Tuesday, November 25, 2008

မောင်လေး

စန္ဒာပုံဆံပင်ကို ဆီတွေ ရွဲနေအောင်လိမ်းပြီး ဘေးခွဲ တိတိကျကျလေးခွဲကာ အဖေကိုယ်တိုင်ခေါင်းဖြီးပေးထားတဲ့ ရှပ်အကျီင်္နဲ့  ဘောင်းဘီတို အ၀တ်များတဲ့ ကျွန်မကို ငယ်ငယ်က ယောင်္ကျားလေးလားလို့  မေးရင် အဖေက ပြုံးနေတတ်တယ်။ သားဦး ယောင်္ကျားလေး လိုချင်ခဲ့တဲ့ အဖေ့ဆန္ဒ မပြည့်ခဲ့တော့ ကျွန်မကို ယောင်္ကျားလေး တယောက်လို ဆင်ပေးခဲ့တယ်။ ပြီးတော့ နောက်တယောက်ဟာ ယောင်္ကျားလေး သေချာတာမို့  ကျွန်မအ၀တ်လေးတွေကို လက်ဆင့်ကမ်းရအောင်တဲ့။ အဆော့အကစားသန်တဲ့ ကျွန်မကတော့ ဂါဝန်လေးတွေ မ၀တ်ရလဲ လွတ်လပ်စွာဆော့နေရရင်ကို ကျေနပ်နေသူ။

အဖေ့ဆန္ဒတွေ တကယ်ပြည့်ဝခဲ့ပါတယ်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေ ပါးဖောင်းဖောင်းကြီးတွေနဲ့  ချစ်စရာကောင်းတဲ့ မောင်လေးမွေးတော့ အဖေ့အပျော်မျက်နှာ ကျွန်မ မမေ့ဘူး။ ငယ်တုန်းက အရပ်ပုပုလေးနဲ့  ၀တုတ်မောင်လေးကို တရပ်ကွက်လုံးက ၀ိုင်းချစ်ကြတာ။ သဘောကောင်းတဲ့ သူကလဲ ဘယ်သူချီချီလိုက်။ နာမည်တွေကလဲ စုံလို့ ။ အညာသားလေး၊ တာတီဖိုး…။ အခွင့်ထူးခံကောင်လေးပေါ့။ အစားကလဲပုပ်။ ကစားစရာဆိုလဲ အထူးအဆန်း ဈေးကြီးတာမှ။ အဖေကလဲ အကုန်ဝယ်ပေးတယ်။ ဥာဏ်ကောင်းသလောက် စာကပျင်း။ ကျောင်းနေတဲ့ အရွယ်ရောက်တော့ အမေနဲ့ ကျွန်မ စာဝိုင်းသင်ပေးရတာ ဖတ်ဖတ်မော။ လေးတန်းစာမေးပွဲတုန်းက တနေ့ ၂ဘာသာမို့  စာမေးပွဲခန်းစောင့်ခဲ့ရတာ မှတ်မိသေးတယ်။ တဘာသာပြီးသွားရင် ဘာဖြေခဲ့သလဲ မပြောပဲ မုန့် ဟင်းခါး ၂ပွဲ၊ အအေး ၂ခွက် အရင်သောက်။ သင်လိုက်တာက ဗိုလ်ချူပ်အောင်ဆန်း.. ဖြေလာတာက မျက်လုံး။ အဲဒီလိုတလွဲတွေ လုပ်တတ်တာ။

ကျောင်းဆင်းချိန်မှာ လွယ်အိတ်ပဲတွေ့ ပြီး လူက အမြဲပျောက်နေတတ်တယ်။ အရပ်ကလေးက ပုပုလေးနဲ့  ဘောလုံးကန်တော်လို့  ကွင်းထဲမှာ လူတွေ အားပေးရင်း ရလာတဲ့ နာမည်က ဂျပုတဲ့။ မနက်က ဖြူဖွေးဖွေး ကျောင်းအကျီင်္လေးက ညနေကျ ဂျီးလက်လေးသစ်။ အိမ်ပြန်ရောက်လို့  စာကျက်ခိုင်းရင် ဗိုက်ဆာပြီ၊ အိမ်သာတက်ချင်ပြီနဲ့  သူ့ လက်ထဲရောက်မှ ပျင်းရိခြင်းတွေ အသစ်အသစ်တိုးလာတာလေ။ ဧည့်ခန်းထဲမှာ စာကြည့်ရင် တီဗွီဆီပဲ မျက်စိရောက်နေလို့  ဖေဖေ့ရုံးခန်းထဲ သွားကြည့်ခိုင်းတော့ ရုံးခန်းထဲက မှန်ဘီရိုကြီးက တဆင့်မြင်ရတဲ့ တီဗွီကို ကြည့်ပြန်ရော။ နောက်ဆုံး အဲဒီဘီရိုကြီးကို စောင်ကြီးအုပ်ထားရတာ။

