Sunday, April 24, 2011

ကျွန်မကြိုက်သော ရုံးပိတ်ရက်များ

ခုလိုပိတ်ရက်ဆို ဟိုးမနက်နေထွက်ချိန်ကနေ ညဘက်လသာတဲ့အချိန်အထိ တနေ့ လုံး မကြိုက်တာဆိုတာ မရှိလောက်အောင် အကုန်ကြိုက်နေတတ်ပါတယ်။ အင်းးးးးးး အဓိကက အလုပ်မလုပ် ရတာကြောင့်ပဲလားတော့ မသိ။


အိပ်ချင်တိုင်းအိပ်ပစ်လိုက်လို့ ရတဲ့ အဲဒီပိတ်ရက်မနက်တွေကို အရမ်းကြိုက်။ နေ့ တိုင်းအသံစာစာနဲ့  အော်နှိုးတတ်တဲ့ နှိုးစက်လေး ပါးစိတ်တွေပိတ် ငြိမ်ချက်သားကောင်းတာကို လှောင်ပြုံးလေးပြုံးပြီး ပြူတင်းပေါက်ကတဆင့် အပြာရောင်ကောင်းကင်ကြီးရယ် တိမ်တွေရယ်ကို နှုတ်ဆက်လို့ ပေါ့။



သားနဲ့ သူ့ အဖေမနိုးခင်… ပြီးတော့ အိမ်နားလေးက ဈေးလေးဈေးခေါင်းမကွဲခင်(တခါတလေ ခေါင်းကွဲမှ ရောက်သွားတတ်ပါတယ်) ဈေးလေးပြေးရတဲ့ အရသာလေးလဲ ကြိုက်။ ပိတောက်ပင်ကြီးကို မော့ကြည့်မိတော့ ဟိုးထိပ်ဖျားမှာ အပွင့်ဝါ၀ါတွေခဲလို့ ။ ပိတောက်ရှိနေတဲ့ တိုင်းပြည်မှာ နေခွင့်ရနေတာကလဲ အကြိုက်တွေထဲက တခုပေါ့။



ဒီဈေးလေးမှာ ရေချိုငါးတွေရှိတတ်တယ်။ တခါတခါ ပုဇွန်စိတ်လေးတွေ ရတတ်တယ်။ ပြီးတော့ မြန်မာပြည်က ကန်စွန်းရိုးပွ၊ ချဉ်ပေါင်၊ မြန်မာရုံးပတီ အပြင် ဆူးပုတ်ရွက်၊ ဒညင်းသီးကအစ စုံတော့ ဒီဈေးလေးနား နေရတာကိုလဲ အတော်ကြိုက်။



ဈေးကပြန်လာတော့ ဘုရားဆွမ်းတော်ကပ်၊ ပြီးတော့ အိပ်ယာထဲ ပြုံးပြုံးကြီးနိုးနေတဲ့သားကို မျက်နှာသစ်၊သွားတိုက်၊ အကျီင်္လဲပေးရတာကိုလဲ ကြိုက်နေမိပြန်တယ်။ ရုံးဖွင့်ရက်ဆို သားမနိုးခင် ရုံးအမြန်ပြေးရတာမိုလား။ အကြိုက်ဆုံးကတော့ မနက်တိုင်း ဘုရားမှန်မှန်ရှိခိုးတတ်တဲ့ သားလေးရဲ့ ချစ်စရာကောင်းတဲ့ ဘုရားရှိခိုးသံလေးပါပဲ။



အိပ်ပုတ်ကြီးတဲ့ သားဖေဖေမနိုးခင် သားနဲ့ အတူ ဆော့ကစားရတဲ့ မနက်ခင်းတွေကလဲ အတော်ကြည်နူးဖို့ ကောင်းပါတယ်။



ပိတ်ရက်တွေဆို မြန်မာအစားအစာလေး တမျိုးမျိုးလုပ်စားရတာလဲ ပျော်စရာတမျိုးပေါ့။ နေ့ လည်စာစားချိန်မှ နိုးလာတတ်တဲ့ သားဖေဖေကို ကိုယ်လုပ်ထားတဲ့ မြန်မာစာတခုခုကျွေးရင်း မိသားစုပိတ်ရက် အလည်ထွက်ဖို့  တိုင်ပင်ရတာကိုက လွတ်လွတ်လပ်လပ် ကြိုက်နှစ်သက်စရာ။



