Sunday, September 21, 2008
အလွမ်းကုန်စိမ်းဆိုင်
ဂျေညီညီက ချစ်သူကို လွမ်းလို့  ချစ်သူနဲ့  ထိုင်နေကျ ကဖေးဆိုင်လေးဆီ နေ့ တိုင်းသွားထိုင်သတဲ့။ အလွမ်းကဖေး။ ကျွန်မက မြန်မာပြည်ကို လွမ်းတော့ မြန်မာ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ အဲဒီ ကုန်စိမ်းဆိုင်လေးကို ပိတ်ရက်တိုင်း သွားတယ်။ အလွမ်းကုန်စိမ်းဆိုင်။ ကဗျာတော့ သိပ်မဆန်ဘူးနော်။ ဒါပေမယ့် အဲဒီဆိုင်လေးက မြန်မာတော့ ဆန်တယ်။ ရောင်းတဲ့ လူကြီးက သူကိုယ်တိုင် မြန်မာ မဟုတ်ပေမယ့် မြန်မာလူမျိုး ၀ယ်သူလာရင် မင်္ဂလာပါတဲ့။ ကဲ… ဒီထက် မြန်မာဆန်ဦးမလား။ ပြီးရင် မြန်မာလို ပြောပြီး ၀ယ်လိုက်ရုံပဲ။ ချဉ်ပေါင်ရွက်၊ ပေါက်ပန်းဖြူ၊ ဒန့် သလွန်ရွက်၊ ဒညင်းသီး က အစ နံနံပင်၊ ငရုတ်သီးစိမ်း အဆုံး ရောင်းသူက မြန်မာလို မေးတယ်။ ၀ယ်သူကလဲ မြန်မာလို ပြောလိုက်ရုံပဲ။ ဒီနိုင်ငံမှာတွေ့ ရခဲတဲ့ ၀န်ဆောင်မှုပေါ့။ ကုလားလူမျိုးတွေ လာဝယ်ရင် ကုလားလိုပြော တရုတ်လူမျိုးတွေ လာဝယ်ရင် တရုတ်လိုပြော မလေးလူမျိုးတွေ လာဝယ်ရင် မလေးလို ပြော။ ဘာသာစကား တော်တော်များများကို လေ့လာထားတဲ့ ဆိုင်ပိုင်ရှင်က စင်္ကာပူ တရုတ်လူမျိုးပါ။
ဇီးဖြူသီးကြီးတွေ လှမှလှ။ ဇီးဖြူသီးလေးထောင်းစားမလား။ ဒါမှမဟုတ်… လုလု ချက်နည်းလေး အတိုင်း ငါးမြင်းဇီးဖြူသီးချက်လေး ချက်စားမလား။
ကင်းပုံသီးလေးတွေကို မျှစ်လေးနဲ့  ပုဇွန်ခြောက်လေးနဲ့  ကြော်စားလဲ ထမင်းမြိန်သား။ ဒန့် ဒလွန်သီးကတော့ ငါးဖယ်နဲ့  ဆီလည်ရေလည်လေး ချက်လဲကောင်း၊ သီးစုံချဉ်ရည်လေး ချက်လဲ ကောင်း၊ ပဲကုလားဟင်းလေး ချက်လဲကောင်းမို့  ကျွန်မက အပတ်တိုင်း ၀ယ်ဖြစ်တယ်။
ဒီနေ့ တော ချဉ်ပေါင်ရွက်နဲ့  မျှစ်လေးကို ခရမ်းချဉ်သီးလေးနဲ့  တောချက်ချဉ်ရည်ဟင်းလေး ချက်ဖို့  ချဉ်ပေါင်ရွက်လေးလဲ ၀ယ်။ ကုလားအော် ငရုတ်သီးထောင်းလေးနဲ့ ဆို ခပ်ပြင်းပြင်းလေးနဲ့  ထမင်းအလွန်ဝင်။ (အိမ်က လူတွေ အတွက်ပါ။ ကိုယ်ကတော့ အစာအိမ် သမားမို့  ငရုတ်သီးနား မကပ်နိုင်တာ ကြာပေါ့)