ကျွန်မကိုဆို သင်္ချာအမှတ် ၁၀၀ မပြည့်ခဲ့ရင် အိမ်တောင်မရောက်သေးဘူး တဒေါက်ဒေါက်နဲ့  ခေါက်ခဲ့တဲ့ အဖေ မောင်လေးအလှည့်ကျတော့ ဂရိတ်တွေ လျော့ချပစ်ရတယ်။ ၈၀ လောက်ဆို ကျေနပ်ပြီပေါ့။ သင်္ကန်းတောင် မနိုင်သေးခင် အဖေတို့  အဖိုးအဖွားတို့ က
လှူခဲ့တော့ မြင်းပုပုလေး စီးချင်တယ်ဆိုလို့  အတော်ရှာယူရတာ။ ဖိုးသူတော်လေးပေါ့။ အဲဒီ ဖိုးသူတော်လေးက ကြီးလာတော့ ကိုရင် ခဏခဏ ၀တ်ပြီး တရားအတော်ထိုင်တာ။ ကိုရင်တခါ ၀တ်ပြီးတာနဲ့  ထွက်လာလိုက်တဲ့ အရပ်ကြီးကြောင့် ဂျပုဆိုတဲ့ နာမည်လဲပျောက်ရော။ သူက ကျွန်မထက် ၅ နှစ်ငယ်သူ။ သူတို့ ခေတ်မှာ ဂိုက်ဆိုတာ ခေတ်မစားသေး။ ဒါပေမယ့် ဆယ်တန်းမှာ ကျွန်မရော မေမေပါ မနိုင်လို့  ဆေးကျောင်းက ကောင်လေးတယောက်ကို ဂိုက်သဘောမျိုးငှားခဲ့ရတယ်။ မေမေက အမြဲပြောတယ်…ဂိုက်ဆိုတာ သူ့ သားက စခဲ့တာတဲ့။

သဘောကောင်းပြီး အလှူအတန်းကလဲ ရက်ရော။ သနားတတ်ပြီး စိတ်ကနူးညံ့လွန်နေတော့ ယောင်္ကျားလေး ဖြစ်ပြီး တချို့ ကိစ္စတွေမှာ မျက်ရည်လေး ၀ဲချင်ပြီ။ အပျိုဖြစ်ကတည်းက အိမ်ပြင်ထွက်ခဲတဲ့ ကျွန်မတို့ ညီမ ၂ ယောက်ကိုတော့ ရပ်ကွက်ထဲက မာနကြီးသည်တဲ့။ မောင်လေးကျတော့ အတော်လူချစ်လူခင်ပေါတာ လမ်းထိပ်က ၀က်သားကင် ဒုတ်ထိုးသည် အစ၊ တိုရှည်ရောင်းတဲ့ ကုလားမကြီး အလည်၊ ဓမ္မာရုံက အဘိုးကြီးတွေ အဆုံး သူနဲ့ မသိတာ မခင်တာ မရှိ။ စားပွဲထိုးလေးတွေကတော့ ဘောင်းဘီ တကားကားနဲ့  သူ့ ကို နာမည်ပေးထားတာ ကိုမင်းသားတဲ့။ တနေ့ တနေ့  လာလိုက်တဲ့ သူငယ်ချင်းတွေက တဖွဲဖွဲ။ ကြာတော့ ကိုယ်လဲ မမှတ်မိတော့။ တခုကောင်းတာက သူက ဘယ်တော့မှ ရန်မဖြစ်တတ်။ သူနားနေတဲ့ သူတွေ အမြဲပြုံးနေရအောင် အာဝဇွန်း ရွှင်သူ။ သူအိမ်မှာကပ်ရင် ကျွန်မတို့  ညီမ ၂ ယောက်နဲ့  ရန်ဖြစ်လိုက် ပြန်တည့်လိုက်။ ပြန်တည့်သွားရင်တော့ ပေါက်ကရတွေ ဆက်တိုက်ပြော တ၀ါးဝါး ပွဲကျနေရတာ။

