Saturday, February 28, 2009
ဂဏန်းရေချိုဟင်း
ဒီနိုင်ငံက စားသောက်ဆိုင်တွေမှာ ဂဏန်းဟင်းက အတော်နာမည်ကြီးပါတယ်။ ဂဏန်းမပါရင် တခုခုလိုနေသလိုတောင်ဖြစ်နေတတ်ပါတယ်။ ငရုတ်ဂဏန်းဟင်း၊ ငရုတ်ကောင်းဂဏန်းဟင်း၊ ဂဏန်းအချိုပေါင်း စသဖြင့် ဂဏန်းကို မျိုးစုံ စားချင်သဖွယ်ဖြစ်အောင် ရောင်းကြပါတယ်။ ဒါပေမယ့် ဂဏန်းဟင်းလို့ ဆိုလိုက်ရင် ဂဏန်းအရှင်လတ်လတ်တွေကို ချက်တာများပါတယ်။ ဒါကြောင့် အရှင်ချက်တဲ့ ဆိုင်တွေက ဂဏန်းဟင်းကို မစားဖြစ်ပါဘူး။ ဈေးထဲမှာလဲ အရှင်တွေ ရောင်းတာများလို့  ကျွန်မကတော့ အသေရောင်းတဲ့ flower crab လို့ ခေါ်တဲ့ ဂဏန်းကိုပဲ ချက်စားဖြစ်ပါတယ်။ ဒီနိုင်ငံက ချက်သလိုတော့ မချက်တတ်တော့ ဂဏန်းစားချင်ရင် မြန်မာချက် ရေချိုလေးပဲ ချက်ဖြစ်ပါတယ်။ ဟင်းချက်တာတော့ သမာရိုးကျ ချက်ရတာ ဖြစ်ပေမယ့် မချက်ခင် ဂဏန်းကို ကိုင်ရတာ အတော် လက်ဝင်ပါတယ်။ ဂဏန်းမကိုင်တတ်လို့  ဂဏန်းကြိုက်ပြီး မချက်စားဖြစ်တဲ့သူတွေ အတွက် ဂဏန်းကိုင်နည်းလေးကိုပါ မျှဝေလိုက်ပါတယ်။
ပထမဆုံး ဂဏန်းလက်လေးတွေကို အရင်ဖြုတ်ရပါတယ်။ အလိုက်သင့်လေး ဖြုတ်လိုက်ရင် လွယ်ပါတယ်။ ဓားမလိုပါဘူး။
လက်လေးတွေအကုန်ပြုတ်သွားရင် ကိုယ်ထည်ကို ကိုင်ရပါမယ်။ ဦးခေါင်းပိုင်းနားကနေ အသာဖိပြီး ဂဏန်းအခွံကို ဖြုတ်ရပါမယ်။ အခံွံဖြုတ်လိုက်တဲ့အခါ အဆီလေးတွေကို ကိုယ်ထည်မှာ ကပ်ပါလာအောင် ချော့ဖြုတ်ရပါတယ်။ အဲဒီအဆီလေးတွေက ပုဇွန်ဆီလို အရသာကို လေးပြီးချိုစေပါတယ်။
ကြောဘက်မှာ တြိဂံပုံ အခွံလေးကိုလဲ ဖြုတ်ရပါတယ်။ ပြီးတဲ့အခါ ကိုယ်ထည်ပေါ်မှာရှိတဲ့ အကြည်ရောင် အရိုးပျော့လေးတွေ ( ကျွန်မ ဘယ်လိုခေါ်သလဲ ဆိုတာတော့ မသိပါဘူး) ကို ပုံမှာ ပြထားတဲ့အတိုင်း ဖယ်ပစ်ရပါမယ်။ အဲဒါလေးတွေ မစင်ရင် ဗိုက်အောင့်တတ်ပါတယ်။
အပေါ်က အဆင့်တွေပြီးတဲ့အခါ ရေစင်အောင်ဆေးပြီး ငံပြာရည်၊ ဆနွင်းမှုန့် အနည်းငယ်နဲ့  ရောနယ်ပါ။
ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ရောထောင်းတာကို ထုံးစံအတိုင်းဆီသတ်ပါ။ ကြက်သွန်လေး ၀ါလာတဲ့အခါ အသင့်နယ်ထားတဲ့ ဂဏန်းကို ထည့်ပြီး လုံးရပါတယ်။ ၁၀ မိနစ်လောက် လုံးပြီးတဲ့အခါ ရေမြုတ်ရုံထည့် အပေါ့အငံလိုသလို ပြင်ပြီး မီးအေးအေးနဲ့ တည်ပါ။
၁၅မိနစ်လောက်ကြာတဲ့အခါ ဂဏန်းအနံ့ လေးမွှေးလာပါပြီ။ မဆလာမွှေးမွှေးလေးအုပ်၊ နံနံပင်လေးအုပ်လိုက်ပြီး ခဏကြာတဲ့အခါ ချိုမွှေးနေတဲ့ ဂဏန်းရေချိုဟင်းလေး အဆင်သင့်ဖြစ်ပါပြီ။
အပျင်းပြေ တနင်္ဂနွေနေ့ မှာ မိုးအေးအေးလေးနဲ့ လိုက်တဲ့ ဂဏန်းရေချိုဟင်းလေး ချက်စားကြည့်ပါလား။
တန်ခူး
6:16pm 28-Feb-2009
20 comments:
  1. စားလိုက်မယ်ကွဲ့ ကောင်းကောင်း...
