Friday, July 17, 2009

နံပါတ်တစ်

ပြီးခဲ့တဲ့ 2009 Wimbledon ပွဲမှာ ကျွန်မရဲ့ အကြိုက်ဆုံး အားကစားသမား Roger Federer ပြန်အနိုင်ရသွားတာ တွေ့ ရတော့ မျက်ရည်ဝဲမိတဲ့အထိ ကြည်နူးမိခဲ့ရသည်။ အခုဆို သူက world ranking မှာ အမှတ်အများဆုံးနဲ့  နံပါတ်တစ်နေရာကို ပြန်ရောက်သွားပြီ။ မနှစ်က တနှစ်လုံး သူ့ ခမျာ ယခင် နံပါတ်တစ်နေရာကို ပြန်ရဖို့  နံပါတ်တစ်pressureကို အတော်ခံလိုက်ရသည်။ မနှစ်က Wimbledonမှာ သူငိုတာတွေ့ ရတော့ ကျွန်မအတော် စိတ်မကောင်းဖြစ်ခဲ့မိသည်။ ဒီနှစ်ကတော့ သူ့ နေရာကို သူပြန်ရောက်သွားပြီ။ အားကစားဘက်မှာ နံပါတ်တစ်နေရာကို ကြိုးစားပန်းစား အရယူပေမယ့် တကယ့်လက်တွေ့ ဘ၀မှာတော့ သူ့ ပုံစံလေးနဲ့  လိုက်ဖက်စွာ ငြိမ်းချမ်းပုံရသည်။ Wimbledonမှာ ကိုယ်ဝန်နဲ့ လာအားပေးတဲ့ သူ့ ဇနီးကို တွေ့ တော့ သူတို့ မိသားစုလေးကို ပုံဖော်ကြည်နူးမိသည်။ ဒါနဲ့ ဆက်စပ်ပြီး ငယ်ငယ်က ကျောင်းမှာ အဆင့်လုပွဲ၊ RITက Rollလုပွဲတွေကို သွားသတိရမိသည်။

နံပါတ်တစ်ဆိုသည့် နေရာတခုမှာ ဂုဏ်ယူစရာကောင်းသလို မကျဆုံးအောင် ထိန်းသိမ်းရသည်မှာ အတော်ပင်ပန်းသည်။ ကျွန်မကတော့ နံပါတ်တစ် နေရာရအောင် မတော်လှသည်မို့  အဲဒီစိတ်ဖိစီးမှုလဲ မရခဲ့ပါ။ ကျွန်မတို့  အလယ်တန်းနှင့် အထက်တန်းမှာ အဆင့်တစ်ကို အမြဲကန်ထရိုက်ဆွဲထားသည့် ကျွန်မသူငယ်ချင်း တရုတ်မလေးခင်ပြုံးရီ ကိုပဲ ကျေးဇူးတင်ရမည်လား။ ဘယ်လောက်ကြိုးစား ကြိုးစား အချိန်တန်လျှင် သူက တစ်။ ပြိုင်လို့ မရတဲ့ အဆုံး နှစ်၊သုံး၊လေး၊ငါး နှင့်သာ ကျေနပ်ခဲ့ရသည်။ သူကတော့ နဂိုပါရမီလဲပါမည် ဇွဲကလဲကောင်း ဥာဏ်ကလဲကောင်း နောက်ပြီးသူ့ ပြိုင်ဘက် ကျွန်မတို့ ကလဲ လိုက်မမှီဆိုတော့ သူ့ မှာ အဆင့်တစ် pressureသိပ်မတွေ့ ခဲ့ရ။

