Thursday, April 2, 2009
ဟင်းစပ်
တခြားအိမ်ရှင်မတွေတော့ မပြောတတ်ဘူး။ ကျွန်မအတွက်တော့ ဟင်းစပ်ကို စဉ်းစားရတာ အတော် ဦးနှောက်ခြောက်ပါတယ်။ ဒီနေ့ ကြက်သားဟင်းချက်မယ်၊ ၀က်သားဟင်းချက်မယ်… ဒီလို စဉ်းစားရတာ လွယ်ပေမယ့် ဟင်းကြီးနဲ့ လိုက်မယ့် နောက်တမျိုးစဉ်းစားရတာ အတော်ခက်ပါတယ်။ ဒီကြားထဲ ကိုယ်က အစာအိမ်ရောဂါရှိသူဆိုတော့ အစားရှောင်ရတာ တမျိုး၊ သားပါစားလို့ ရအောင်က တမျိုး၊ အမျိုးသားကလဲ ကိုယ်နဲ့ တချို့ နေရာတွေ အကြိုက်ချင်း မတူတော့ အတော် စဉ်းစားရကြပ်ပါတယ်။
အရင်က ညီမ၀မ်းကွဲလေးရှိတုန်းက စနေဆို သူနဲ့ ဈေးဝယ်ထွက် ပြီးရင် ပါလာတဲ့ ဟင်းချက်စရာပေါ်မူတည်ပြီး သူ့ ကို တပတ်စာ ဟင်းစပ်ပေးရပါတယ်။ နေ့ တိုင်း ဦးနှောက်စားတာထက် အဲဒီတရက် တခါတည်း ဦးနှောက်စားရတာ ပိုသက်သာပါတယ်။ တခါတလေ ညီမလေးလုလုဆီသွားဖတ်ပြီး အကြံရသလို တခါတလေ ညီမလေးနိနိရဲ့ အသုတ်ကလေးတွေသွားယူ တခါတလေကျတော့ ကိုအန်ဒီတို့ ဆီသွား မွှေနှောက်ပြီး တပတ်စာ စဉ်းစားတတ်ပါတယ်။ ခုညီမလေးလဲ ပြန်သွားတော့ တကိုယ်တော်စဉ်းစား၊ တကိုယ်တော်ချက်။ မဖြစ်သေးဘူး… သူများတွေ ဘာလိုတွေများ ဟင်းစပ်ကြသလဲ သိချင်လို့  အကူအညီတောင်းဦးမှဆို ဒီပို့ စ်လေး ရေးဖြစ်တာပါ။
အရင်က ကျွန်မတို့  အညာမြို့ လေးမှာ တလစာ ဟင်းစပ်ကို ဇယားလေးဆွဲထားတတ်တဲ့ အန်တီတို့  အန်ကယ်တို့ ကို သတိရမိပါတယ်။ မြန်မာပြည်မှာ ရာသီပေါ်သီးနှံလေးတွေကလဲ ပေါတော့ ချက်ပါလေ့။ ဒါပေမယ့် တခါတခါ ဇယားအတိုင်း သွားရတာလဲ အခက်သားလား။ ဇယားဆွဲတုန်းက တင်္နလာနေ့  ဒီဟင်းလေးချက်ရင် ကောင်းမယ် စဉ်းစားမိပေမယ့် အဲဒီနေ့  ရာသီဥတုအခြေအနေနဲ့  ခံတွင်းတွေ့ တာပေါ်မူတည်ပြီး စိတ်က ပြောင်းတတ်တာမျိုး။ ဥပမာ- မိုးလေးအေးရင် ဟင်းခါးပူပူလေး သောက်ချင်တာမျိုးပေါ့။ လူက နေမကောင်းချင် သလိုလိုဆို ချဉ်ငံစပ် အသုတ်လေး စားချင်တာမျိုး။
များသောအားဖြင့် ချက်ဖြစ်တဲ့ အသားကတော့ ကြက်သား၊ ၀က်သား၊ ပုဇွန်ပါပဲ။ သားအတွက် ငါးချက်ဖြစ်ပေမယ့် သူ့ အဖေက ငါးမစားတော့ ကြက်သား၊ ၀က်သား သူ့ အတွက် ချက်ရတာပါပဲ။ ကျွန်မက အစာအိမ်သမား၊ လေသမားဆိုတော့ အရမ်းကြိုက်တဲ့ ချဉ်ပေါင်ရွက်တို့  ခရမ်းသီးတို့  မရမ်းသီး လဘက် ချဉ်ဖတ်မစားရပါဘူး။ ကျွန်မ မကြာမကြာချက်ဖြစ်တဲ့ ဟင်းစပ်တွေက ပျင်းစရာကောင်းတာတော့ အမှန်ပဲ။ ကြည့်ပါဦး။
၁) ကြက်သား နဲ့  ဗူးသီး(သို့ ) ဂေါ်ရခါးသီး ကာလသားချက် (အရည်သောက်) + ခရမ်းချဉ်သီး ငါးပိချက်
၂) ၀က်သားဆီပြန် + ကန်စွန်းရွက်ချဉ်ရည်