    ဒီနေ့ ဘလော့ဂ်တွေ လှည့်စားလိုက်
    အိမ်မှာလည်း တစ်မျိုးပြီး တစ်မျိုးစားလိုက်နဲ့
    ကိုယ့်ကိုကိုယ် ဟုတ်သေးရဲ့လားလို့...
    တလောက သူငယ်ချင်းတစ်ယောက်က ပြောလိုက်လို့ပါ။ ပါးစပ်က အငြိမ်မနေပဲ တစ်ခုပြီးတစ်ခု စားချင်နေတာ stress ကြောင့်တဲ့... တရုတ်ကားတို့ ကိုးရီးယားကားတို့မှာလည်း မင်းသမီးလေးတွေ စိတ်ညစ်ရင် အစားတွေ အများကြီးစားတာ တွေ့ဖူးလို့...ဟိ..ဟိ
    ReplyDelete
  2. အစ်မကြီးး..သေသေချာချာ အပင်ပန်းခံချက်ထားတဲ့ ဂဏန်းဟင်းကို စားသွားတယ်ဗျ ဒီမှာလည်း ခဏခဏ ချက်စားကြတယ် ချက်ပေးတဲ့ အစ်မကတော့ လုပ်ရတာလက်ဝင်လို့ စိတ်တိုပေမယ့် စားရတဲ့ ကျနော်တို့တော့ အင်မတန်အရသာတွေ့ပါ့ ကောင်းမှကောင်းး)
    ReplyDelete
  3. အမ..စားသွားတယ် ဂဏန်းကြိုက်မှကြိုက်ပဲ (မွန်လေသံ)
    ဂဏန်းတော့ မကိုင်တတ်။ ချက်ပဲချက်တတ်တယ်။ ဒီမှာ ကလုပ်ပီးသားပဲရောင်းတာ ။
    အမတို့ဆီမှာက စီလုပ်တွေပေါတော့ အရှင်ရောင်းတာနေမှာပေါ့။
    ReplyDelete
  4. အမတန်ခူးရေ စားချင်စရာဟင်းထခွက်ပဲနော်။ တခါမှ ဂဏန်းမကိုင်ဖူးဘူး။ မှတ်ထားရမယ်။ ခုလည်း စိတ်ထဲမှာ စားချင်နေတာ။ တရက်ရက်မှ လုပ်စားကြည့်အုံးမယ်။
    ReplyDelete
  5. မတန်ခူးလက်ရာ စားသွားတယ်နော်..
    အရင်ကတော့ ဂဏန်အရှင်ကို ရေငွေ့နဲ့ ပေါင်းတာပဲစားဖြစ်တာများတယ်..