ဒညင်းသီးကြီးတွေက အလုံးထွားမှထွား။ ဒညင်းသီး စေးစေးလေးကို ခပ်ပြားပြားလေးထု အုန်းနို့ ချက်လေးများ ဆမ်းစားလိုက်ရလို့ ကတော့။
ခရမ်းသီး၊ သရက်သီး၊ ပူဒီနံ၊ ပေါက်ပန်းဖြူ၊ သခွားသီး… အတို့ အမြုပ်ကလဲ စုံပါ့။ အသိမြန်မာ တယောက်ကတော့ ငှက်ပျောအူတွေ ၀ယ်သွားလေရဲ့။ အင်း… အိမ်လည်သွားလို့ ကတော့ မုန့် ဟင်းခါး စားရမှာ သေချာတယ်။
ဗူးသီးလေးတွေက နုနုချိုချို။ အိမ်က အမျိုးသားက ကြက်သား ကာလသဟင်းကြိုက်တာမို့  ဗူးသီး တလုံးလဲ ၀ယ်ဖြစ်တယ်။
နံနံပင် ငါးမူးဖိုး လို့ မြန်မာလို ပြောဝယ်လိုက်တော့ အားတော့ရသား။ ပျဉ်းတော်သိမ်ရွက်ကတော့ ၀ယ်စရာမလို ဖောက်သည်မို့  အမြဲအဆစ်ရတယ်။ တခါတလေ မြင်းခွာရွက်တွေ၊ ပဲလင်းမြွေသီးတွေတောင် အဆစ်ပေးတတ်သေး။ အမေနဲ့  မနက်ဈေးအတူ ၀ယ်နေကျ မနက်ခင်းတွေ လွမ်းတိုင်း ဒီကုန်စိမ်းဆိုင်လေးကို ရောက်ဖြစ်တယ်။
တန်ခူး
12:30am 21-Sep-2008
35 comments:
  1. May I know where this place in SG is?
    ReplyDelete
  2. မတန်ခူးရေ
    ချိုသင်းလဲ သောကြာနေ့ညနေ ရုံးအပြန်ဆို တပတ်စာ ဈေးဝယ်တယ်။ ဒါပေမဲ့ အမတို့လို ဓညင်းသီး စားချင်ရင်တော့ ဗမာဆိုင်တွေ လယ်သမားဈေး တွေ သွားမှပဲ ရတယ်။ မမ ချက်တဲ့ဟင်းလဲ တခါလောက်တော့ စားချင်ပါ့။
    ReplyDelete
  3. မတန်ခူး..ရေ
    တန်ခူးကြော်ညာ ..ကောင်းလိုက်တာ...
    ဒီမှာတော့  ကင်းမုန်သီးတွေ့ ပြီး ဒုက္ခ ရောက်ပြီ..
    စားချင်လိုက်တာ..( မရှက်ဘူး)။
    ငယ်ငယ် ကဆို အဒေါ်က ကင်းမုန်သီးနဲ့  ဘယာကြော်နဲ့  ချက်ကျွေးတာ..သိပ်ကြိုက်တာ..
    ဒီမှာ ဗီယက်နမ်ဆိုင်ရှိပေမယ့် ဗူးသီးနဲ့ ကင်းမုန်သီး
    လုံးဝမရောင်းဘူး...။
    ReplyDelete
  4. အမရေ ဒါလိုဆိုင်မျိုးကတော့ မဇနိ အကြိုက်ပဲ...
    အလွမ်းလည်းပြောတာပေါ့နော် - ကိုယ်စားချင်တာ အတော်များများလည်း အဲဒီမှာရတော့ ပိုကောင်းတာပေါ့...