၃) ကြက်ဥသီးစုံချဉ်ရည်+ ငါးပိကြော် (သို့ ) ပုဇွန်စိတ်ကြော်
၎) ၀က်သားဆီဗူးကြော်(၀က်သားကြိတ်သားကို တန်ပူရာ၊ ကြက်ဥနဲ့ ရောကြော်တာပါ)+ကြာစွယ်ဟင်းခါး
၅) ပုဇွန်မဆလာချက်+ခရမ်းချဉ်သီးသုတ်(သို့ ) မြင်းခွါရွက်သုတ်
၆) ကြက်သားကုလားပဲဆီပြန်+ဟင်းရွက်စုံဟင်းချို (ဒန့် ဒလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်ရွက်၊ ကန်စွန်းရွက် အရွက်တွေပေါင်းပြီး ချက်တာပါ)
၇) ငါးရံ့ခြောက်ထောင်းကြော်+ပဲနီလေးကြာဇံဟင်းချို
၈) ဘဲပေါင်း+ကြံမဆိုင်ဟင်းချို
၉) ကြက် (သို့ ) ၀က် ကုန်းဘောင်ကြီးကျော် + ကျောက်ဖရုံသီးဟင်းချို
၁၀) ငုံးဥကြော်ချက်+ အာလူးကက်တလစ်ကြော်
၁၁) ပဲကြီးနှပ်+ အာလူးကြာဇံသုတ်(သို့ ) မုန်လာဥနီသုတ်
၁၂) ပုဇွန်ငါးဆုတ်ချက်+ဒန့် ဒလွန်သီးချဉ်ရည်
စိတ်ထဲမှာ အာသီသဖြစ်ပြီး ကျန်းမာရေးကြောင့် မစားရဲတဲ့ ဟင်းစပ်လေးတွေကတော့…
၁) ၀က်သား ဒညင်းသီးချက်+ မန်းကျည်းသီးစိမ်း ငါးပိချက်
၂) ငါးလေးအိုးကပ်+ မရမ်းသီးထောင်း
၃)ဆိတ်သားဆီပြန်+ကြက်ဟင်းခါးသီးကျော်
၎) ကင်းပုံသီး၊မျှစ်ကြော်+ဇီးဖြူသီးထောင်း
၅) လဘက်ထမင်း+ငပိရည်တို့ စရာအစုံ
၆) တို့ ဘူးသုတ်+အာလူးဟင်းခါး
မိတ်ဆွေတို့ ရော ထမင်းမြိန်အောင် ဘယ်လို ဟင်းစပ်လေးတွေ ဖန်တီးကြသလဲ။ ကော်မန့် လေးမှာ ရေးပေးသွားကြပါနော်။ ပြီးရင် ဟင်းစပ်လေးတွေ ပေါင်းပြီး အိမ်ရှင်မတွေ အတွက် အကူအညီရအောင် ပို့ စ်တခုတင်ပေးပါမယ်။
ထမင်းမြိန်ကြပါစေ…။
တန်ခူး
2:52pm 02-Apr-2009
34 comments:
  1. တန်ခူး ရေးတာဖတ်ပြီး အခုလောလောဆယ်တော့ ဗိုက်ဆာသွားတာပဲ သိတယ်...
    ဟင်းစပ်ရေးဖို့ရာ နဲနဲမှ စဉ်းစားလို့မရသေးဘူး။
    ညနေ ထမင်းစားပြီးချိန်ကျမှ တခေါက် ပြန်လာပြီး အိမ်မှာချက်လေ့ရှိတဲ့ ဟင်းစပ်တွေ လာပြောပြမယ်နော်....
    ReplyDelete
  2. အစ်ကိုကြီးက ငါးမစားဘူးလား။ ကျနော်လည်း ငါးမစားဘူးဗျ။ အဖော်ရပြီ။ ကျနော်တို့တော့ အဖေတစ်လှည့် သားတစ်လှည့်ဟင်းစပ်ပဲချက်စားကြတယ်ဗျ
    ReplyDelete
  3. အဲဒါပြောတာလေ။ ထမင်းဆိုင်က တော်ပါပေ့ဆိုတဲ့ စားဖိုမှူး အမျိုးသမီးတစ်ယောက်က ဟင်းချက်တဲ့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့ ဆိုတာ မလွယ်ဘူး တဲ့ဗျ။ အဲဒါ အစ်မပြောတဲ့ ဟင်းစပ်ကြောင့်ပဲ။ ထမင်းဆိုင်သမားကတော့ နေ့တိုင်း ဟင်းစုံချက်နေရတာဆိုတော့ ဟင်းစပ်ဆိုတာကို နားမလည်ကြဘူးလေ။
    ကျနော်လည်း ဟင်းစပ်ကို သိပ်ဝါသနာပါတာဗျ။ :)
    ReplyDelete
