Monday, December 14, 2009
အဲဒီ့ညနေ
ပေါက်တဲ့အိုးကိုလဲ ရေထပ်ဖြည့်ဖို့  မကြိုးစားပါနဲ့ တဲ့… ပြောရက်လိုက်တဲ့ အေသင်ချိုဆွေရဲ့တေးသွားတွေ လဘက်ရည်ဆိုင်က လျှံကျလာတယ်…
အလှပြင်ဆိုင်က ကောင်မလေးတွေ သီချင်းလေး ညည်းရင်း ခေါင်းလျှော်ပေးနေတယ်…
ကမ္ဘာကြီးပဲ ပူနွေးလာလို့ လား… ရန်ကုန်ဆောင်းကပဲ နေကောင်းရုံချမ်းလို့ လား…
လိပ်ပြာလေးတွေ လက်လေးလုံးဘောင်းဘီတိုလေးတွေနဲ့ ….
ဘီယာဆိုင်က အဆီပြန်မျက်နှာနဲ့  အန်ကယ်ကြီးတွေ… အန်ကယ်လေးတွေ မျက်လုံးတွေ လိပ်ပြာလေးတွေရဲ့ ခြေတံသွယ်သွယ်လေးတွေနောက်…
လိပ်ပြာလေးတွေ ရာခိုင်နှုန်းပြည့်ခေတ်မှီကြပါစေ…
ဘီယာဆိုင်ထဲက အသိအကိုကြီးတယောက်… သူ့ ဘေးမှာ မနှစ်ကတယောက် မဟုတ်တော့ဘူး…
တို့ အချစ်က နံပါတ်တစ်တဲ့… ညာနေတာ… သူ့ နံပါတ်တစ်အချစ်က ကလေးတွေ တရုံးရုံးနဲ့  အသက်ကြီးမှ ရုန်းကန်နေရတဲ့ (အသက်၁၆နှစ်ကတည်းက ရူးရူးမူးမူးချစ်လို့  လက်တွဲခဲ့တဲ့) အမကြီး…
ကောင်မလေးရေ မျက်တောင်တုလေး တဖြတ်ဖြတ်နဲ့  ယုံပြနေရတာကိုက အလုပ်လုပ်နေတာတဲ့လား…
နိုင်ငံတကာမှာ ၀င်ငွေကောင်းခဲ့တဲ့ 2012 တင်နေတဲ့ရုံရှေ့  ခပ်ခြောက်ခြောက်…
သူ့ ဘေးက မြန်မာဟာသကားမှာ ကြိတ်ကြိတ်တိုး…
သြော်… ရယ်ချင်လို့  ပိုက်ဆံပေးရတဲ့ ဘ၀တွေ….
တထောင်ဖိုး ၃ခွေ ကိုးရီးယားပေးပါ… မြန်မာစာတန်းထိုးနော်… သတိ…ကော်ပီရိုက်… ဘာတွေလာပြောနေတာလဲ…
မြန်မာပြည်က ကိုရီးယားမလေး ၀တ်မှုန်ရွှေရည်က ပိုစတာထဲက ပြုံးပြနေတယ်...
မုန့် ဟင်းခါးတပွဲပေးပါ… အိုးဘဲဥထည့်… အီကြာကွေးထည့်…
ဟိုဘက်က ရေမြောင်းကြီးထဲ ကြွတ်ကြွတ်အိတ်တွေနဲ့  အမှိုက်တွေ ကျွန်းမျောကြီးလိုပဲ… လေသင့်တော့ ရနံ့ လေးကလဲ သင်းလို့ …
ပေါ်လူးရှင်း… နားစမ်းပါ… ဟင်းရည်နဲနဲပေးပါ… ငှက်ပျောအူလေးထည့်….