    ပျော်ရွှင်ပါစေ..အမရေ
    ReplyDelete
  5. အမတန်ခူးရေ အမတို့ဆီကို ပြောင်းချင်စိတ်ပေါက်လာပြီနော်
    ပေါများလိုက်တဲ့ အသီးအနှံတွေ မြန်မာပြည်နဲ့ တူလိုက်တာ
    ညီမသာဆို နေ့တိုင်းသွားဝယ်နေမှာ
    ချဉ်ပေါင်ရွက်လေး လိုချင်လိုက်တာ
    ReplyDelete
  6. အမရေ..အဲဒီဆိုင်ရှင်ကိုပြောပေးပါလား
    ဂျပန်မှာရော မဖွင့်ချင်ဘူးလားလို့
    ReplyDelete
  7. အမရေ ဆိုင်လေးကဘယ်မှာပါလိမ့်
    ReplyDelete
  8. အဟိ.. မမရေ.. ကြွားလိုက်ဦးမယ်.. တိုက်တိုက်ဆိုင်ဆိုင် မနေ့က စင်ကာပူက သူငယ်ချင်းပြန်လာလို့ အကို နဲ့ သူငယ်ချင်းတွေ ၀ယ်ထည့်ပေးလိုက်တာ ဒန့်ဒလွန်သီး၊ ချဉ်ပေါက်ရွက်၊ ဘူးသီး ၂ လုံးတောင် သိလား၊ ဂျူးမြစ်၊ ကင်းပုံသီး၊ သရက်သီး၊ ဆူးပုတ်၊ ပဲသီး.. အဟိ.. ကျန်သေးတယ်.. မမှတ်မိတော့ဘူး... အားလုံး စင်ကာပူကချည်းပဲ.. ဒညင်းသီးလည်း ပါတယ် အမရေ.. ပျော်လွန်းလို့.. အဲ.. သယ်လာပေးရတဲ့သူကတော့ အမရေ.. မစားသာလှဘူး.. ကိုယ်လည်း အားနာနာ မျက်နှာပူပူနဲ့ပဲ ပစ္စည်းတွေ ယူပြီး ပြန်လာခဲ့ရတယ်.. :P
    ကင်းပုံသီးကို ဘယ်လိုချက်စားရမှန်းမသိတာ.. အခု အမပြောသလို မျှစ်လေးနဲ့ ပုဇွန်ခြောက်လေးနဲ့ ကြော်စားကြည့်ရမယ်..
    ReplyDelete
  9. ဆိုင်လိပ်စာဗျို့ ဆိုင်လိပ်စာ..အရေးကြီးတာကိုကျတော့ ချန်ထားခဲ့တယ်။ ဆိုးပ
    ReplyDelete
  10. မတန်ခူးရေ.......
    အိမ်နားက ဆိုင်မို့ လို့ လိပ်စာမပေးတာလားဗျာ။
    လိပ်စာသိရ ရင်တော့ မန်မန်လာစားအုံးမယ်။
    ဟား ဟား.............
    ReplyDelete
  11. မတန်ခူးရေ
    ကုလားဈေးကို လွမ်းသွားပြီ။ အဲဒီလူ တွေ တကယ်ချီးကျူးတယ်နော်။ လူကိုမြင်တာနဲ့ ဘာလူမျိုးလည်း ဆိုတာ လုံးဝ အပ်ကျ သိတယ်။ မလွဲဘူး။
    ခုတော့ ရှိတာလေး နဲ့ ၀အောင်စားနေ ရတာပေါ့။
    ReplyDelete
  12. ဟုတ်တယ် အမရေ ဆိုင်ကဘယ်နေရာမှာလဲ ဆိုတာတော့ မပြောဘူး၊ ညီမလဲ ကင်းပုံးသီးကြိုက်တယ်၊ ပုဇွန်ခြောက်နဲ့ နှပ်စားတာလဲ ကောင်းတယ် နော် အမ၊
    ချစ်လေပြေ
    ReplyDelete
  13. Hey, I want to come & eat...
    ReplyDelete
  14. တခြားသူတွေ တောင်းထားသလို တောင်းပါရစေ ။ ဆိုင်လိပ်စာလေး မ စ ပါ အမရေ ။ ဒိန်ညှင်းသီးတွေ စားချင်လိုက်တာနော် ။
    ReplyDelete
  15. အဲဒီဆိုင်တော့ သိပ်မသွားဖြစ်ဘူး။
    ပန်နီဆူလာနဲ့ပဲ အလုပ်ဖြစ်နေတယ်။
    ReplyDelete
  16. မတန်ခူးရေ..
    အားကျတယ်...
    ကင်းမုန်သီးဆိုတာတော့...ကျွန်တော်မသိဘူး
    ဒညှင်းသီးမစားရတာတော်တော်ကြာသွားပြီ
    မေမြို့နားက..ဘန့်ဘွေးရွာက..စာကလေးသီး(ဒညှင်းသီးအမည်)
    ကိုလွမ်းလိုက်တာ..