  4. ပိန္နဲသီးအစိမ်းကို အစေးပျောက်အောင် တလုံးလုံးကို ဘေးကနေ တဘုန်းဘုန်းရိုက်၊ ဆူးတွေကို ဓားထက်ထက်နဲ့ ခြစ်ထုတ်၊ ပြီးရင် ၀က်သားနဲ့ တွဲဖက်ချက်စားတာကိုလဲ ဟင်းစပ်လို့ခေါ်မလား မတန်ခူးရေ။ မျှစ်တာလပေါဟင်း ခပ်ကောင်းကောင်းရယ် အဲဒီ ၀က်သားဟင်းရယ်၊ ကရင်ငါးပိထောင်း၊ သရက်ကင်းတို့စရာရယ်...၊ အင်း..ပြောရင်းနဲ့တောင် ဗိုက်ဆာလာသလိုလိုပဲ။
    ReplyDelete
  5. ၁။ပဲနီလေးကြာဇံဟင်းချို၊ အမဲသား၊ သရက်သီးထောင်း
    ၂။ မျှစ်ချဉ်နဲ့ဝက်သား၊ ငပိထောင်း
    ၃။ ကြက်ဥနဲ့ကြက်သွန်နီမွှေကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိရေ
    ၄။ပုဇွန်မီးဖုတ်သုတ်၊ ဗူးသီးဟင်းခါး၊ ငပိထောင်း
    ၅။ငါးဟင်း၊ သခွားသီးသုတ်၊ ငပိရည်၊ တို့စရာ
    ၆။ တခါတရံ သင်္ဘောသီးသုတ်၊ အာပူလျှာပူနဲ့ထမင်းစားရတာလည်း စားကောင်းပါသည်။
    အစပ်တော့သိပ်မတည့်ပါ။ချက်လေ့ရှိသောဟင်းများဖြစ်ပါသည်။ ကျန်တာတွေစဉ်းစားမရပါ။ နောက်တစ်ခေါက်ပြန်လာဖတ်ပါမည်။
    ReplyDelete
  6. ရ။ ဝက်သားအာလူး၊ ချဉ်ပေါင်ဟင်း၊ ငပိထောင်း
    ဂလု....
    ReplyDelete
  7. အမရေ - မဇနိကို အမှတ်ခိုင်းရဦးမယ်။ အမဆီကနည်းတွေကို။ သူ့အိုက်ဒီယာရှိရင် အရေးခိုင်းရဦးမယ်။
    ReplyDelete
  8. -ငါးဘတ်မုန်လာရွက်ချဉ်ရည်ဟင်း ၊ ရခိုင်ငပိထောင်း ၊ ပဲထောပတ်နှပ်
    -ပုဇွန်အစပ်ကြော် ၊ ကန်ဇွန်းရွက်ချဉ်ရည်ဟင်း ၊ ကြက်ဥကြော်(နံနံပင်၊ကြက်သွန်နီ၊ငရုတ်သီးစိမ်းထည့်ကြော်)
    -ဝက်သားဗုံလုံသီးအစာသွပ်နှပ် ၊ ပဲနီပြားသုတ် ၊ မြင်းခွားရွက်သုတ် ၊ချဉ်စပ်ယိုးဒယားဟင်းချိုချဉ်စပ်
    -ငါးပြေမ ( ခရမ်းချဉ်သီးနဲ့) ဆီပြန်ချက် ၊ ငရုတ်သီးခြောက်လေးစိပ်ခွဲထောင်းကြော်၊ တံမာချဉ်၊ ငါးပိရည်ငါးမီးဖုတ်ဖျော်၊ ခရမ်းသီးသုတ်
    -ဝက်သားဒညင်းသီးချက်၊ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း ၊ငရုတ်သီးစိမ်းထောင်း(ငရုတ်သီးစိမ်းလှော် ၊နံနံပင် ၊ငါးမီးဖုတ် ၊ဆား၊ ကြက်သွန်ဖြူ ရောထောင်း)
    -ပဲနီလေးငပိချက် ၊ ဘူးသီးဟင်းခါး ၊ ငါးချဉ် (သို့) ပုဇွန်ချဉ်သုတ် ၊ အရွက်ကြော်
    -ပင်စိမ်းရွက်ငါးလေးအိုးကပ် ၊ ဘူးညွန့်ကြော်ချက် ၊ မရမ်းသီးသုတ် နဲ့ ငါးပိရည် တို့စရာ
    -ငါးခူကြော်နှပ် (ဆီပြန်ချက် ) ၊ ပဲကြီးဆူးပုတ်နှပ် ၊ ငရုတ်သီးတောင့်ကြော်... အဲ.. တော်ပြီ ၊ တော်ပြီ ။ စားလဲမစားရဘဲနဲ့ ။ အီးးးးးးးး
    ReplyDelete
  9. မတန်ခူး
    လာငေးသွားတယ်..
    ကျနော်တော့ စပ်မနေပါဘူး..
    အဆင်ပြေသလိုချက်လိုက်တာပဲ..
    မတန်ခူးတက်ဂ်ထားတာမမေ့ဘူးနော်.
