ်ချက်တွေ ပျောက်ကုန်သည်။ ဘိန်းဖြူတားမြစ်ရေးကို အင်တိုက်အားတိုက် လုပ်နေသူက အခန်းတိုင်းမှာ နိုင်ငံခြားအရက်ကို ပုလင်းလိုက် မော့ပြသည်။ အရက်သောက်တာ အန္တရာယ်မရှိသလို။ သက်ပြင်းတွေ အခါခါချရင်း နောက်ဆုံးတော့ စိတ်ပျက်စွာ ဆုံးတဲ့အထိ မကြည့်ပဲ ပိတ်ပစ်မိသည်။ နောက်ပိုင်းတော့ ကျွန်မညီမလေးကြည့်ဖို့ ကျွန်မကအရင် စီစစ်ရသည်။ အဆိပ်အတောက် မဖြစ်လောက်သည့်ကားများသာ ရွေးချယ်ကြည့်စေသည်။တကယ်လို့သာ စာရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူများက မိမိဖန်တီးသည့် အနုပညာ၏ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးတွေကို စေတနာထား စဉ်းစားပေးခဲ့လျှင် အဆိပ်အတောက်ရုပ်ရှင်၊ ဗွီဒီယိုများ ပေါ်ထွန်းလာစရာ အကြောင်းမရှိပေ။