ငယ်တုန်းက ယောင်္ကျားလေးမှ ဆိုတဲ့ ဖေဖေက ကြီးတော့ သူနဲ့ မတည့်တော့။ သူက ခေတ်လွန်တဲ့ အ၀တ်အစားတွေမှ ကြိုက်သူ။ ဖေဖေက စာအုပ်ကြီးသမား။ ရှပ်အကျီင်္ကို ကြယ်သီးစေ့တပ်ပြီး ၀တ်မှ ကြိုက်တဲ့ဖေဖေနဲ့  ကြောက်စရာကောင်းတဲ့ ပြူးပြူးပြဲပြဲ အရုပ်ကြီးတွေ ပါတဲ့ တီရှပ်တွေမှ နှစ်သက်တဲ့ သူနဲ့ က တကျက်ကျက်။ ဗိုကေလေး သပ်သပ်ရပ်ရပ် အဖေက ထားစေချင် သူက ဆံပင်ရှည်ခေတ်တုန်းက ဆံပင်ရှည်၊ ဒီဘက်ပိုင်း ခေါင်းတုန်းဆံပင်ပေါက် ပုံစံခေတ်ရောက်တော့ အဲဒီပုံစံ။ တခါတလေ ဂျင်းဘောင်းဘီ နီရဲရဲကြီးနဲ့  ထွက်ရင်ထွက်လာတတ်တာ။ တခါက သူက အရုပ်ကြီးလျာထွက်နေတဲ့ ဘောင်းဘီတိုကြီးနဲ့  အိပ်ရာက ထလာတော့ အညာက ဦးလေးက ရှက်ပြီး မကြည့်ရဲလို့ တဲ့။

ဒီတော့ အဖေနဲ့ သူ တကျက်ကျက် မဖြစ်ရအောင် မေမေရယ် ကျွန်မတို့  ညီမ ၂ ယောက်ရယ်က ညှိပေးရတယ်။ သိပ်ကြီးလဲ ခေတ်ရှေ့ မပြေးလွန်း သိပ်ကြီးလဲ လူကြီးမဆန်လွန်းတဲ့ အ၀တ်တွေ ၀တ်ခိုင်း။ သူက ခဏပါ။ အိမ်က ထွက်သွားတော့ ရိုးရိုးလေး ကျောင်းရောက်တော့ သူအိပ်ထဲက နားကွင်းတွေ၊ ဆွဲကြိုးတွေနဲ့  သူ့ စိတ်ကြိုက်ပုံဖြစ်သွားရော။ ညနေ ဖေဖေလာကြိုခါနီးကျတော့ ဖေဖေ့အကြိုက်ပုံလေးပေါ့။ အဲဒီလို ထူးခြားတဲ့ သူ့ ပုံကြောင့် သူ့ နဲ့ ကျောင်းနေဖက်တွေ တော်တော်များများ သူ့ ကို သိကြတယ်။ သူရဲ့ လည်ရှည်ဖိနပ်ကြီးတွေနဲ့  တွဲလို့ ပေါ့။ ကျွန်မ ဒီရောက်ကာစက သူမှာလို့  Queensway က လမ်းသရဲလေးတွေ ကျက်စားတဲ့ နေရာ လည်ရှည်ဖိနပ်ရှာပုံတော် ဖွင့်ရသေးတယ်။

သူက ငယ်ငယ်က အဆိုတော်ရူး။ တခါတခါ စိတ်ရူးပေါက်ရင် Guns and Roses သီချင်းဖွင့် အိမ်က တံမြက်စည်းကို မိုက်လုပ်၊ ဂီတာလွယ်ပြီး အိမ်ရှေ့ ပြေးလိုက် အိမ်နောက်ပြေးလိုက်နဲ့  အိမ်ကို စတိတ်စင်လို သဘောထား ကဲနေတော့တာ။ လမ်းမက ဖြတ်သွားတဲ့သူတွေဆို ရပ်ကြည့်ရတဲ့အထိ။ ပေါက်ကွဲဆူညံတဲ့ သီချင်းတွေကြိုက်တဲ့သူက မျိုးကျော့မြိုင်သီချင်း အေးအေးလေးတွေဆိုရင် အတော်နားထောင်လို့ ကောင်းတယ်။ ကျွန်မ ရေးတဲ့စာတွေဆို အမြဲရှံ့ ချတယ်။ ကလေးဆန်လို့ တဲ့။ သူက တာရာမင်းဝေတို့  နီကိုရဲတို့ ဆို အသဲအမဲ။ ကျွန်မ ဘလော့ဂ်ရေးတော့ အရှက်မရှိ ကိုယ့်အကြောင်းတွေ လိုက်ပြောနေလို့ တဲ့ ဆူသေးတယ်။ ခု သူ့ အကြောင်းတွေ တွေ့ ရင် ကျွန်မကို ဘာလုပ်မလဲမသိ။