    ReplyDelete
  10. ဒီပို့စ်ကိုတော့ သွားရည်ကျတဲ့ ပို့စ်လို့ နံမည်ပေးရတော့မယ်။ ပို့စ်ရော ကွန်မန့်တွေရော ပေါင်းပြီး နှိပ်စက်ကြပါပေတယ်။ အမကိုရတဲ့ အကို ကံကောင်းလိုက်တာ။
    ReplyDelete
  11. :D ဟီး ဟုတ်တယ် မမိုးချိုသင်းပြောသလိုပဲ။ ၀က်ဆီဗူးဆိုတော့ ဘယ်လိုများပါလိမ့်လို့ ဖြစ်သွားတာ။ နောက် ဆက်ပြီး ဖတ်မှပဲ သဘောပေါက်တော့တယ်။
    လောလောဆယ် စိတ်ထဲရှိတဲ့ ဟင်းတချို့ စပ်ပေးလိုက်ဦးမယ်။
    (၁) ၀က် (သို့) ကြက်သားချိုချဉ်၊ ကျောက်ပွင့်သုပ်၊ တုံယမ်းဟင်းချို၊
    (၂) ငါးခြောက်ထောင်းကြော်၊ ပဲစဉ်းငုံဟင်း၊ ရုံးပတီသီးနှပ်၊ ငရုတ်သီးဆားထောင်း။
    (၃) ပဲထောပတ်ထမင်း (ပဲနီလေးနဲ့ချက်ရတာ)၊ ကြက်သား မဆလာချက်၊ ပါပလာကြော်၊ သရက်သီးသနှပ်။
    (၄) ငါးထမင်းနယ် (ငါးမကြိုက်ရင် အာလူးပဲ ထည့်လို့ရတယ်) စွန်တန်ဟင်းချို၊ ဂျူးမြစ်၊ ငရုတ်သီး အခြောက်တောင့်ကြော်။
    (၅) ဒန့်သလွန်သီးမီးဖုတ်ခြစ်ချက်၊ ပုဇွန်ဆီပြန်၊ ကြာဆံဟင်းခါး။
    (၆) ကြက်သားသုပ်၊ ပဲကြော် (အမကြိုက်တဲ့ kidney bean)၊ ဗူးသီးချဉ်ရည်။
    (၇) ၀က်သားချဉ်စပ်၊ ကန်စွန်းရွက်နဲ့မှို၊ ပဲစောင်းလျားသီးသုပ်၊ အရည်သောက် မထည့်တော့ဘူး တရက်တလေ ရေနွေးကြမ်းနဲ့ပဲ သောက်တော့နော်။
    အားလုံးလဲစားလို့ရတာ အမနဲ့လဲ တည့်တာ စဉ်းစားပြီး တပတ်စာ ရေးပေးလိုက်ပါတယ်။
    သိပ်ချက်တတ်တာတော့ မဟုတ်ဘူးနော် .. ဟဲဟဲ။
    ReplyDelete
  12. တန်ခူးရေ..တို့ကတော့ တန်ခူးရဲ့ ပို့စ်လေးကို စိတ်ဝင်စားတယ်..ဟင်းစပ်တော့ မစားဘူး..ကလေးတွေနဲ့ဆိုတော့ အချိုတွေပဲ စားဖြစ်တယ်..ဟဲဟဲ..။
    အားပေးတယ်..တန်ခူးတို့လို အိမ်ရှင်မတွေ ကူညီမှဖြစ်မှာ..တို့ကတော့ မရဘူး..အဓိက ကလေးတွေ ဦးစားပေးပြီး ချက်ဖြစ်တာပဲ..ဒါတောင်..စိတ်ထဲရှိတာနဲ့ ချက်နေရင်း စိတ်ကူးပေါက်ရင် ဟင်းအသစ်ဖြစ်သွားရော..။ သူများတွေ ဘာတွေချက်သလဲ လာကြည့်ဦးမယ်နော်..။
    ဒီပို့စ်လေးတွက် ကျေးဇူးပဲ တန်ခူးရေ..
    ReplyDelete
  13. ၀က်သားနဲ့ ပုံးရည်ကြီးချက် + မုံလာဥ ချဉ်ရည်
    ဘဲဥ အချဉ်ချက် + ပဲနီလေး ဟင်းချို + ငပိထောင်း
    ပဲထောပတ် ဆီပြန် + မြေပဲ ဂျူးမြစ်ကြော် + ပုံးရည်ကြီးသုတ် + ဘူးရွက်ဟင်းချို
    ပဲခြမ်းကြော်သုတ် + မျှစ်ခြောက်ကြော် (အချို) + လက်ဖက်ရည်ကြမ်း
    ဆိတ်သားနဲ့ ကုလားပဲ + ငြုတ်သီးတောင့်ကြော် (မတန်ခူးနဲ့တော့ တည့်မယ် မထင်ပါ)
    (ပုဇွန်ခြောက်မှုန့် များများလေးနဲ့) ခရမ်းသီးနှပ် (အဲ နောက်တစ်ခု မတည့်တာ ပါသွားပြန်ပြီ) + ပဲကြီး ဆူးပုပ်ဟင်းချို
    ဒါလောက်ဆို ရလောက်ပြီ ထင်ပါ့။
    ReplyDelete
  14. မြန်မာထမင်းပွဲလို ဖွယ်ဖွယ်ရာရာ မချက်တာ ကြာပါပြီ... ဟင်းအစပ်အဟပ်တည့်အောင် ချက်နိုင်တာ ပါရမီပါ။ သူငယ်ချင်းတယောက်ဆို ချဉ်ပေါင်ကြော် ရှောက်သီးသုပ် ကင်ပွန်းချဉ်ရွက် ဟင်းချိုချက်တယ်... သူစားချင်တာတွေ အားလုံးပေါင်းချက်တာ။
    ပဲဟင်း + ဟင်းနုနွယ်ရွက်ကြော် + မရမ်းသီးငပိထောင်း