    ReplyDelete
  6. မရေ..ကျနော်လည်း အရှင်တော့ မစားချင်ဘူး.. ဒီမှာတော့ အကျက်ကို ကိုင်ပြီးသားတွေ ရောင်းတယ်.. ရေနွေးလောင်းထားတာလား ဘာလုပ်ထားလဲတော့ မသိဘူး.. ကျနော်ကတော့ တခါမှ ၀ယ်မစားဖြစ်ဘူး.. :) အမရဲ့ ဂဏန်းဟင်းကို စားချင်တယ်.. :)
    ReplyDelete
  7. သေချာတော့သဘောကျစွာကြည့်သွားသည်။
    မှတ်မိသေး
    တစ်ခါက ချက်တာ တစ်အိုးလုံးသွန်ပြစ်လိုက်ရသည်။ အဲဒီကတည်းက မချက်တော့
    မချက်တတ်တော့ မစားရပါ။
    ReplyDelete
  8. လက်ခဏာပါဖတ်ပေးသွားတယ်။
    ဂဏန်းကိုင်သူသည် အိမ်ထောင်ဖက် ချောမောသူဖြစ်ရမည်။ (handsome )
    လက်သည်းရှည်မထားတတ်ပါ။ အလုပ်ကိုစိတ်ဝင်စားသူဖြစ်မယ။် လက်သည်းနီမဆိုးတတ်ပါ။ သီုဖြစ်၍ ခပ်ရိုးရိုးဖြစ်မည်။ လက်ခလေးမျာ ဖောင်းမှိုသည်ကို ကြည့်၍ ချမ်းသာမည်။ ပိုက်ဆံရှိသည် ဖြစ်စေ. မရှိသည်ဖြစ်စေ. ချမ်းချမ်းသာသာနေရ. စားရမည်။ ပညာရေးလမ်းကြောင်းကောင်းသည်။ ဘွဲ့နှစ်ခု ရမည်။ အသက်ရှည်မည်။ မြင်ရသလောက် ဟောပြောလိုက်ပါသည်။
    မှတ်ချက်
    ကိုပေါ လာမေးက လက်မခံ။
    ReplyDelete
  9. တစ်ခါမှ မချက်ဖူးဘူး တန်ခူးရဲ့။ အပြင်မှာ စားရင်တောင် ခွာပေးမှပဲ စားတာ..။ အရှင်ရောင်းတဲ့ ဆိုင်တွေမှာဆိုရင်တော့ မစားဘူး။ နောက်တစ်ခါတွေ့ရင် တန်ခူးဘလော့ဂ်ဖွင့်ပြီး ချက်စမ်းကြည့်လိုက်မယ်..။ လောလောဆယ်တော့ သွားရည်ပဲ ကျသွားရပါတယ်..။
    ReplyDelete
  10. ကြိုက်ပေမယ့် ကြောက်လို့ ချက်မစားဖြစ်ဘူး အစ်မရေ။ ကြည့်ရတာ ကောင်းမယ့်ပုံပဲ။ မခင်ဦးမေရဲ့ ဟောစာတမ်းကိုလည်း ဖတ်ပြီး သဘောကျသွားပါသည်။
    ReplyDelete
  11. ဂဏန်းတဲ့။ လက်လေးနောက်ပစ်၊ ခေါင်းငိုက်စိုက်ချပြန်သွားပါတယ်။ မတည့်ဘူးလေ။ ဒီဘ၀မှာ ဂဏန်းအတွက်တော့ နှမလက်လျော့နေလေအုံးတော့။
    ReplyDelete
  12. ကျွမ်းကျင်လိုက်တာ အမက။ လက်ကလေးတွေကလဲ သန့်နေတာပဲ။
    ReplyDelete
  13. ဂဏန်းတော့ မကိုင်တတ်လို့ မချက်ကြည့်မိသေးဘူး အမရေ။ အခု အမက တဆင့်ချင်းပြတော့ သဘောကျလိုက်တာ။ ဒီလောက်ရှင်းတာမှ မတတ်လဲ တုံးရာ ထုံရာ ကျမယ်။ ချက်ကြည့်လိုက်အုံးမယ်။
    မမရဲ့ ဗေဒင်ကလဲ စံပဲ။ လက်ထိုးပေးချင်စိတ်ကို ပေါက်သွားတယ်။ တော်သေးတယ်၊ လက်မခံတဲ့သူထဲ ကိုယ့်နံမည် မပါလို့။ :)