သူတခြားနိုင်ငံသွားတော့ အိမ်ကြီးက အတော်သွေ့ ခြောက် ကျန်နေခဲ့တယ်တဲ့။ သူငယ်ချင်းတွေကလဲ မနေတတ် မထိုင်တတ်ဖြစ်။ သင်္ကြန်ဆို သူက ဦးဆောင်လုပ်နေကျဆိုတော့ သူမရှိတဲ့ သင်္ကြန်က အတော် အထီးကျန်တယ်ဆိုပဲ။ သူဟိုကို ရောက်တော့ အိမ်ကိုလွမ်းလို့  တရှုံ့ ရှုံ့ ငို။ ကျွန်မနဲ့ က ဖုန်းနဲ့  ပေါပေါသီသီ ပြောနိုင်တာမို့  အားပေးရတယ်။ ဟိုမှာ နေတာကြာတဲ့ အခါ သူအများကြီး လူကြီးဆန်လာတာတွေ့ မှ ကြိတ်ပြီး ၀မ်းသာမိတယ်။ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည်မပြန်ခင် ကျွန်မဆီ ၀င်လာတော့ အရင်ကလို ကြောင်ကြောင်ကြားကြားတွေ မ၀တ်တော့။ Country Shirt အပွင့်နုတ်နုတ်လေးတွေနဲ့  ဂျင်းလေးတွေ လူကြီးဆန်ဆန် ၀တ်လာတယ်။ ကျွန်မတို့ ညီအမမှာ နားပေါက်မရှိပေမယ့် သူကတော့ ဟိုရောက်မှ ဖောက်လိုက်တဲ့ နားပေါက်နဲ့ ။ စိန်နားကပ်ကြီးကို ကျွန်မအမျိုးသားက ဖေဖေအမြင်မတော်မှာ ကြောက်လို့  ချွတ်သွားခိုင်းတယ်။ ကျွန်မမျက်စိထဲတော့ နဲနဲယဉ်နေပြီလေ။

ဘာပဲဖြစ်ဖြစ် အများနဲ့ မတူတဲ့ ထူးထူးဆန်းဆန်း မောင်လေး တယောက်ရထားတာ တခါတခါ စိတ်လဲညစ်မိသလို၊ ပျော်လဲပျော်မိပါတယ်။ ခေတ်လွန်ဖက်ရှင်တွေ ကြိုက်ပေမယ့်  ဟော့ဟော့ရမ်းရမ်းမရှိ မိဘကို ဒုက္ခမပေးတဲ့ အပြင် မိဘကိုပါ လုပ်ကျွေးနေတဲ့ မောင်လေး တယောက် ၃၃နှစ်မြောက် မွေးနေ့ မှ သည် နောင်နှစ်ပေါင်း ရာကျော်တိုင်အောင် ပျော်ရွှင်စိတ်ချမ်းမြေ့ ဖွယ် မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးမိပါတယ်။

(အဝေးရောက် မောင်လေးရဲ့ မွေးနေ့ အမှတ်တရ)

တန်ခူး
3:20pm 25-Nov-2008

27 comments:

  1. ဟက်ပီးဘတ်သ်ဒေးပါ….တန်ခူးမောင်လေးရေ။ တန်ခူးစာဖတ်ရတာ ငယ်ငယ်က အစ်မတွေ ကျနော့်ကို ဂါဝန်ဝတ်၊ နှုတ်ခမ်းနီပါးနီတွေနဲ့ ကြက်တောင်လေးစည်းပြီး မိန်းကလေးလို ပြင်ဆင်ပေးတာကို သတိရမိတယ်။