RITရောက်တော့ Rollလုပွဲတွေက နဲနဲ ပွဲကြမ်းလာသည်။ Roll 1ရဖို့ တော်ရုံကြိုးစားမှုမျိုးနဲ့  မရနိုင်။ တချို့ ကလဲ Roll ထိပ်ပိုင်းက မဟုတ်လျှင် သိပ်အဖက် မလုပ်ချင်ကြ။ Roll 1 ကောင်မလေးက Queen ထက် နာမည်ကြီးသည်။ Roll 1 ကောင်လေးတွေဆို ကောင်မလေးတွေက အထင်ကြီးတဲ့ မျက်လုံးတွေနှင့် ကြည့်ခံရသည်။ တချို့ ဆို စာမေးသူတွေ ၀ိုင်းဝိုင်းလည်ပြီး ရက်ချိန်းတောင် မလောက်။ ဆရာတွေ ပါးစပ်ဖျားမှာလဲ ရေပန်းစားသည်။ လမ်းမှာတွေ့ ရင်တောင် အဲဒါRoll 1လို့  ၀ိုင်းကြည့်တာ ခံရသည်။ အဲဒီလို အရမ်းနာမည်ကြီးသည့် Roll 1ဘ၀မှ ဘယ်တော့မှ ပြန်ပြုတ်မကျအောင် ထိန်းသိမ်းရသည့် ပေးဆပ်မှုကတော့ ကြီးလွန်းသည်။

နောက်နှစ်Roll 1ပြန်ရဖို့  ကြိုးပမ်းရင်းနှင့် စိတ်ရောဂါရသွားသူများလဲ မနည်း။ တချို့ ဆို pressureဒဏ်မခံနိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို တောင်သေကြောင်း ကြံစည်ကြတာ ကြားဖူးသည်။ တချို့ ကတော့ တက္ကသိုလ်ဘ၀ရဲ့ လွတ်လပ်ခြင်းတွေကို ပေးဆပ်ပြီး မျက်နှာဗလာနှင့်။ ရှေ့ က ဖြတ်သွားသူကိုပင် မြင်ဟန်မတူ။ တချို့ က ကိုယ်မြတ်နိုးနေတဲ့ မိန်းခလေးကိုတောင် လျစ်လျုရှု Roll1 အတွက် နှလုံးသားကို စတေးပစ်ကြသည်။ အဆောင်က ကုတင်ကို အိပ်မိမှာ ကြောက်လို့  ထောင်ထားသည့် Roll1လဲရှိသည်။

တဖက်စွန်းကျအောင် ကြိုးစားပြီးမှ Roll1 ရတာရှိသလို တချို့ က အံ့သြစရာကောင်းအောင် ပေါ့ပေါ့ပါးပါးနှင့်။ ကျွန်မတို့ ကို ကွန်ပြူတာသင်ပေးခဲ့သည့် ဆရာ(sonata-cantata ကိုဧရာ) ဆို အလွန်ငြိမ်းချမ်းသည့် Roll1။ နှစ်ငယ်သမားတွေကို စာပြလိုက် သူဝါသနာပါသည့် စာရေး၊စာဖတ်အလုပ်လုပ်လိုက်နှင့် အေးအေးချမ်းချမ်းနှင့် Roll1သူ့ နေရာကိုတော့ ဘယ်သူမှ ယူလို့ မရ။ ကျွန်မတို့ ရဲ့ နှစ်ငယ်တန်းက ညီမလေးဆို ပြုံးပြုံးလေးနဲ့  ပြီးတော့သူ့ ချစ်သူကောင်လေးလဲ အချိန်ပေးရသေးပေမယ့် အချိန်တန်တော့ သူပဲRoll1။ ကျွန်မသူငယ်ချင်းဆို ဂီတာလေးတတီးတီးနဲ့  သူ့ အတွက် Roll1က အေးအေးဆေးဆေး။ ပါရမီ ပါကြတယ် ဆိုရမလားပဲ။ ကျွန်မတို့ နှစ်က နောက်Roll1 သူငယ်ချင်းဆို စာအုပ်လေး တအုပ် လက်ထဲကိုင်ပြီး အတန်းထဲကို ခပ်ပြုံးပြုံးလေးဝင်လာတတ်သည်။ စာမေးပွဲတွင်းလဲ သူ့ ပုံစံက အဲဒီလို သွေးအေးအေးပါပဲ။ တချို့ Roll1တွေလို ကွင်းကွင်းကွက်ကွက်ကြီး ထွက်မနေပဲ သူ့ ဘာသာ သူငယ်ချင်းတွေနဲ့  အေးအေးချမ်းချမ်း တသားတည်းကျနေတတ်သူပါ။