    ReplyDelete
  14. တော်လိုက်တာ မတန်ခူးရေ.. presentation တော်တဲ့သူတွေ အများကြီးပဲ... အခုပဲ ပေါက်ဆီက ပြန်လာပြီး သူ ပြထားတာ ကောင်းတယ် လို့ပြောနေတာ။ ဂဏန်းဟင်းကို တခါမှ မချက်ဖူးပါဘူး။ အခုတော့ ပရင့်ထုတ်ထားတယ်... တဆင့်ပြီးတဆင့် ကြည့်လို့ရအောင်.. ကျေးဇူးပါ အမ။
    ReplyDelete
  15. မခိုင်ရဲ့ ဂဏန်းရေချိုဟင်းကြည့်ပြီး ဗိုက်အရမ်းဆာသွားပြီ။ ဘာမှလည်း စားစရာမရှိဘူး။ :(
    နေကောင်းသွားပြီလား .. မခိုင် .. ။ မေးလ်ပို့ထားတာ ရလားဟင်။ မေးလ်များ မှားပို့မိသလားလို့။
    မေ
    ReplyDelete
  16. ဂဏန်းကိုင်ထားတဲ့လက်ပိုင်ရှင်ဟာ ဧကမုချ ဂဏန်းဟင်း ချက်ရကိန်းရှိတယ်။
    မှတ်ချက်။……..။ကျနော်ကတော့ အပျော်တမ်းဟောတဲ့ အစ်မ မခင်ဦးမေဆီမှာတော့ လက္ခဏာ ဘယ်ကြည့်ခိုင်းလိမ့်မလဲ။ နောက်ပြီး ကိုယ်ချောတာလည်း ကိုယ့်ဘာသာ သိနေပြီးဟာပဲကို။
    ReplyDelete
  17. ဂဏန်းခွာနည်းလေး မှတ်သွားပါတယ်။ မျှဝေပေးတဲ့အတွက်ကျေးဇူးပါရှင်
    ReplyDelete
  18. စိတ်ရှည်လက်ရှည် ရှင်းလင်းပြသွားတဲ့ မတန်ခူးကို မမတို့ ဘလော့ဂ်အသံက အထူးပဲ ကျေးဇူးတင်ပါတယ်ကွယ်...
    ဟုတ်တယ်တန်ခူးရေ... တို့လဲ ဂဏန်းအရှင်တွေကို
    မမ ဖတ်ပေးသွားတဲ့ လက္ခဏာ အဟောကို ကြည့်ပြီး သဘောကျ ရယ်ချင်လိုက်တာ... အဲဒီ မမ တစ်ယောက်ကတော့ မနိုင်ဘူး...
    အခုတောင် စဉ်းစားနေမိတယ် ကိုယ့် လက်ဝါးနှစ်ဖက် ဖြန့် ဓါတ်ပုံရိုက်ပြီး မမဆီ ပို့လိုက်ရင် ကောင်းမလားလို့... ဟီဟိ
    ReplyDelete
  19. မတန်ခူး..
    မရောက်တာကြာနေပေမယ့် လာလိုက်တာနဲ့  စိတ်ချမ်းသာသွားတာဘဲ..။
    ဂဏာန်းဟင်းကိုကြိုက်တယ်..စားချင်တယ်ဗျ...။
    ကျနော်ရခိုင်မှာကတော့ မိန်းကလေးတွေက အိမ်လည်ခေါ်ပြီး...ပင်လယ်ဂဏာန်းအကြီးကြီးတွေ ၅ကောင်လောက် ပန်းကန်နဲ့ ချကျွေးဧည့်ခံတယ်...
    ရေနွေးဘဲသောက်ခဲ့ တယ်..
    သူတို့ က ဈေးကြီးပေးဝယ်ကျွေးတာတောင်လုံးဝမစားလို့  စိတ်ဆိုးကြတယ်..။
    ပြေလည်အောင်ပြောပြီး...ပြန်လာခဲ့တယ်..လမ်းရောက်မှ တောက် တစ်ခေါက် ခေါက်နဲ့ ပေါ့..။
    ဟုတ်တယ်လေ...