    ငါးကင် + မုန်ညှင်းရွက်ကြော် + စွန်ထန်ဟင်းချို
    ကြက်သားသုပ် + ကန်စွန်းရွက်ကြော် + ဘူးသီးဟင်းခါး
    ReplyDelete
  15. အင်ကြင်းApril 3, 2009 at 10:39 AM
    ကင်ပွန်းချဉ်ရွက်ချဉ်ရေ + ငရုတ်သီးဆားထောင်း + ငါးကျည်းအကျွတ်ကြော်
    ရွှေဖရုံသီးဟင်း + မန်ကျည်းသီးစိမ်းငါးပိထောင်း+ ၀က်သားအချိုချက်
    ReplyDelete
  16. အဲ့...ကျနော်က ဘယ်လိုအကြံပေးရမှာပါလိမ့် အိမ်ရှင်မလည်းမဟုတ်း) အစ်မကြီးချက်တဲ့ဟင်းတွေကတော့ တကယ့်ကိုစားချင်စရာတွေ သွားရည်ပါကျသွားတယ် ။ စလုံးလည်း မြန်မာ အစားစားတွေ တော်တော်များများရတယ်မှတ်လား ဒီမှာတော့ ဟိုဘက်ကမ်းက လာရောင်းကြတာမို့ အဆင်ပြေပါတယ် ပေါပေါနဲ့စားရတာကောင်းတယ် ။ ခုချိန် ပူနေတယ်ဆိုတော့ ဟင်းချိုးလေးဆိုကောင်းမလားလို့ အဆီတွေက ကြာကြာစားပါများတော့ ရိုအီနေပြီး မကြည့်ချင်စိတ်တောင်ပေါက်တာပဲ ။ ပိတ်ရက်တွေဆိုရင် ခေါက်ဆွဲလေးသုတ်စား ဆန်ပြုတ်ကို ၀က်ရိုးလေးတွေနဲ့ ထည့်ပြုတ် ပြီးကြက်ဥကြော် ငါးခြောက်းဆီဆမ်းလေးနဲ့စားရင်လည်းမဆိုးဘူး ။အစ်ကို့ကိုမေးကြည့်ပေါ့ အစပ်မတည့်တော့တဲ့ အခါတွေ ဘာစားချင်သလဲဆိုတာ အရမ်းကြီးခံတွင်းပျက်နေရင်တော့ ထမင်းသုတ်လေးကအကောင်းဆုံးပဲ (ကျနော်တော့ကြိုက်လို့ ) ဆီချက်လေး၊ ငရုတ်ဆီလေးနဲ့ နှစ်ပြန်ကြော်ပဲ လေးနဲ့ ဆို စပ်စပ်လေးသုတ်စား တော်တော် အဆင်ပြေတယ် အစ်မရ ။ အစ်ကိုက ၀က်သားကြိုက်ရင်တော့ သုံးထပ်သားကို လက်မ အရွယ်စားလောက် ပါးပါးလှီး ပြီးတော့ ပဲရည် အချိုမှုန့် ဆန်မှုန့်လေးနဲ့ ရောနယ် ဆီပူပူထဲထည့်ကြော် စထည့်ထဲက မွှေပေးနေမှ ဆီပေါက်မှာစိုးလို့ မမွှေပဲ ထားရင်တော့ ပိုပေါက်တယ်ဗျး) တလစပ်မွှေပေးနေရင်တော့ ဘာမှမဖြစ်ပါဘူး အဲ့တာ ကြွပ်ကြွပ်လေးဖြစ်မယ့် အချိန်လောက်မှ ချပြီး ပူပူလေး ငပိလေးနဲ့ နယ်စားရင် ကောင်းမှကောင်း ။ ကျနော့်အကြိုက်တွေကြီးလိုက်ပြောနေတယ် ဟီး။။။ ကြော်တဲ့ အချိန် သားသားကို ပေးမလာနဲ့နော့် စိတ်ပူလို့ ဆြာ လုပ်သွားပြီး အစ်မရေ့ အိမ်ရှင်မ တာဝန်ကလည်းမလွယ်ပါလားနော် ။
    ReplyDelete
  17. အစ်မတန်ခူး ဟင်းစပ်ကော အားလုံးရဲ့ဟင်းစပ်တွေ မှတ်သွားပါတယ်။ ကောင်းမှကောင်းပါပဲ။
    ReplyDelete
  18. ဟင်းစပ်တဲ့... ဒီဘာသာရပ် ကိုတော့ ခွင့်လွှတ်ပါ တန်ခူးရယ်။ မသီတာ ဟင်းစပ် ပိုင်ပုံများတော့ ရေချမ်းနဲ့ ရေစင် အရိုးပေါ် အရေတင်နေခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အရိုးကျေကျေ အရည်ခန်းခန်း လေ့လာရမယ်ဆိုရင်တော့ ဘလော့ဂင်းကိုတောင် စွန့်လွှတ်သွားရနိုင်ပါတယ်။
    ReplyDelete
  19. Ama Tagu,
    For me, mostly
    -Ma ma noodle + egg (boiled)
    -Ma ma noodle + egg (fried)
    -Ma ma noodle + egg (boiled)
    -Ma ma noodle + egg (fried)
    -Ma ma noodle + egg (boiled)
    -Ma ma noodle + egg (fried)
    -Ma ma noodle + egg (boiled)
    My fav: is fried beef with chilli, onion, garlic and roselle soup.