ကျွန်မက လူတွေကို စပ်စပ်စုစု လေ့လာတတ်တဲ့ အကျင့်အတိုင်း နံပါတ်တစ်တွေ လက်တွေ့ ဘ၀ထဲ ၀င်တဲ့အခါ ဘယ်လိုဘ၀တွေများ ရွေးချယ်ကြပါလိမ့်လို့  ဆက်နားစွင့်မိသည်။ အပေါ်က ပြောသလို Roll1 ကို သိပ်ပူပူလောင်လောင် မဟုတ်ပဲ စိတ်အေးအေးချမ်းချမ်းနဲ့  အရယူခဲ့သူတွေက ဘ၀ထဲထိ ငြိမ်းချမ်းနေကြတာတွေ့ ရသည်။ အကောင်းဆုံး ဥပမာပြရရင် ကျွန်မတို့  မမသီတာရဲ့ ခင်ပွန်းကိုဧရာပါ။ သူတို့ မိသားစုလေးတွေ့ ရင် ငြိမ်းချမ်းမှုက ကိုယ့်ဆီပါကူးစက်လာတတ်ပါသည်။ ကျွန်မတို့ နှစ်ငယ်တန်းက ညီမလေးဆိုလဲ ချစ်စရာ သမီးလေးနဲ့  ချစ်စရာမိသားစုလေးနဲ့  အေးချမ်းလို့ ။ ကျောင်းတုန်းက အလှမပြင် ဂီတာတဒေါင်ဒေါင်နဲ့  ယောင်္ကျားလေးတယောက်နဲ့ တူတဲ့ သူငယ်ချင်းကတော့ အလုပ်ခွင်မှာလဲ အောင်မြင်သလို မိသားစုမှာလဲ အောင်မြင်တဲ့ ဇနီးမယား မိခင်ကောင်းတယောက်ဖြစ်လို့ ။ နောက်သူငယ်ချင်းတယောက်ကတော့ တိုးတက်တဲ့ နိုင်ငံရဲ့ တက္ကသိုလ်တခုမှာ ငယ်ငယ်လေးနဲ့  ပါမောက္ခကြီးဖြစ်ပြီး လူပျိုကြီးဘ၀နဲ့  ပြုံးပြုံး ပြုံးပြုံး။

ကျောင်းတုန်းက ငါRoll1 ဆိုပြီး တော်ရုံလူက သူနဲ့ စကားပြောရင် ဥာဏ်မမှီထင်နေကြသူတွေက ဘ၀ထဲမှာလဲ အဲဒီလို ပူပူလောင်လောင်။ ခုထိ ငါRoll1 ဆိုတဲ့ မာနကြီးကို ပင်ပင်ပန်းပန်း သယ်ဆောင်သွားကြတုန်း။ အိမ်ထောင်ဘက်တောင် အချစ်ဆိုတာထက် သူနဲ့ တန်မယ့် အရည်အချင်းတွေ ပြည့်လျှံနေတဲ့ သူမျိုးကို ရွေးချယ်တဲ့သူလဲရှိရဲ့။ တချို့ ကတော့ ငါ့လို Roll1ရဲ့ စံတွေအတွေးအခေါ်တွေကို လိုက်မမှီဆို ချစ်လို့ ယူထားတဲ့ ဇနီးမယားကို ပြန်လှည့်မကြည့်သူလဲရှိရဲ့။ သူတို့ ဘ၀တွေ တကယ်ရော ပျော်ရွှင်နိုင်ကြပါသလား။

ဘာရယ်မဟုတ်ပါဘူး။ ဘ၀ဆိုတာ နေတတ်ရင် ကျေနပ်စရာမို့  တကယ့်ဘ၀ထဲရောက်ရင် နံပါတ်တစ်ဆိုတဲ့ နေရာကိုလဲ သူ့ နေရာနဲ့ သူ ထားတတ်၊ ခံယူတတ်ရင် အတော်ငြိမ်းချမ်းမှာပဲလို့  တွေးမိလို့  ဘ၀ထဲမရောက်သေးတဲ့ နံပါတ်တစ်လေးတွေအတွက် ရည်ရွယ်ပြီး ဒီပို့ စ်ကိုရေးလိုက်တာပါ။