ဟယ်… မိုးဟေကိုမှတ်လို့  ကြည့်နေတာ… သူ့ ဘေးက ကောင်ကလေးက တစိမ့်စိမ့်ကြည့်နေလိုက်တာ… ကောင်ကလေးအချင်းချင်းလို့ မေ့လောက်စရာ…
ခေတ်မှီတယ်နော်… ကရိဝိတ်မှာ ခပ်မိုက်မိုက် ကောင်လေးနဲ့ ကောင်လေး အတွဲတတွဲ…
အဲဒီလို အတွဲတွေ မနှစ်က သိပ်မတွေ့ ရပါဘူး…
HIV… မပူပါနဲ့  … သူတို့ က HIVနေ့ အထိမ်းအမှတ်တွေတောင် လုပ်နေတာပဲ… ဒီလောက်တော့ knowledgeရှိမှာပါ…
ပြီးတော့… အီးမေးလ်ခဏ၀င်ချက်…
အကိုကြားရလား… ညီမပါ… ညီမအကိုဆီလိုက်လာဖို့  ကိစ္စပြောချင်လို့ ပါတဲ့…
နံဘေးနားက ကောင်မလေးက မျက်နှာလှလှလေးပြင်ပြီး ဟိုဘက်က တယောက်ကို ချွှဲချွှဲလေးပြောနေတယ်…
ဂျီမေးလ်ကလဲ နှေးနေတော့ နားမထောင်မိပါပဲ ကြားနေရတယ်…
ချာတိတ်… ချာတိတ်… ကိုယ့်အသံကြားရလား…
အိုး… ဟိုဘက် ဒီဘက်… romantic… ကိုယ့်ကိုယ်ကို ရုပ်ရှင်ရုံထဲ ရောက်သွားသလား ထင်ရတယ်…
www.laynuaye.blogspot.com... ၀င်မရဘူး… ခဏနားလိုက်ဦး လေနုအေးရေ…
၃၁ ဘိုးဘိုးဘတ်စ်ကြီး က ကိုယ့်ကို ပြုံးပြတယ်… ခုထိကျန်းမာနေဆဲ…
ဆောင်းညနေက အကုန်မြန်လွန်းတယ်…
အိမ်ဘေးက ကွမ်းယာဆိုင်တောင် သိမ်းလို့  ကောင်ကလေးတွေ ဂီတာတီးဖို့  ပြင်နေကြပြီ…
ကျောင်းပြီးပြီလား… အဝေးသင်ပြီးတာ ၂နှစ်ရှိပြီ…
ဘာလုပ်နေသလဲ… အလုပ်ရှာနေတုန်းပဲ…
မနှစ်ကတုန်းကလဲ ဒီမေးခွန်းမေးတော့ ဒီအဖြေပဲထွက်တာ မေ့မေ့လျော့လျော့…
အိမ်ထဲဝင်တော့ မျှော်နေတဲ့ အဖေနဲ့ အမေ…
ဘာပဲဖြစ်ဖြစ် အဲဒီလို မျှော်သူရှိတဲ့ အမေ့အိမ်ကို ပြန်ရတဲ့ ညနေခင်းလေးတွေကို ဆွဲဆန့် ချင်သား…
တန်ခူး
11:48am 14-Dec-2009
27 comments:
  1. I am waiting your new post and everyday I visit to your blog. Now I know you are going back to motherland.
    sann
    ReplyDelete
  2. YANGON ATMOSPHERE!!!!
    ReplyDelete
  3. ဖတ်နေရင်းနဲ့ ပြုံးမိတယ်... :)
    ReplyDelete
  4. တို့ကိုက ခုတလော အထိအခိုက်လွယ်လို့ လား မသိ။ အဲဒီညနေက ၀မ်းနည်းခြင်းကို ပေးတယ် တန်ခူးရယ်..
    အင်း .. သူတို့ကိုယ်တိုင် HIV day တွေတောင် ကျင်းပနေတာပဲနော် သူတို့သိမှာပါ...
    သိမှာပါ နော်...
    ReplyDelete
  5. ဒီအရေးအသားမျိုးကို ကြိုက်တယ်။ ပို့စ်တိုတိုလေးမှာ မြင်ကွင်းတွေရော…အတွေးတွေရော ရောယှက်နေတယ်။ ကိုယ်တိုင် မပြန်ဖြစ်ပေမယ့် တန်ခူးပုံဖော်ပြတာနဲ့ ရန်ကုန်မြင်ကွင်းကို တော်တော် ကွင်းကွင်းကွက်ကွက် မြင်သွားတယ်။
    ReplyDelete
  6. အဲဒီညနေ...