သားကို ရုပ်ရှင်လိုက်ပြရတာကို သားဖေဖေရော ကိုယ်ပါနှစ်သက်မိကြတယ်။ များသောအားဖြင့် ကာတွန်းကားကြိုက်တဲ့ သားဖေဖေက သားကို မေ့လျော့ ပြီး ရုပ်ရှင်ထဲ မျောဝင်နေတတ်တာမို့  သားနဲ့ တူတူ စကားပြောလိုက် ကြည့်လိုက် သားနားမလည်တာကို နားလည်အောင်ရှင်းပြလိုက်နဲ့ ကာတွန်းကားမကြိုက်တဲ့ ကိုယ်က သားနဲ့ ကျမှ ကာတွန်းကားတွေ ကြိုက်တတ်လာပြန်ရော။



ညနေအိမ်ပြန်ရောက်တော့ သားဖေဖေဂီတာတီးတာကို သားမေမေကိုယ်က သီချင်းဆို သားကနားထောင်… ကီးဝင်ကီးထွက် အလွန်ညံ့တဲ့ သူ့ မေမေ အသံကြောင်ကြောင်ကို လက်ခုတ်တီး… အဲဒီပျော်စရာကောင်းတဲ့ မိသားစုအချိန်လေးက တနေ့ လုံးမှာ အကြိုက်ဆုံးပေါ့။



သားအိပ်တဲ့အချိန်မှာ ဘလော့တွေအလည်ထွက်၊ မျက်နှာစာအုပ်ပေါ်ဝင်လိုက်ထွက်လိုက်နဲ့  နောက်တနေ့ လဲ အားလပ်ရက်မို့ လွတ်လပ်ချင်တိုင်းလွတ်လပ်…. ဖတ်လက်စစာအုပ်ပြီးမှအိပ်တော့ အိပ်တဲ့အချိန်က မနက်၃နာရီတဲ့။ ကဲ… အချိန်ဇယားတွေကို သပိတ်မှောက်… ကိုယ်လုပ်ချင်တာကိုယ် ဘယ်သူမှ ဂရုမစိုက်လုပ်ခွင့်ရတဲ့ စက်ရုပ်ဆန်တဲ့ ဘ၀ထဲက ရုန်းထွက်ခွင့်ရတဲ့ အဲဒီပိတ်ရက်တွေကို ကိုယ်အထူး အရူးအမူးကြိုက်မိတာ ဆန်းသလားနော်။


ချစ်တဲ့သက်ဝေရေ… ပျင်းရတာသိပ်ကြိုက်နေတဲ့ တန်ခူးကို လှုပ်နိုးပြီး တက်ဂ်ဂိမ်းရေးခိုင်းတဲ့ သက်ဝေလို ချစ်တတ်လွန်းတဲ့ သူငယ်ချင်းတယောက်ရှိနေတာကလဲ တန်ခူးရဲ့ အကြိုက်တကာထဲက အကြိုက်ဆုံးတခုပဲပေါ့။

တန်ခူး
1:28pm 24-April-2011

9 comments:

  1. မောင်မျိုးApril 24, 2011 at 12:25 PM

    မိသားစု ဘ၀လေးနဲ့ ကြည်နူးစရာကောင်းတဲ့သူတွေများအဖို့ အကြိုက်လေးတွေက လှပအသက်ဝင်နေလိုက်တာ တော်တော် ချစ်စရာကောင်းတယ် ။ သားရဲ့ ဘုရားရှစ်ခိုးသံ ၊ မိသားစု သီချင်းဖွဲ့လေးနဲ့ ပျော်စရာကြီး ။ ကျနော်တို့အကြိုက်တွေနဲ့များကွာပါ့ အားကျတယ်း)

    ReplyDelete
  2. မတန်ခူး...
    ကြည့်စမ်း သားလေး တောင် အတော်ကြီးနေပါပေါ့..
    ( ဂစ်တာကြီး တီးနေတာ..)း))

    မသံ မပြုရတာလည်း ကြာပြီမို့...