တန်ခူး
11:40am 17-Jul-2009

27 comments:

  1. ဒီပို့စ်ကို ဖတ်ရတော့ ကျနော့်သူငယ်ချင်းတယောက်ကို သတိရမိတယ်။

    သူက စာကြည့်စားပွဲဘေးမှာ

    “စာသည် ပထမ
    စာသည် ဒုတိယ
    စာသည် တတိယ”

    ဆိုပြီး ရေးကပ်ထားလိုက်တာ အောင်စာရင်းထွက်လာတော့ Roll နံပါတ်က ၁၁၁ တဲ့။ ကြည့်ရတာ တကြောင်းစီအတွက် Roll 1 ပေးလိုက်တာဖြစ်မယ်လို့ ၀ိုင်းနောက်တာကို ခံလိုက်ရရှာတယ်။

    ReplyDelete
  2. ကွန်မန့်ပေးတာတောင် နံပါတ်တစ်ဖြစ်အောင် ကြိုးစားကြသေးတာပဲ.. .အဟဲ.. နောက်တာနော်...

    ကိုပေါကရှေ့ကယူသွားပြီ...

    ဟုတ်ပါ့.. အဲဒါတွေကြောင့် ကျောင်းတက်တုန်းမှာ စာကိုသင့်သလောက်လုပ်ပြီး တခြားလုပ်ချင်တာတွေလည်း လုပ်ခဲ့တာပေါ့...

    တကယ်တော့ ဘ၀မှာ အေးအေးချမ်းချမ်းနေသွားဖို့က အဓိကပဲ မဟုတ်ဘူးလား။

    ReplyDelete
  3. မေဓာဝီJuly 17, 2009 at 4:27 PM

    Roll 1 ဖြစ်ဖို့ ပြိုင်ကြတာတွေ ကျောင်းတုန်းက ကြုံဖူးတယ်။ မေကတော့ နောက်ဆုံးကရေရင် နံပါတ် ၁ ထဲ မပါအောင် လုပ်နေရတာနဲ့ပဲ ရှေ့ကလူတွေကို စိတ်မ၀င်စားနိုင်တော့ဘူး။ ငယ်ငယ်က သူများတွေ အဲဒီလို စာပြိုင်ကြတာလဲ သိပ်ကြည့်မရဘူး။

    ဟိုနေ့က ဦးရီးတော်တို့ သူငယ်ချင်းတွေ ပြန်ဆုံတဲ့ပွဲမှာ ဦးရီးတော်ပြလို့ သူတို့ခေတ်က Roll 1 ကို တွေ့ခဲ့ရတယ်။ အဲဒီဦးလေးကြီးလဲ အေးအေးဆေးဆေး ပါပဲ။

    ပူလောင်တယ်ဆိုတာ မနာလိုစိတ် ၀န်တိုစိတ်တွေ များနေလို့ နော် ... ။ ဘယ်နေရာမှာနေနေ အေးအေးဆေးဆေး ဆိုရင် အကောင်းဆုံးပါပဲ ... ။

    ReplyDelete
  4. အမရေ..ဘယ်တုန်းကမှလည်း roll 1 မရခဲ့ပါဘူး.. ကျောင်းစာကို သင့်ယုံလောက်ပဲ ကျက်ခဲ့မှတ်ခဲ့ရတယ်.. အဆင့်၁ ရဖို့အတွက်ဆိုပြီး မကျိုးစားခဲ့ဘူး.. အဲဒါကြောင့်လည်း ၁၀ တန်းအောင်တော့ ရိုးရိုးမေဂျာပဲရတာ.. :D