    ReplyDelete
  2. Why I don't have such a kind sister? :(

    ReplyDelete
  3. I always visit your blog during my lunch break.
    I also have only one brother 5 years younger than me.
    While I am reading your post, I remember him.
    He is also lazy boy.
    Your brother is now mature, but my brother isn't mature yet :(

    ReplyDelete
  4. ကျွန်တော့် မောင်ရှင်လောင်းပို့စ်မှာ မြင်းပုလေးနဲ့မှ ဆိုပြီး ဂျီကျတဲ့မောင်လေးအကြောင်း စာမူခပေးသွားတာ အခုမှပဲ စုံစုံလင်လင် ဖတ်ရတော့တယ် အမရေ။ မောင်လေးဆိုတော့ ငယ်ငယ်ပဲမှတ်တာ ကျွန်တော့်ထက် အများကြီးကြီးတာပဲး)ကျွန်တော့်မှာ ညီလေးမရှိပေမယ့် ညီမလေးတစ်ယောက်တော့ ရှိပါသေးတယ် ဟဲ ဟဲ
    အကိုရေ ပျော်ရွှင်သော မွေးနေ့မှသည် ရှေ့ဆက်အေးချမ်းပျော်ရွှင်ပါစေဗျာ

    မေတ္တာဖြင့်

    ReplyDelete
  5. ချစ်စရာ မောင်လေး အကြောင်းကို မျက်စေ့ထဲမှာ ကွင်းကွင်းကွက်ကွက် ပုံပေါ်လာအောင်ရေးထားတာ ဖတ်လို့ ကောင်းပါ့...
    တန်ခူးရဲ့  ချစ်မောင်လေး ၃၃ နှစ်မြောက် မင်္ဂလာ မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်တိုင်အောင် ချစ်တဲ့ မမနှစ်ယောက်နဲ့ အခုလိုဘဲ ရန်ဖြစ် ပြန်ချစ် ဇာတ်လမ်းတွေ ဆင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်...။

    **** ဒီပိုစ့်ကို သူလာဖတ်ပြီး တန်ခူးကို ဘယ်လို အားပေးသွားတယ် ဆိုတာလေးလဲ ပြောပြအုံးနော့...။

    ReplyDelete
  6. Happy Birthday...! to your brother.

    ReplyDelete
  7. ပျော်ရွှင်သော မွေးနေ့ပါ မတန်ခူးရဲ့ မောင်လေး...

    အမက ပြည့်ပြည့်စုံစုံရေးတော့ အမမောင်လေးက ကျွန်တော်နဲ့ တော်တော်လေး တူတယ်ဗျ.. စာကျက်ပျင်းတာကတော့ အတူဆုံးပဲ...
    :D

    ReplyDelete
  8. အမရေ စာအရေးအသားကောင်းလွန်းလို့ အမြဲရောက်ဖြစ်ဖတ်ဖြစ်ပေမဲ့ဘာမှမရေးဖြစ်ခဲ့ဘူး ဒီနေ့တော့ အမ မောင်လေးက အိမ်ကညီမအငယ်ဆုံးလေးလိုပဲ ဆိုးပုံလေးတူနေလို့ သတိတရဝင်ရေးသွားပါတယ်။ Happy Birthday to your brother ပါနော်။ BTW ဦးကိုပေါပုံကို မြင်ရောင်ပြီး ရယ်ချင်သွားပါတယ် :D

    ReplyDelete
  9. မတန်ခူးမောင်လေးနဲ့ အသက်ချင်းတူနေဒယ်...
    အမြဲ အလိုလိုက်။ ချစ်ခဲ့ကြတဲ့ အစ်မ ၂ ယောက်ကို လည်း သတိရသွားတယ်။

    ReplyDelete
  10. တန်ခူးတို.မိသားစုလေးက ချစ်တတ်သူတွေရဲ. နွေးထွေးတဲ့ မိသားစုလေးပါပဲနော်..။

    ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ.. တန်ခူးမောင်လေးရေ..

    ReplyDelete
  11. Aww..., I want a sister like that. "Happy Birthday par maung-lay yel.."