    အရမ်းစေးတာပဲ...
    မိုးတွင်းဒညှင်းသီးပေါ်ချိန်ဆိုစာကလေးသီး
    လက်ဆောင်ပေးမဲ့အမျိုးကိုအရမ်းသတိရတာပဲ..ဟီး
    ReplyDelete
  17. ဟင်း။ ငါးဘဲ ပေးပြီးကွန် ချက် တော.မပြဘူး။ သိတ်ဆိုးတယ်။ တကယ် ကို မြန်မာပြည် က ဈေး အတိုင်းပါဘဲ ။
    ReplyDelete
  18. အမရေ....
    လိပ်စာလေးမစပါဗျို့ ....
    ReplyDelete
  19. This comment has been removed by the author.
    ReplyDelete
  20. မတန်ခူး...လုပ်ပြန်ပြီ..ဟင့်..အခုတလော
    လွမ်းစရာတွေတော်တော်ရေးနေပါလား...
    ဟိုရက်ကပဲ မြန်မာပြည်တနံတလျား
    ခရီးထွက်လိုက်သေးတယ်...
    အခုလည်း...စားစရာအကြောင်းတွေရေးပြီး
    နှိပ်စက်ပြန်ပြီ.....
    ကျွန်မနေတဲ့နိုင်ငံမှာတော့..ဒီလောက်စုံစုံမရဘူး..
    ဘာတတ်နိုင်မလဲ...
    ရသလောက်လေးနဲ့ အလွမ်းဖြေရမှာပေါ့..
    ကလေးသားလေးလည်း..ပျော်ရွှင်ပါစေ!.....
    ပင်နီ
    ReplyDelete
  21. That shop is at jurong east wet market, near Blk 250 Jurong East st 24... :)
    Ar Quee
    ReplyDelete
  22. မမ ရေ
    ဝေတို.အိမ်နား မှာလဲ အဲလိုဆိုင်မျိုးရှိတယ်
    ဆိုင်ရှင်က ကုလားလူမျိုး။ ဗမာလိုတော့ မပြောတတ်ဘူး
    ဝေ
    ReplyDelete
  23. ဈေးဝယ်တာပြီးရင် ဟင်းချက်တာလာမယ်နော်။ သွားရည်ကယိုချင်လို့ ပါ။
    ReplyDelete
  24. ကဲ...
    သူများကို သွားရည်ကျအောင် လာလုပ်တဲ့ ဒေါ်တန်ခူးရေ... ဆိုင်လိပ်စာလေးလဲ ပေးပါအုံး...။
    တန်ခူးအိမ်နဲ့  အဲဒီ့ဆိုင်နဲ့  နီးတယ်ဆိုရင်လဲ တစ်ခါထဲပြောပါနော်..။ ဆိုင်သွားရှာမနေတော့ဘဲ အိမ်ကိုဘဲ တန်းလာပြီး တန်ခူးချက်ထားတာတွေဘဲ
    ကောင်းဘူးလား... ဟင်...!!
    ReplyDelete
  25. အစ်မကြီး ဘယ်က အခွံလွတ်ဈေးသွားနေတာလဲလို့  တယ်စုံပါလားးး :P( စာလုံးပေါင်းမှားတာ အခုမှသိတယ် )
    ReplyDelete
  26. An...It's from J.E. Hee Hee..But he's always fighting with his mom :P
    ReplyDelete
  27. အမရေ.. ဆိုင်ကဘယ်နားလေးမှာလဲ... ကေကေဈေးမှာလား ... အမတို့အိမ်နားမှာဆို ၀ယ်ထားပေးပါ လာယူမယ်လေ... ဟိ
    ReplyDelete
  28. ဦးဂျေဆိုထားတာကတော့ “အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး..”တဲ့
    အမက တစ်ယောက်တည်း သွားဝယ်တာ။ ပိုလွမ်းစရာကောင်းမှာပေါ့နော... :P
    သုခမိန်(E-Journal)
    ReplyDelete
  29. အဲဒီ ဆိုင်က ဘယ်နိုင်ငံဘယ်နားမှာ လဲဟင် အမရေပြောပြလို့ရလား
    ReplyDelete
  30. ဟေ့.. ကိုတားမြစ်ထားသောရေ...