    ReplyDelete
  5. ဟီးဟီး ဘာမှတော့ မဆိုင်ဘူး။

    နံပါတ်ဝမ်းကတော်ပဲ ဖြစ်ချင်တာ။
    မီလင်ဒါဂိတ်စ်လိုမျိုး ပြောတာပါ။
    :D

    ReplyDelete
  6. အားကစားနဲ့ ပတ်သက်ပြီး တွေ့ရသလောက်တော့ လက်လှမ်းမှီသလောက် အက်ဂါစီ ဆမ်းပရပ် နဲ့ ရော်ဂျာ ဖက်ဒရာ တို့ဆိုရင် ကစားပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒေါသထွက်ဆဲဆိုတာမရှိဘဲနဲ့ နိုင်နိုင်ရှုံးရှုံး အေးချမ်းတဲ့
    မျက်နှာလေးတွေနဲ့ဘဲ ကစားသွားကြတာတွေ့ရပါတယ်...အဲဒါကြောင့်ထင်တယ် သူတို့တွေရဲ့  အောင်မြင်မှုက
    များလည်းများသလို အချိန်ကာလလည်းတာရှည်ခံပါတယ်...ကျမဆို သူတို့ကို အရမ်းလေးစားအားကျမိတယ်.....

    mie nge

    ReplyDelete
  7. In my opinion,

    Life & Roll - 1 is Different case..

    How can you say your life's Nice & easy ...

    and other life's hot...

    Becoz of he / her was Roll 1 & he don't know how to live their life..?

    I don't think so...

    Intelligent people are always Hot & Intelligent...

    Normal people are just Nice & easy life..?

    Mostly normal people are idiot and nothing to talk about their life... and gone finally...

    So what..?

    ReplyDelete
  8. ကျွန်တော်ဘဝ မှာတော့ အေးအေးဆေးဆေးနဲ့ Roll.1 ရခဲ့သူနဲ့ တွေ့တာဆိုလို့ ၁၀တန်းတုန်းကပဲရှိခဲ့တာ
    တခြားတွေ့ဖူးသမျှတွေက အားလုံး စာမှစာ စာမှစာ တစ်ချိန်လုံးစာရူးရူးတဲ့သူတွေချည်းပဲ
    ကျွန်တော့် ခံယူချက်ကတော့ Roll.1 ရဖို့ကအဓိကမကျပါဘူး
    ဘဝမှာစိတ်ချမ်းသာဖို့နဲ့ ကိုယ့်ရည်မှန်းချက်အတိုင်းဖြစ်ဖို့က အဓိကပါ
    Roll.1 ဆိုတာ တကယ်တော့ ပကာသနတွေပါ (တခါမှမရဘူးလို့လျှောက်ပြောတာ :P )

    ReplyDelete
  9. နံပါတ်တစ်တွေ အကြောင်း လာဖတ်သွားပါတယ်..
    ကိုယ်ကတော့ ၁၀တန်းကိုတောင် မနဲ ဖြေပြီးအောင်လာတာပါ..
    ချန်းချန်းကိုလဲ မတောင်းဆိုရက်ပါဘူး..
    ကလေးဘ၀ ပျော်သလိုနေပေါ့..

    ReplyDelete
  10. တန်ခူးရေ…
    တော်လှလို့ မဟုတ်ပါဘူး။ ဆရာလုပ်ချင်တဲ့ပိုးကြောင့် သူများတွေကို စာရှင်းပြရင်း Roll 1 ဖြစ်လာရတာပါ။ အခုတော့ Roll 1 ဆိုတာက ဘယ်မှာမှ သုံးမရလို့ မေ့သလောက် ရှိနေပါပြီ။ အမှတ်တရ ရေးပေးတဲ့အတွက် ကျေးဇူးပါ…။

    ReplyDelete
  11. တကယ်တော့ အေးအေးချမ်းချမ်း နေတတ်ဖို့ဆိုတာ Roll 1 ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ တဦးချင်းစီရဲ့ အတွင်းစိတ်နဲ့ပဲ ဆိုင်တာ မဟုတ်လား မမ။

    ဒါကြောင့် Roll 1 ချင်းအတူတူ ဆရာ ကိုဧရာတို့က အေးချမ်းပြီး တချို့က စိုးရိမ် ပူပန်စိတ် များနေရတာပေါ့။

    ချိုသင်းတို့တော့ စာမတော်တဲ့ သာမန်ကျောင်းသူပဲ ဖြစ်ခဲ့တော့ ပူချိန်ကျရင်လဲ ပူတတ်သလို၊ မပူတော့လဲ အေးပြန်ရော မမရေ။ အေးချမ်းဖို့ စိတ်နေတတ်ရမယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမနေရတာပါပဲ။