    အထက်အညာသားက ပင်လယ်ဂဏာန်းကို ဘယ်က စခွာပြီး စားရမယ်ဆိုတာ သိမှမသိတာ..။
    ReplyDelete
  20. မ ရေ… အဲဒါဟုတ်မယ်ထင်တယ်နော်… ကျွန်မလဲ စာမေးပွဲနီးလို့  စာကျက်ရင် ဗိုက်တွေပဲဆာနေတာ…
    မောင်မျိုးတို့ က ချက်ပေးတဲ့သူရှိတော့ ကံကောင်းတာပေါ့… စားရတာလဲလက်ဝင်တယ်နော်…
    လုပ်ပြီးသားဆို အဆင့်သင့်စားရုံပဲပေါ့နော်… ကောင်းလိုက်တာ မြတ်နိုးရေ…
    နိနိလက်ရာလေးနဲ့ ဆို ပိုစားကောင်းမှာ… ငရုတ်သီးစိမ်းလေးအုပ်ရင် ပိုစားကောင်းတယ် ညီမရေ… အမက မတည့်လို့ …
    ပေါက်ရေ… စားကောင်းရဲ့လား…
    နုရေ… အဲလို အကျက်ကိုင်ပြီးသားဆို စားရတာ အဆင်ပြေတာပေါ့ညီမရေ… ဒီကို လာလည်ရင် ဂဏန်းဟင်းချက်ကျွေးမယ်လေ…
    မမ ရေ… ဘာလို့ သွန်လိုက်ရတာလဲ… တူးသွားလို့ လား… ထပ်စမ်းကြည့်ပါလား မမရေ…
    အိုး..ဟောတတ်လိုက်တာ… မှန်မမှန်က တိတ်တိတ်လေးအီးမေးလ်ပို့ လိုက်မယ်နော်… ကိုယ့်အကြောင်းတွေ လူသိကုန်မှာ စိုးလို့ … ခုလို ဟောပေးတာ ကျေးဇူးအရမ်းတင်ပါတယ် မမရေ…
    မ ရေ… စမ်းကြည့်ပါနော်… လက်ဆိပ်ကောင်းတဲ့သူတွေချက်ရင် ပိုလို့ တောင် ခံတွင်းတွေ့ ဦးမယ်… မက လက်ဆိပ်ကောင်းမယ့်ပုံ….
    ပုံရိပ်ရေ… အမအမျိုးသားလဲ ကြောက်လို့ မစားဘူး…
    မွန်ရေ… အမလဲ သိပ်တော့ မတည့်ဘူးညီမရေ… တခါတလေပဲ စားဖြစ်တယ်…
    အိမ့်ရေ… အိမ့်ရဲ့ ပန်းသီးငါးပိချက်လေးနဲ့  လဲစားရအောင်လေ…
    ချိုသင်းရေ… အလေ့အကျင့်ပါညီမရယ်… အမလဲ စစလုပ်တုန်းက စမ်းစမ်း စမ်းစမ်းနဲ့ ပါပဲ… များများသာ လေ့ကျင့်ညီမရေ…
    မီယာရေ… အိမ်နားနီးရင် လာချက်ပြပေးပါတယ်… ညီမရေ… ရဲရဲသာလုပ်… ကောင်းသွားလိမ့်မယ်…
    မေရေ… နေကောင်းသွားပါပြီညီမရေ… ဘာမှ စားစရာမရှိရင် ထမင်းလေးနဲ့  လဘက်သုတ်လေးနဲ့  ရေနွေးကြမ်းလေး စားလိုက်… စာကြည့်တာ မျက်လုံးကျယ်သွားမယ်နော်… လာလည်ရင် ဂဏန်းဟင်းချက်ကျွေးမယ်လေ… သတိတရအီးမေးလ်ပို့ တာ ကျေးဇူးပါမေရေ….
    အင်း… ကိုပေါတို့  ဟောချက်ကတော့ ဒက်ကနဲပဲ…
    Subuueain ရေ… လာလည်တဲ့ ညီမကို အမကလဲ ကျေးဇူးတင်ပါတယ်… နောင်လဲလာလည်ပါဦးနော်…
    သက်ဝေရေ… သက်ဝေလက်ရာလေးစားချင်လိုက်တာ… ဒါနဲ့ မမဆီက ဟောစာတမ်းရပြီလား…
    ကိုသစ်နက်ဆူးရေ… ဟုတ်တယ်နော်… ကျွန်မတို့  အညာမှာ ပင်လယ်ဂဏန်းဆိုတာ ရှာမှရှားကို… ကောင်မလေးတွေကလဲ အသားလေးနွှင်ကျွေးရောပေါ့…
    ReplyDelete