တန်ခူး
07-Mar-2008

Monday, March 3, 2008

အလွမ်းပြေဆေး

ဒီလိုရုံးပိတ်ရက် မနက်ခင်းတွေဆို အမေ့ကိုပိုလွမ်းတယ်။ အိပ်ရာထဲမှာ နိုးတဝက် အပျင်းထူနေတဲ့အချိန်ဆို အမေက ဘုရားဆွမ်းတော်ကပ်နေပြီ။ မျက်နှာမသစ်ဖြစ်သေးပဲ ဖုန်းကဒ်တကဒ်ကိုခြစ်ပြီး အလွတ်ရနေတဲ့ နံပါတ်တွေနှိပ်။ ကြားရပြီအမေ့အသံ။ နံဘေးမှာရှိနေသလို ခုမှအိပ်ရာထတဲ့ကိုယ့်ကို အမေကဆူတယ်။ အဲဒီဆူသံလေးကြောင့် အလွမ်းတွေ နဲနဲတော့သက်သာသလို။ တပတ်အတွင်း ဘာတွေဖြစ်သလဲ(အဖေနဲ့စိတ်ကောက်တာကအစ) စီကာပတ်ကုံး အမေပြော။ တခါတလေ အဖေက ဟိုဘက်ဖုန်းတလုံးကနေ "သမီးကြီး breakfast ဘာစားလဲ" လို့တခွန်းစဝင်မေးရင် ပိုလွမ်းပြန်ရော။ ဈေးထဲက ငချိတ်ပေါင်းလေးပဲဖြစ်ဖြစ်၊ ကန်တော်လေးက မုန့်ဟင်းခါးလေးဖြစ်ဖြစ်၊ စိတ်တိုင်းကျက ဆိတ်soupနံပြားလေးဖြစ်ဖြစ် စားချင်လိုက်တာ။ ဖေဖေလိုက်ပို့ပေးပေါ့လို့ ကလေးတယောက်လို ဖုန်းထဲကပူဆာမလို့လုပ်တုန်း ဖုန်းကဒ်ကကုန်။ မျက်နှာသစ်ပြီး ရေခဲသေတ္တာထဲက စံပြဒေါ်ကြည်ထုတ်ကို အသဲအသန်ထုတ်ပြီးချက်။ ဘုရားဆွမ်းတော်တင်ပြီး ကန်တော်လေးက မုန့်ဟင်းခါးလေးအမှတ်နဲ့စား။ ခုချိန်ဆို အမေကဈေးသွားလောက်ပြီ။ ကိုယ်ရှိနေရင် ခြင်းတောင်းလေးဆွဲပြီး အမေနဲ့ဈေးလိုက်နေကျ။ ပေါက်ကရတွေ စားချင်တဲ့ကိုယ့်ကို အမေက အနောက်ရန်ကင်းဈေးကိုခေါ်တတ်တယ်။ အဲဒီမှာ တခါတလေ ငရုတ်သီးစိမ်းလေးတွေ၊ ရှောက်ရွက်လေးတွေပုံထားတဲ့ နှမ်းဖတ်ချဉ်မွှေးမွှေးလေး ရနိုင်သလို၊ သင်္ဘောသီးစိမ်းခြစ်ဖွေးဖွေးလေးနဲ့ ရေညှိစိမ်းစိမ်းလေးတွေလဲ ရတတ်သေး။ ရှားရှားပါးပါး ငုံးကောင်လေးတွေလဲရှိတတ်သလို၊ ငရံ့အူကတော့ အမြဲလိုရတတ်တယ်။ နာရီကြည့်မိတော့ ၁၀နာရီ။ အိတ်ကလေးဆွဲပြီး အီမ်နားကwet marketကို ရန်ကင်းဈေးသဘောနဲ့ပတ်။ မြန်မာလိုပြောတတ်တဲ့ ကုန်စိမ်းသည်ဆီမှာ ချဉ်ပေါင်၊ ဒန့်ဒလွန်၊ ကြက်ဟင်းခါး အကုန်ရ။ ငှက်ပျောအူ၊ ကင်းပုံသီးကအစ ရတဲ့ အဲဒီဆိုင်လေးက ပျဉ်းတော်သိမ် နဲ့ ငရုတ်သီးစိမ်းတောင် အဆစ်ပေးတတ်သေး။ ဒီတော့ မြန်မာပြည်ပဲ ရောက်နေသလို။ ပင်လယ်ငါးတွေတွေ့ရမှ လက်ရှိဘဝ ပြန်သတိရမိတယ်။ တုံချမ်းချမ်းနဲ့ တရုတ်တီးဝိုင်းကား ဖြတ်သွားတော့ ရပ်ကွက်ထဲက အိုးစည်ဝိုင်းကို လွမ်းမိသေး။ ပိုးအိစံသီချင်းတွေ အကျယ်ကြီးဖွင့်တဲ့ စက်ဘီးထီဆိုင်တွေ လွမ်းမိတတ်သလို၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီကBusတွေစီးရင်း မြန်မာပြည်က စပယ်ယာတွေ လွမ်းတတ်တဲ့ ကိုယ့်ကို မောင်ကတော့ ပေါက်ပေါက်ရှာရှာ လွမ်းတတ်သူတဲ့။ တကယ်ဆို သူလဲ အတူတူ။ ချက်ပြုတ်စားသောက်ပြီးတာနဲ့ လမ်းထိပ်က ကွမ်းယာဆိုင် နဲ့ လဘက်ရည်ဆိုင် အလွမ်းပြေ ပနင်းဆိုးလားကို သွားဖို့ခြေလှမ်းစရော။ မော်လမြိုင်က ကွမ်းယာစားပြီး၊ ရဲရင့်က လဘက်ရည်နဲ့ အလွမ်းဖြေနေချိန်မှာ ကိုယ်ကတော့ လမ်းပြကြယ်ကို လမ်းထိပ်ကစာအုပ်ငှားဆိုင်လေးလို မွေုနှောက်။ ဝင်းမြန်မာက အကြော်စုံနဲ့ ရေနွေးကြမ်းလေးမော့လို့ပေါ့။ အလွမ်းတွေ လျော့လိုလျော့ငြားလေ။ ဝရန်တာ ကျဉ်းကျဉ်းလေးက ကိုယ့်ဥယျာဉ်လေးက သီးပင်၊ စားပင်၊ ပန်းပင်စုံတဲ့ အမေ့လက်ရာ ဥယျာဉ်လေးကို မမှီပေမယ့် ဖြူဆွတ်ဆွတ် စံပယ်ပန်းလေးတွေနဲ့၊ သနပ်ခါးပန်းရနံ့ သင်းသင်းလေးတွေ ကြောင့် တခါတခါ အမေ့ဥယျာဉ်လေးထဲ ပြန်ရောက်သွားသလို ခံစားရတယ်။ မောင်ကတော့ လဘက်သုတ်ကလေးကို၊ ရေနွေးကြမ်းနဲ့မြည်းရင်း အိမ်ရှေ့က ဖြတ်ဖြတ်သွားနေတဲ့ MRTသံကို မီးရထားသံအမှတ်နဲ့ သူ့မေမေရှိတဲ့ နယ်မြို့လေးဆီ စိတ်ကူးနဲ့ ခရီးနှင်လို့။ တချို့ညနေတွေမှာတော့ မောင့်ဂီတာသံတွေမှာ လွင့်မျောရင်း စက်ရုပ်ပြန်ဖြစ်မယ့် မနက်ဖြန်ကို မသိချင်ဟန်ဆောင်။ ညရောက်တော့ မြန်မာရုပ်ရှင်လေးတွေ internetကနေ ကြည့်ုလို့ နေကြာစိလေးတွေဝါးရင်း နဝဒေးရုံထဲမှာပဲ ထိုင်ကြည့်နေသလိုလို။ သားက သူ့ကိုဂရုမစိုက်လို့ computerကို ရုတ်တရက်လာပိတ်တတ်တာက လွဲလို့ပေါ့။ အဲဒီလို အစားထိုးစရာလေးတွေရှိနေတာကပဲ မွန်းကြပ်နေတဲ့စိတ်ကို နဲနဲတော့သက်တောင့်သက်သာရှိစေပါရဲ့။ ဒါပေမယ့် အစားထိုးလို့မရတဲ့ လစ်ဟာချက်တွေက အများသားဆိုတော့ အချိန်တန်ရင် ပြက္ခဒိန်လေးကြည့် ပြန်ဖို့ရက်ကို လက်ချိုးရေနေမိတယ်။

တန်ခူး
10:00pm 02-Mar-2008