    ReplyDelete
  12. Different people-different behaviour. Some never show their emotion....some do not have to work as hard as the others as they are so smart academically. But, little do we know that being smart academically /roll 1 does not promise us to be a successful professional in a related field when we are in our teens or in our early 20s. IQ alone is not good enough ....EQ -SQ whatever Qs are still needed in life/ at work. At work, your PR skill plays a very important role as you cannot work alone. It's hard to measure whose life is great ,miserable or peaceful because different yardstick would be used for the different individual due to how one perceives one's life.
    However, my hat off to those of them who are very smart /roll 1

    ReplyDelete
  13. ရိုးနံပါတ်ဝမ်း အဝေးဆိုမှ အဝေးကြီး။
    ရွာသားတို့တော့ အိပ်ရေးပျက်မခံနိုင်ပေါင်။
    ရိုးခြောက်တဲ့သူတွေတွေ့ရင် တကယ်သနားပါတယ်နော်။
    ကျောင်းတုန်းက အဖြစ်လေးမှတ်မိသေးတယ်။ ကျောင်းကားပေါ်မှာ ကျနော်တို့ ရိုးဝမ်းက ညည်းရှာတယ် Assembly တွေမရဘူး သူကျတော့မယ်တဲ့ ခက်သွက်သွက်မိန်းကလေးတစ်ယောက်က ၀မ်းသာအားရထအော်တယ် ဟေးးးးရိုးဝမ်းဒီဘာသာကျရင် ငါတို့တွေအေးဆေးအောင်ပြီတဲ့။ အဲ့လို....

    ReplyDelete
  14. ဒီပို့စ်ကို ဖတ်ရတော့ ကျမသဘောကျတဲ့အိုလံပစ်ရွှေတံဆိပ်ရှင်တယောက်ပြောတာကို သတိရမိတယ်။
    ဆုတံဆိပ်တွေအတွက်သာပြေးခဲ့ရင်သူရွှေတံဆိပ်ရှင်ဖြစ်လာမှာမဟုတ်ဖူးတဲ့။ သူကသူ့စံချိန်တပွဲထက်တပွဲတက်လာဖို့ပဲပြေးတယ်တဲ့။
    ရှံးတဲ့ပွဲတွေမှာလဲ သူ့စံချိန်ကောင်းနဲ့ပြေးခဲ့တာဆိုရင်သူကျေနပ်တာပဲတဲ့။
    ဆုတွေထက်အရည်အသွေးတကယ်တက်လာဖို့ကအရေးကြီးတာပါ။

    ReplyDelete
  15. maybe the writer looks at the ppl around her.
    Let me tell u about one of my friends.He got roll 1 in his academic life and he's a gifted person for sure.He got that position easily without putting so much effort. He's very calm type and also the person enjoying life with his friends.However,for the time being, he's not successful person in real life from the perspective ppl usually look at it and still struggling to survive in his career for quite a few years.
    There are many factors to be successful in life,from the so called yardstick most ppl measure.
    Anyway, thanks to the writer to give me sth to read.

    ReplyDelete
  16. နံ့ပတ်တစ် ဆိုတာ လုပ်တိုင်းလည်း မရပါဘူး။ ကိုယ်လုပ်စရာ ရှိတာလုပ် ကျန်တာကတော့ ကံတရားပေါ့။ လုပ်တိုင်းလည်း ဖြစ်မလာဘူးလေ။ စိတ်ချမ်းသာမှု နဲ့တော့ မလဲနိုင်ဘူး :D၊

    ReplyDelete
  17. ငယ်ငယ်တုန်းက စဉ်းစားမိတယ် ။ အတန်းထဲမှာထိပ်ဆုံးရောက်တဲ့လူတိုင်း ဘဝမှာထိပ်ဆုံးရောက်မယ်လို့ ဘယ်သူကများ ပြောထားခဲ့လဲလို့... လောဘ = ပူလောင်ခြင်း ( ကိုယ်ပျင်းတာကိုတော့ ဝန်မခံချင်ပါဘူး....ဟိ )

    ReplyDelete
  18. ကြိုက်တယ်... ၁ ရတဲ့ လူတွေ က လူတွေ နဲ့  ကင်းကွာ သွားတာ တော့ အမှန်ပဲ.. တချို့ ကလွှဲ လို့ ပေါ့..
    ဘဝ ကို အေးအေး ချမ်းချမ်း နေသွားနိုင် ရင် အကောင်းဆုံးပါဘဲး)

    ReplyDelete
  19. Ferderer ကြိုက်တာချင်းတူတယ်... ကျမဘလော့မှာလဲ အဲဒီအကြောင်းရေးထားသေးတယ်...