    ဘူဒူက တစ်ယောက်ထဲ သွားတယ်လို့  ပြောလို့ လဲ...။
    ပြီးခဲ့တဲ့ စနေနေ့ ကဘဲ တန်ခူးတို့  နှစ်ယောက် အတူတူသွားတာ တွေ့ လိုက်သေး...။ ဟီဟိ...
    ReplyDelete
  31. မတန်ခူး က ဆိုင်လိပ်စာ မေးထားတာလည်းမဖြေဘူးနော်..
    ReplyDelete
  32. Please give us the shop address. So many people are requesting but why you don't want to give?????
    ReplyDelete
  33. Anonymousရေ… ကြည်က လိပ်စာပေးထားတယ်လေ… ကြည့်ကော်မန့် လေး ဖတ်ကြည့်လိုက်နော်…
    ချိုသင်းရေ… လယ်သမားဈေးတဲ့လား… နာမည်လေးကြားတာနဲ့ ဝယ်ချင်စိတ်ပေါက်သွားတယ်… ဒီတခါ စင်္ကာပူလာဖို့ အစီအစဉ်ရှိရင် ပြောနော်… တကယ်ချက်ကျွေးမယ်…
    ကိုသစ်နက်ဆူးရေ…ကင်းပုံသီးကို ဘယာကြော်နဲ့ ချက်တာ ကြားတာနဲ့ စားချင်စရာနော်…မြေရှိရင် စိုက်ကြည့်ပါလား… ကင်းပုံပင်က ဖြစ်လွယ်တယ်…
    ကိုဇနိ+မဇနိရေ… မေမေလာတုန်းက နေ့ တိုင်းသွားဝယ်တာ… မြန်မာပြည်ကလိုပေါ့… မေမေက ရေခဲသေတ္တာထဲက ထုတ်စားရတာ မကြိုက်လို့ တဲ့လေ… ဟန်းနီးမွန်း ဒီကိုလာခဲ့… လိုက်ပို့ ပေးမယ်… အဲဒီဆိုင်လေးကို…
    မြတ်နိုးရေ… မေးကြည့်ပြီးပြီ… ဂျပန်စကား အရင်သင်ဦးမယ်တဲ့…
    ရွာသားလေးရေ… ကြည့်ကော်မန့် မှာ လိပ်စာပါတယ်လေ…
    နုရေ… ရိက္ခာတွေ တောင့်တော့ ပျော်နေတယ်ပေါ့… နုတို့ အိမ်နားလေးလာတဲ့သူတွေ ဟင်းနံ့ မွှေးမွှေးလေးကို သွားရည်ယိုနေကြမှာ မြင်ယောင်သေး…
    ယူပန်ဒီရေ… ဆိုင်လိပ်စာက အပေါ်က ကြည်ပေးထားတဲ့ ကော်မန့် ထဲမှာ…
    Skyblueရေ… အိမ်နဲ့ က မနီးမဝေး… မန်မန်လာစားလို့ ရပါတယ်… ကြိုတော့ပြော… ရှောင်နေရအောင်လို့ … အဲ.. ဟုတ်ပါဘူး…ကြိုချက်ထားရအောင်လို့ …
    ကေရေ… ကုလားဈေးက ပိုစုံတယ်… အိမ်နဲ့ ဝေးတော့ တခါတလေမှ ရောက်ဖြစ်တယ်… ဒီက ညီမတွေကို လူကြုံရှိရင် ပို့ ခိုင်းပါလားကေရေ…
    ညီမချစ်လေပြေရေ… ကြည်ရဲ့ကော်မန့် ထဲမှာ လိပ်စာပါတယ်ညီမ…လာလည်တာကျေးဇူးပါ… နောင်လဲ လာလည်ဦးနော်…
    နှင်းပန်းရေ… လာခဲ့လေ…
    ဂျစ်ရေ… ကြည့်ကော်မန့် လေးက လိပ်စာအတိုင်းပဲ ညီမရေ… ဒညင်းသီးလာပို့ ပေးရမလား.. လိပ်စာသာပြောလိုက်….