    ReplyDelete
  20. အမတန်ခူးရေ ကိုဇနိက ဟင်းစပ်သွားရေးလိုက်အုံးတဲ့ တနေ့ကတည်းက တွန်းအားလာပေးသွားတယ်။ ခုမှ လာရေးဖြစ်တာ။ ကိုယ်စပ်ချင်တာလေးတွေ သူများက ဦးဦးသွားရော။ ညီမကစပ်ရင်တော့ အညာဟင်းတွေဖြစ်မယ်ထင်ပါ့။
    -ငါးလေးနဲ့ကင်ပွန်းရွက်အိုးကပ်ချက်၊
    ပဲနီလေးဆူးပုပ်ဟင်းချို၊ မြူရွက်သုပ်။
    -ပဲကြီးနှပ်၊ ငါးရံ့ခြောက်ကြွပ်ကြွပ်ကြော်၊ သရက်ချဉ်မာမာလေးကို ကြက်သွန်နီလေးနဲ့သုပ်၊ ငရုတ်သီးတောင့်လုံးကြော် ပုဇွန်ငါးပိလေးနဲ့။
    -မန်ကျည်းရွက်ပါလေကာနဲ့ ဆန်ဟင်းချို၊
    ဝက်သားခရမ်းသီးနှပ်၊ ပါလချောင်ကြော်။
    -ဂွေးတောက်ရွက်ဟင်းချို၊ အမဲသားနှပ်၊
    မန်ကျည်းရွက်ချဉ်မာမာဝင်းဝင်းလေးတွေကို
    ကြက်သွန်ဖြူလေးနဲ့သုပ်။
    -ကင်ပွန်းဖူးငါးပိချက်၊ မျှစ်စိမ်းဆန်ဟင်း၊
    ဝက်ကလီစာဟင်း။
    -ကင်းပုံသီးနဲ့မန်ကျည်းရွက်ရောချဉ်သိပ်ထားတာကို
    ငါးပိနဲ့ကြော်ထားတာ၊ ပြည်ပန်းညိုရွက်ဟင်းချို၊
    ဝက်သားမီးမြိုက်အနှပ်။
    -မျှစ်ပြုပ်ပြီးကြက်သွန်ဖြူလေးနဲ့ရောထောင်းထားတာ နှမ်းထောင်းလေးနဲ့သုပ်၊ ငါးပိကောင်ချက်၊ ဒန့်သလွန်ရွက်ဟင်းချို။
    -ပဲပြုပ်ထမင်းပူလေးဆီဆမ်း၊ ငါးရံ့ခြောက်ဖုတ်၊
    မန်ကျည်းချဉ်သုပ်။
    -ငါးရံ့ခြောက်ဆီပြန်၊ ကဆော့သီးလှော်ထောင်း၊ တမာရွက်တို့စရာ။
    -ငရုတ်သီး ငါးရံ့ခြောက်အတုံးလေးတွေကို ကြက်သွန်နီနဲ့ စိုစိုလေးကြော်၊ ခရမ်းသီးမီးဖုတ်သုပ်၊ ကုလားပဲနှပ်။
    -သမုန်းဖူးသုပ်၊ ကင်းပုံဆူးပုပ်ရွက်ဟင်းချို၊ ငါးသလောက်နှပ်။
    -ဖားသားနဲ့ကင်ပွန်းချဉ်ချက်၊ ငါးပိကောင်ကြော်။
    စားချင်တဲ့ဟင်းတွေထိုင်စပ်နေတာ။ ပြန်တော့မယ်နော်။
    ReplyDelete
  21. စားချင်တဲ့ ဟင်းစပ်ကတော့
    ... ဆိတ်သားလုံးချက်၊ မန်ကျည်းသီးထောင်း ကြော်(သို့)မန်ကျည်းဖူးကြော်၊ ဗူးသီးဟင်းခါး ။
    ...ငါးခူငါးပိကောင်ငရုပ်သီးစပ်စပ်ကြော်၊မန်ကျည်းရွက် ချဉ်ရည် ။
    ....မုန်ညင်းစော၊ ဆလပ်ရိုးနဲ့ ပဲကြာဇံသုပ် ။
    ....ကြက်ဥကိုကြက်သွန်နီနဲ့ခလောက်ကြော်၊ ပုန်းရည်ကြီးကို လက်ပံပွင့်ခြောက်နဲ့ ချဉ်ရည်ဟင်းချက် ။
    ReplyDelete
  22. ဒီနေ့မှ ခရီးက ပြန်ရောက်လို့ ဟင်းစပ်ခေါင်းစဉ်ကြောင့် ၀င်လာဖတ်တယ်။ အခုစဉ်းစားမိတာမှာ
    ၁)၀က်သားနဲ့ ကြက်ဥပေါင်း၊ကြံမဆိုင်ဟင်းချို
    ၂)ကြက်သားအချိုပေါင်း၊ ရှောက်သီးသုပ်၊ဟင်းခါး
    ၃)ကကတစ်ငါး နဲ့ဆားငံသီးပေါင်း၊ ကြက်ရိုးနဲ့ ကြာစွယ် အရည်သောက်
    ၄)ကကတစ်ကြော်ပြီး ပဲငပိနဲ့အစပ်နှပ်။ ပဲနီလေးဟင်းချို
    ၅)ငါးမြင်းနဲ့ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း၊ ငါးပိ တို့စရာ
    ၆) ငါးကြင်းခုတ်သားနဲ့ ခရမ်းချဉ်သီး အရည်စပ်စပ်၊ ငပိတို့စရာ၊
    ၇)ပုဇွန်ခြောက်နဲ့ အားလုံးအ၀ိုင်းလေးတွေလှီး အစပ်ဆီပြန်ကြော်၊ ကုလားပဲဟင်းချို ကြာဇံခတ် ၊