    သင်္ကြန် နှစ်ကူး အကြွေး နဲ့.. နှုတ်ဆက်ရင်.. ဟက်ပီး အီစတာ ပါ..ထပ်ပေါင်းလိုက်တယ်။

    ReplyDelete
  3. တန်ခူးရေ... ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ မိသားစုနေ့တွေကို ပုံဖေါ်ပြထားတာ ချစ်စရာကောင်းလှတယ်... တူညီတဲ့ စလုံးရဲ့ Life Style တွေထဲမှာ နေ့စဉ် တဝဲလည်လည်နဲ့ မျောနေရင်း အခုလို ပိတ်ရက်တွေကို လက်ရေချိုးပြီး မျှော်နေတတ်တာချင်း တူတူပဲ...

    ကြိုက်တာတွေ ရေးပြီးတော့ "Daily Dislike.." မကြိုက်တာလေးတွေလည်း ရေးပါအုံး... ကိုယ် မကြိုက်တာတွေ ပြောလိုက်ရတာလည်း တမျိုးပျော်စရာကောင်းပါတယ်... အဟိ...း))

    ReplyDelete
  4. အဲဒီဈေးလေးက ဘယ်နားမှာလဲဟင်

    ReplyDelete
  5. မရေ.. ဓာတ်ပုံတွေနဲ့ မရဲ့ ရုံးပိတ်ရက်အကြိုက်လေးတွေကို သဘောတကျ ဖတ်သွားပါတယ်။ အချိန်ရတဲ့အခါ စာတွေ ပြန်ရေးပါဦးနော်။

    မတန်ခူးရဲ့ပရိသတ်
    ဇွန်

    ReplyDelete
  6. မတန်ခူးရေ...
    ပျင်းပျင်းလေးနဲ့ပျော်စရာကြီးဖြစ်နေတယ်..။
    ကျနောိလဲကားတွန်းကားမကြိုက်ဘူး..
    ဒါပေမဲ့ ခခကိုလိုက်ပြရင်း ကြိုက်သလိုဖြစ်မိတယ်။
    ကန်စွန်းရွက်တွေ ရုံးပတီသီးတွေက
    ဟိုဈေးထဲက တခါကတင်ဖူးတဲ့ဈေးသည်ကြီးဆိုင်ကလား။

    ReplyDelete
  7. သားလေးက လိမ်မာလိုက်တာ..။
    ကြီးလာပြီနော်..။

    ReplyDelete
  8. တန်ခူးရေ ...
    တို့တော့ အိမ်ရှင်မဘ၀မှာ နေ့တိုင်းရုံးပိတ်ရက်တွေပါပဲကွယ်။ အရင်ကတော့ ဒီဘ၀လေးကို တောင့်တခဲ့ရတာ။

    စလုံးက ဗမာစာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ၀ယ်စားရတာတွေ သတိရတယ်။ ဒီမှာ ချဉ်ပေါင်ရွက်မရဘူး။ ဒိန်ညင်းသီးမရဘူး။ ပိန္နဲသီင်္း အစိမ်းမရဘူး။ မြင်းခွါရွက်မရဘူး။

    သားလေးက သိပ်လိမ္မာနေပြီပဲ။ ခုလိုမိသားစုတွေ ပျော်ပျော်ပါးပါးတွေ့ရတာ ၀မ်းသာလှပါတယ်။ သူငယ်ချင်းများအား လုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    by the way ... ATN က ဘာတီချင်းဆိုတာတုန်း။ " အဘိုးကြီးငါ့ကို အဘွားကြီးမင်းက မောင်တွေ ဘာတွေခေါ်ပါဦး တဲ့လား ...း) "
    သတိရလျက်
    ဆွိ

    ReplyDelete
  9. မ-ရေ ... နေကောင်းလား ... စာအသစ်ရေးပါအုံး။ မတွေ့တာကြာပြီ ... သတိရတယ်။ သားသားက တော်တော်ကြီးနေပြီပဲ။ စာမေးပွဲပြီး ကျောင်းပိတ်လို့ ဘလော့လည်ထွက်နေတာ မ-ရေ ... ။

    ReplyDelete