    ReplyDelete
  12. မတန်ခူးရဲ့ မောင်လေး မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်း အတူဆုတောင်းသွားပါတယ်။

    မတန်ခူးက ငယ်ငယ်က စန္ဒာပုံ ဆံပင်လား။ အနော်က ဒိုင်ယာနာ.. ဟိ.. ဆီမရွှဲဘူး။

    ReplyDelete
  13. မတန်ခူးရေ...
    မတန်ခူးမောင်လေး..မွေးနေ့မှာပျော်ရွှင်ပါစေ..
    နောက်ပြီးး..
    ခရီးက ဘယ်တော့လဲ...
    ဘယ်လောက်ကြာမှာလဲ..မသိဘူး...
    ဖြေလို့ရမှဖြေနော်..ဟိ

    ReplyDelete
  14. အမရယ့် မောင်လေး အသက်ရာကျော်
    ထောင်ကျော် ရှည်ပါစေလို့ ၀ိုင်းဆုတောင်း
    ပါတယ် အမရေ။

    ReplyDelete
  15. အမတန်ခူးချစ်သော မောင်လေး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ အမစာဖတ်လိုက်တာနဲ့တင် မောင်လေးကို ချစ်ခင်စိတ်တွေ မြင်နေရတယ်။ ဒီဘလော့ဂ်လေးကို အမမောင်လေး လာကြည့်ရင်တော့ တပြုံကြီးမိပြီထင်တယ်နော် အမတန်ခူး။

    ReplyDelete
  16. မတန်ခူးမောင်လေးက guns & roses ကြိုက်တယ်ဆိုလို့ GNR ခေတ်က ကျွန်မတို့ငယ်ငယ်ကခေတ်နဲ့ တူနေလို့ အသက်တူလာများလားလို့..သူက ငယ်သဗျ။ စာရေးကောင်းလို့ ချစ်စရာမောင်နှမတွေအကြောင်း ဖတ်ပြီး အိမ်က အကိုကို သတိရသွားတယ်။ အကြီးတွေက အငယ်ဆို အမြဲညှာကြ၊ အလိုလိုက်ကြတာ သိပ်ကောင်း :))

    ReplyDelete
  17. မတန်ခူးရေ
    ဒီစာလေး ဖတ်ပြီး အကောင်းဆုံး မိဘ၊ အမ တွေရလို့ ကံကောင်းတဲ့ မောင်လေးကို မေတ္တာကို တန်ဖိုးထား နားလည်မှုတွေနဲ့ ပျော်ရွှင်ပါစေ လို့ မွေးနေ့ ဆုတောင်းလိုက်ပါတယ်။
    ချိုသင်းတို့မှာလဲ မောင်လေး တယောက်ရှိခဲ့တယ်။ ချိုသင်းနဲ့ တနှစ်ကြီး တနှစ်ငယ်။ မိန်းကလေး ၄ယောက်မှာ အငယ်ဆုံးက ယောကျာင်္းလေးတယောက် ထပ်ရတာမို့ ချစ်လိုက်ကြတာ တုန်လို့။ သူကလဲ အလိုလိုက်တော့ ဆိုးချင်တယ်။ Balance ကို မထိန်းနိုင်သေးဘူး။ ဆိုးချင်ရင် ဆိုး၊ လိမ်မာတော့လဲ သူ့အပြင် မရှိ။ ခုတော့ သူ ဆုံး တာ ၇နှစ် ရှိပြီ။ သူဆုံးတော့ အသက်က ၂၇ နှစ်။ မတန်ခူးစာလေးဖတ်ပြီး သူ့ကို လွမ်းလိုက်တာလေ..

    ReplyDelete
  18. မတန်ခူး...
    စာဖတ်တာတော့ မတန်ခူး ရဲ့ မောင်လေးအကြောင်းပါ....
    ဖတ်နေရင်း မျက်စေ့ ထဲ မြင်နေတာက သားနော်နော်...
    ကွက်တိဘဲ.....
    လာဦးမယ်....
    ဘယ်လိုစပ်လို့ မှ အမျိုးမတော်တဲ့
    ပုံပွား။
    မတန်ခူး အဖေအလှည့်ပြီးတော့ ကျနော်တို့ အလှည့်ပေါ့။

    ReplyDelete
  19. အစ်မမှာ ညီမလေးပဲ ရှိတယ်။ မောင်လေး မရှိဘူး။ အစ်ကိုတော့ သုံးယောက်တောင်ရှိပြီး သုံးမျိုး ချစ်ဖို့ကောင်းတယ်။ မောင်လေးများရှိရင် ဘယ်လိုချစ်မလဲလို့ တွေးကြည့်ခဲ့ဖူးတယ်။ ချစ်တတ်တဲ့ အစ်မ ရထားတဲ့ တန်ခူးမောင်လေး
    Happy Birthday to you!