    ReplyDelete
  20. နံပါတ် တစ် တဲ့...
    ငယ်ငယ်ကတော့ ရခဲ့ဖူးတယ်
    မိဘတွေရဲ့ တွန်းအားတွေလဲ ပါတာပေါ့လေ...
    အရွယ်ရောက်လာတော့ အရာရာမှာ နံပါတ် တစ်ရဖို့ မဖြစ်နိုင်ဘူး ဆိုတာ နားလည် သိမြင်လာတယ်။
    တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါ
    အဲဒီဘဝလေးထဲ ရှင်သန်နေထိုင်ချိန်တွေမှာ
    ဘဝကို အေးချမ်းစွာ သမရိုးကျ ဖြတ်သန်းနိုင်ဖို့...
    စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိဖို့...
    သူ့အချိန်နဲ့သူ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်သွားနိုင်ဖို့... စတာတွေကိုပဲ တွေးထားတယ်။
    စဉ်းစားစရာပါတဲ့ ပိုစ့်လေးရေးပေးတဲ့ တန်ခူးကို ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  21. Roll ၁လဲ မလိုချင်ပါ
    ပင်ပန်းလို့

    ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေး

    ReplyDelete
  22. some people are really smart. so, we can't compete them to get roll 1.

    ReplyDelete
  23. နံပါတ် တစ် အကြောင်းကို မတွေးတော့တာ ကြာပြီ
    သူနဲ့ပတ်သက်လာရင် နံပါတ်တစ် ဖြစ်တာကိုပဲ တော်လှပါပြီ။ (ဒါတောင် နှစ်တွေဘာတွေ ပေါ်လာမှာ ပူနေရသေး)

    ပြန်လည်လှုပ်ရှားပါကြောင်း သတင်းပို့ပါတယ်။း)

    ReplyDelete
  24. မတန်ခူးနေကောင်းလား..
    နေ့လည်ဖက်ဆို သတိရနေမိတယ်..မတန်ခူးကို
    (အဟဲ ..ချွဲကြည့်တာ)
    သားရော..ကျောင်းတက်တာ အဆင်ပြေသွားပြီလား..
    ချန်းကတော့ မေမြို့ရောက်နေတယ်..

    ReplyDelete
  25. အခုတလော အရမ်းပျောက်နေတယ်နော်..
    သတိရလို့..

    ဒီပိုစ်ဖတ်တိုင်း စိတ်ချမ်းသာမှုတစ်ခုရတယ်း)

    ReplyDelete
  26. မျက်မှန်နဲ့ ကောင်လေး မဟုတ်ဘူး မတန်ခူးရဲ့..

    ခုတလော ပျောက်တယ် နော်..

    ReplyDelete
  27. ရွှေခိုင်August 7, 2009 at 2:55 PM

    Same batch, အမှတ်မြှင့်သော်လဲ တမင်တကာ RIT ရွေးခဲ့သူ၊ Roll 1 ကို လေးကြိမ်ရတဲ့တယောက် ခုချိန်မှာ Master ထိပဲပြီးပြီး သူ့လောက်ဥာဏ်မကောင်းတဲ့ သူတွေ Ph.D တွေရကြတော့ အဲဒီ Roll 1 အတွက် တကယ်ပဲစိတ်မကောင်းဘူး . . သူ့ပုံစံ ကတော့ အခုလည်း အေးအေးဆေးဆေးပုံပါပဲ . . .
    ဘဝအောင်မြင်ဖို့ ကံ ဥာဏ် ဝီရိယ လိုကြောင်း . . . စိတ်ချမ်းသာအောင်နေဖို့ မိမိတာဝန်ဖြစ်ကြောင်း ဖြည့်စွက်လိုပါတယ် . . .

    ReplyDelete