    သရက်သီးစိမ်းဒါးနဲ့ပေါက်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီများများနဲ့ ငပိနည်းနည်းထည့် ကြော်တဲ့ သရက်သီးကြော်
    အဲဒါကတော့ မကြာမကြာချက်စားတာများသာဖြစ်ပါတယ်။ အိမ်မှာတော့ ငါးကြိုက်ကြတယ်လေ။ နောက်သတိရရင်လာရေးဦးမယ်။
    တန်ခူးရဲ့ ဟင်းစပ်တွေလဲ ယူထားတယ်။ ၀က်ဆီဗူးကြော်တော့ ခဏခဏ လုပ်စားတယ်။ သားက ကြိုက်တယ်လေ။ တခါတလေ ကြက်သားနဲ့ ကြော်တယ်။
    ReplyDelete
  23. ပုဇွန်ခြောက်နဲ့ အာလူး ဖြစ်ပါတယ် စာရေးတာ မှားသွားတယ်။
    ReplyDelete
  24. # ခရမ်းချဉ်သီး ငါးကျည်းခြောက် ဆီပြန် + ပဲစောင်းခါးသီးသုပ် + ပဲနီလေးဟင်းရည်
    # ဝက်နံရိုး (သို့) ကြက်တောင်ပံ ကင် + ယိုးဒယားသင်္ဘောသီးထောင်း + Tom-Yum ဟင်းရည်
    # ကြက်ဥမွှေကြော် (အထဲမှာ ဝက်သားတောက်တောက်စဉ်းပြုတ်ကြော်လုပ်ပြီးသားပါထည့်ပြီး ခလောက်ကျော်ရင် ပိုကောင်းပါတယ်) + Tom-Yum ဟင်းရည်
    # ငါးကြော် (သို့) ဝက်သနီချက် (သို့) အသားဟင်းတမျိုးမျိုး + ပဲပင်ပေါက်သုပ် (ပဲပင်ပေါက်ကို အနေတော်ပြုတ်ပြီး၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ နှမ်း၊ ငရုတ်သီးမှုန့်၊ သံပုရာသီး၊ ဆား၊ ငန်ပြာရည် နဲ့ သုပ်တာ) + ဟင်းချို
    ReplyDelete
  25. ခလောက်ကြော်တာဖြစ်ပါတယ်
    ReplyDelete
  26. ဟင်းစပ်ကို မလေးတော့ ပရင့်ထုတ်သွားပါပြီ..
    ကျေးဇူးအရမ်းတင်တယ်
    ReplyDelete
  27. မရေ.. ပို့စ်ရော comment တွေရော ဖတ်ပြီး ဟင်းစပ်တွေ အများကြီးရသွားတယ်.. ကျနော်တို့ အိမ်မှာ ဟင်းချက်ရင် များသောအားဖြင့် ဒီအတိုင်းချက်တယ် အမ.. အဖေကတော့ ပြောတယ်.. နင်တို့ဟင်းကလည်း formula ဟင်းတွေ ကျနေတာပဲတဲ့.. :D
    * ၀က်သားအချိုချက်+ ငါးခြောက်သီးစုံကုလားဟင်း
    * ငါးဖယ်ဆီပြန်+ဘူးသီးဟင်းခါး+ ရှောက်သီးသုပ်
    * ငါးရံ့ နဲ့ဒန့်ဒလွန်သီး + မရမ်းသီးထောင်း
    * ကြက်သား ကညွတ်+ ငါးပိထောင်း(သို့) မရမ်းသီးထောင်း
    * ငါးခူကြော် + အချဉ်ဟင်း (မုန်လာပင်ပေါက်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်)
    * ကြက်သား အာလူး အစပ်ချက် + မျှစ်နဲ့ ပုဇွန်ကြော်
    * ၀က်သားအစပ်ချက် + အသုပ် (မရမ်းသီး ၊ သရက်ချဉ်)
    * ၀က်သားမျှစ်ချဉ် + ပုဇွန်ခြောက်ကြော်
    * ငါး (ငါးခူ၊ ငါးကြင်း၊ ငါးအိုးကပ်) ဆီပြန် + ပဲဟင်းချို+ ငါးပိရည် တို့စရာ
    *ငါးကြော် ကို ငရုတ်သီးပြန်နပ်+ ဟင်းချို (သို့) အချဉ်ဟင်း
    နောက်ဆုံး ဘာမှ မရှိတော့လည်း ငါး ငပိချက် တို့စရာ နဲ့ ဘဲဥခေါက်ပြီး ကြော်စားလိုက်တယ် မရေ.. သိပ်မမှတ်မိတော့ဘူး.. များသောအားဖြင့် ဆီပြန်ဟင်းချက်ရင် အသီးအရွက် တစ်ခုခု ကြော်စားလိုက်တာပါပဲ.. အများကြီးလည်း မချက်ဖြစ်ဘူး.. ဒီမှာတော့ ဖြစ်သလိုပဲ.. အခုရေးလိုက်တာတွေက ရန်ကုန်ရောက်ရင် ကိုယ်စားချင်တာလေးတွေ ချရေးလိုက်တာ.. :D
    ReplyDelete
  28. အမ ဒီပို့စ်ကို သေချာမှတ်ထားတယ်..