    ReplyDelete
  20. အစ်မ မောင်လေး မွေးနေ့ မှာ ပျော်ပါစေ အစ်မကြီးတန်ခူးရဲ့ အပြင်က မောင်လေးအတွက် ဘလော့ပေါ်က မောင်လေး က ဆုတောင်းပါတယ်လို့  ။

    ReplyDelete
  21. Happy Birthday to your Brother..
    အခု မှWesheme ကနေရောက်လာပြီး
    တခြားpostတွေကိုပါဖတ်သွားပါတယ်
    အရေးအသားတွေအရမ်းကောင်းပါတယ်
    ကျန်တဲ့postတွေကိုလဲဖြည်း၂ချင်းလာဖတ်ပါ
    ဦးမယ်... အစ်မရဲ့သားလေးကချစ်ဖို့ကောင်းလိုက်တာ..

    ReplyDelete
  22. မတန်ခူးရဲ့ မောင်လေးက ဒီပို့စ်ကို တွေ့ရင် ကျေနပ်မှာပါ။ :)

    ReplyDelete
  23. မတန်ခူးမောင်လေးအကြောင်းဖတ်ရတော့ ကျနော့်မောင်လေး လည်း သတိရမိတယ်.. ယောင်္ကျားလေးတွေက ဥာဏ်ကောင်းပြီး စာကျက်ပျင်းတာ တူတယ် ထင်တယ်.. ကျနော့်မောင်လေးလည်း အဲလိုပဲ.. စာမေးပွဲဖြေဖို့ကို မနက်ပိုင်း ဂိမ်းဆော့ပြီးမှ သွားဖြေတာ.. အမ ၂ ယောက်က အရမ်းချစ်ခံရတာ ကံကောင်းတာပေါ့.. ကျနော်က အမ လိုချင်တာ.. :)
    မတန်ခူးမောင်လေးတော့ ဒီပို့စ်လေး ဖတ်ပြီးရင် သဘောကျနေမှာ.. မွေးနေ့မှာ ပျော်ရွှင်ပါစေလို့လည်း ဆုတောင်းပေးလိုက်တယ် အမရေ.. :)

    ReplyDelete
  24. မတန်ခူးရေ.. အမနဲ့ ငယ်ဘ၀က ခပ်ဆင်ဆင်ပဲ။ အဖေက ယောက်ျားလေးလို မွေးတာရော.. ဆံပင် စန္ဒာပုံ ထားရတာရော။ ယောက်ျားလေးလို ၀တ်ရတာ တွေရော..တူတယ်။ အင်း မောင်လေးတယောက် ရှိတာလည်း တူတယ်။ ဒါမဲ့ အမတို့က ညီအမ လေးယောက်ထဲက မောင်လေးတယာက်တည်း။ သူ့ခမျာလည်း ချိုသင်းမောင်လေးလိုပဲ အသက် ၂၈နှစ်နဲ့ ဆုံးသွားရရှာတယ်။ ဒါပေမဲ့ သူက တန်ခူး မောင်လေးလို မလိမ်မာရှာဘူး။ တန်ခူးမောင်လေးက အများကြီး ချစ်စရာကောင်းပြီး အများကြီး လိမ်မာတာ။ အဲလိုကလေးမျိုးလေး.. ဘ၀ထဲမှာ ဒီမိသားစုနဲ့တူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှည်ရှည် နေရပါစေ..။

    ReplyDelete
  25. တန်ခူးရေ...
    ပျောက်သဟ...
    မြန်မြန်ပြန်လာခဲ့တော့လေ...
    ပိုစ့်အသစ်လေးတွေကို လွမ်းနေတယ်...

    ReplyDelete
  26. ငယ်ငယ်တုံးကအဖြစ်လေးတွေ..လွမ်းသွားပြီး...comment ရေးသွားတယ်...တို့နဲ့တူလို့..တို့ကတော့ခုထိ...ဖေဖေချထားတဲ့ပုံလေးအတိုင်း..
    ဒီဇိုင်းကဖျောက်မရတော့ပါ...

    ReplyDelete