    ပန်ရေ… ပင်နင်ဆိုးလားမှာ ခုတော်တော်စုံနေပြီနော်… သွားရတာဝေးတော့ ဒီဆိုင်လေးနဲ့ 
    ဟုတ်နေတာ…
    ပေါက်ရေ… မေမြို့ မှာက ဟင်းသီးဟင်းရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ နော်… ဂေါ်ရခါးညွှန့် လေးတွေများ နုမှနု… ဒီတခါပြန်ရင် ရောက်ဖြစ်မယ်ထင်တယ်… လူကြုံသယ်ခဲ့ရမလား…
    မမရေ… ကြည်ပေးတဲ့ လိပ်စာလေးအတိုင်းပဲ… မမက အရှေ့ ဘက်မှာနေတာဆိုရင်တော့ ဝေးလိမ့်မယ်… အနောက်ဘက်ဆိုရင်တော့ အတော်ပဲ…
    တက်တူရေ… ကြည်ပေးတဲ့ လိပ်စာလေးအတိုင်းပဲ…အင်း… ဒီလောက်ညွှန်းရတာ ဒီတခါ အဆစ်ပိုတောင်းဦးမှပဲ…
    ညီမလေးပင်နီရေ… လိပ်စာပေး စာတိုက်ကပို့ လိုက်မယ်… ကလေးသားလေးလဲ နေကောင်းပါတယ်ညီမရေ…
    ကြည်ရေ… ဟိဟိ… ကြည်လဲ အဲဒီမှာ ၀ယ်နေကျလား… ပြောလို့ မရဘူး… တို့ နဲ့ ဆုံချင်ဆုံနေမှာနော်… Ar Queeဆိုတာ ဘာလဲဟင်… သူ့ နာမည်လား…
    ဝေရေ… ဟန်ကျတာပေါ့… အိမ်နားလေးဆို အောက်ဆင်း ၀ယ်လိုက်ရုံပဲနော်… တို့ က အဲလောက်မနီးဘူး…
    လင်းရေ…ဟင်းချက်က အဲလောက်မကောင်းဘူး ညီမရဲ့… ဒါပေမယ့် ကြိုးစားချက်ပေးမယ်နော်…
    သက်ဝေရေ… ကြည့်ကော်မန့် မှာ လိပ်စာနော်… တန်ခူးတို့ အိမ်နဲ့ အရမ်းတော့ မနီးပါဘူး… အရမ်းလဲ မဝေးဘူး… အိမ်ကိုဝင်လာစားမှာ တကယ်လား… ချက်ထားလိုက်မယ်နော်…
    မောင်မျိုးရေ… ဟုတ်တယ်..ဟုတ်တယ်… အခွံလွတ်ဈေး… GSTမပေးရဘူးလေ…
    Anonymousရေ…ဟုတ်ပါ့… သူ့ အမေနဲ့ အမြဲရန်ဖြစ်နေတာ… သူ့ အမေကြီးတယောက်ထဲ ရှိရင် တို့ ကမ၀ယ်ဘူး… သဘောမကောင်းလို့ …
    ကိုပီတိရေ… ကေကေနားမှာ မဟုတ်ဘူး… ကေကေက ခုယာယီနေရာရွှေ့ ထားတော့ သိပ်ဝယ်လို့ မကောင်းဘူး… ဘာဝယ်ချင်တာလဲ ပြောလေ…၀ယ်ထားလိုက်မယ်…
    ဟုတ်တယ်ကိုသုခမိန်ရေ… အမေနဲ့ ဆိုသိပ်ကောင်းမှာ…
    မုဒိတာရေ… ကြည့်ကော်မန့် လေးထဲ လိပ်စာပါတယ်နော်…
    သက်ဝေကတော့ လုပ်ပြီ… အဲဒီအချိန် အိမ်ကအမျိုးသားက အိပ်မက်မက်နေတုန်း…
    Anonymousရေ… အပေါ်က ကြည့်ကော်မန့် ထဲက လိပ်စာပါပဲ… ကော်မန့် ပြန်တာ နဲနဲနောက်ကျသွားတာ ခွင့်လွှတ်ပါ….
    ReplyDelete
  34. အေးနော် ဆိုင်ရှင် ရဲ့ customer service က သဘောကျစရာ
    ReplyDelete
  35. အေးနော် ဆိုင်ရှင် ရဲ့ customer service က သဘောကျစရာ
    ReplyDelete