    ဒီနေ့လေ.. အမပေးတဲ့ သရက်သီးကို အမပြောသလို သရက်သီးငါးပိချက် ချက်လိုက်တယ် ငါးခြောက်ထောင်းကြော်လိုက်တယ်။ ကုလားပဲ အချိုချက်တယ် အမရေ.. အရမ်းစားကောင်းတာပဲ ကျေးဇူးအများကြီးတင်ပါတယ်။ ညကျတော့ စာကြည့်ရင်းနဲ့ ရှမ်းမဇီးသီးစားလိုက် ရေသောက်လိုက် ဇိမ်ကျနေတယ် အမရေ..
    ကျေးဇူးပါ..အမရေ.. ။
    အမရဲ့ သူငယ်ချင်းကို အားနာလိုက်တာ
    သူ့ဖုန်းလွဲသွားလို့..။ မနက်ဖန်မှ သူ့ဆီဆက်ပီး တောင်းပန်လိုက်မယ်။ ပြန်ရောက်လောက်ပီထင်တယ်နော်..။
    ReplyDelete
  29. မတန်ခူးရေ...
    သိပ်တော့ မကျွမ်းပါဘူး...
    ကျနော်ကအညာဘက်ကဆိုတော့ ဟင်းစပ်ကို သိပ်ပြောတာ...
    မဒမ်ဆူးတို့ ကမွန်ပြည်နယ်ကဆိုတော့ အဲဒါတွေ သိပ်မတွေးဘူး ချက်ထဲ့ လိုက်တာဘဲ...
    ကျနော်က ထမင်းပွဲမှာ ဟင်းခွက်တွေကြည့်ပြီး ...ဟင်းစပ်လဲ မတည့်ဘူး...ဘာညာ ဂျေး( ဂျီး) များရင်...
    ဘယ်ကဟင်းစပ်လဲ...တည့်တာတွေ မတည့်တာတွေ မရှိပါဘူး...စားလိုက်ရင် ၀င်သွားတာဘဲ...တဲ့ ။
    အညာသားနဲ့ မွန်ပြည်သူ ဟင်းစပ်ကိုညှိလို့ ကို မရတာဗျ..။
    ကျနော် ကျွမ်းကျင်တဲ့ ဟင်းစပ်ကတော့...ထမင်းဆီဆမ်း
    ကြက်ဥပြုတ်နဲ့  ကြက်သွန်နီဥကို တွဲစားတာ...
    နည်းနည်းခက်မယ်ထင်တယ်....း)
    စတာ...
    ငါးပုတ်မွှေ (ငါးဘတ်မေ)ွှနဲ့ ကင်မွန်းရွက်ချဉ်ရည်..။
    ReplyDelete
  30. မုန်လာဥချဉ်ရည် ပုဇွန်ကြော်
    မျှစ်နဲ့ချဉ်ပေါင်. ဘဲဥချဉ်ရည်။
    ReplyDelete
  31. ရွဲ့တာလား မမကေအိုအမ်...... ဟမ်...
    ReplyDelete
  32. ပဲကြီး ဆူးပုပ် ဟင်းချို၊ ငါးလေးခြောက်ကြော်၊ နှမ်းဖတ်ချဉ်သုတ်နဲ့ ပေါက်ပန်းဖြူပွင့် လက်သုတ်.. ရှလွတ်
    ReplyDelete
  33. ရန်ကုန်က ယူအန် ရုံးကို နာဂစ် ကိစ္စခဏ လာတဲ့ ဘင်္ဂလားဒေ့ရှ် ပညာရှင်တော့ ငါးသလောက်ပေါင်းနဲ့ ကြက်ဟင်းခါးသီးကြော် တွဲစားမိလို့ မာလကကို ဈာန်နဲ့ ကြွသွားပါကြောင်း.. လှိုင့်ကြီးတော်ကြီး တစ်ပါးကတော့ ခုလို နွေရာသီ ကဆုန်လကြီးမှာ ၀က်သားနဲ့ ဒညင်းသီး ချက် ကို ငပိရည် တမာရွက် ပြုတ်တို့နဲ့ စားလိုက်တာ ထမင်း တပန်းကန် မကုန်ခင် ထမင်းဝိုင်းမှာပဲ ဆုံး သွား ဖူးပါတယ်။ သတိ ပေါ့နော်
    ReplyDelete