    နာကျင်စရာ ဘဝတွေကို အဲဒီညနေမှာ မြင်လိုက်တယ်...
    လွဲမှားနေတာတွေကို အဲဒီညနေမှာ တွေ့လိုက်တယ်...
    ဒါပေမယ့် အဖေနဲ့ အမေ မျှော်နေတဲ့ ညနေခင်း ဆိုတဲ့အသိတခုက ကျန်တာတွေကို အတန်အသင့် မှုန်ဝါးသွားစေတယ်...
    ReplyDelete
  7. ရန်ကုန် ညနေခင်းကို စိတ်မျက်စိမှာမြင်အောင်ရေးတတ်တယ်နော်...
    ReplyDelete
  8. လာလည်သွားတယ် တန်ခူးရေ....စိတ်ရောင်စုံ လိုက်လံဖမ်းဆုတ်ဖို့ ခက်တာမျိုး...ပုံဖော်သွားတာလေး ထိမိတယ်....။
    ReplyDelete
  9. ဖတ်ပီးမောကျန်ခဲ့တယ်..အမရာ..။
    ကျနော်တို့ တိုင်းပြည်လဲ ဖြစ်ချင်တိုင်းဖြစ်နေတာပဲနော်။
    ReplyDelete
  10. တန်ခူး တညနေလေးနဲ့ သက်ပြင်းချစရာတွေ တော်တော်စုံသွားတာပဲနော်..ဟုတ်တယ်...ပင်ပန်းရတဲ့ နာတာရှည်နေ့ရက်တွေကို အသက်ဆက်ဖို့အတွက် အဲဒီအချိန်လေးတော့ ရယ်နေခွင့်လေး ရှိနေပါရစေ တန်ခူးရေ...
    တော်တော် မောသွားခဲ့ပြီလား တန်ခူး...
    ReplyDelete
  11. sorry မမ။
    ကျွန်မက တခုခုဆို စိတ်ထဲမှာ တော်တော်နဲ့ မပြီးနိုင်တော့ HIV နဲ့ ယောက်ျားလေးချင်းဆိုတာလဲ ရောက်ရော ကျွန်မ post မှာ Addy Chen ရေးသွားတဲ့ ပေါ့စ်တစ်ဗ် တွေအတွက် ဆေးပေးမယ် ဆိုတာပဲ တန်းသတိရမိတော့တယ်။ ဒုက္ခ။
    ညီမလဲ ဖေဖော်ဝါရီလောက်တော့ ပြန်ဖြစ်မယ် (ထင်တယ်)။
    ReplyDelete
  12. အော်.. ရန်ကုန်.. ရန်ကုန်.. အကုန်လွမ်းနေတော့တာပါပဲဗျာ။ ကရ၀ိတ်က အဲ့လိုအတွဲတွေ တွေ့ရခဲပါတယ်။ သူတို့ကိုတွေ့ချင်ရင် နေရာတွေပေါပါ့။း)
    ReplyDelete
  13. ပျက်ယွင်းမှု
    ချို့တဲ့မှု
    ဟောင်းနွမ်းမှု
    နိမ့်ကျမှု
    မပြည့်စုံမှုတွေကို ခပ်ပါးပါး ဆေးခြယ်ထားတဲ့ အဲဒီညနေက ရင်ထဲကို နက်နက်နဲနဲ ၀င်ရောက်လာတယ် ... ။
    ReplyDelete
  14. သိပ်ကို ပေါ်လွင်.. ထိခိုက်... :(
    ReplyDelete
  15. မတန်ခူး ရေးဟန်ကို သဘောကျသွားတယ်။
    ReplyDelete
  16. တမြို့လုံးကို မြင်လိုက်ရသလိုပဲ။
    ဘိုးဘိုးဘတ်စ်ကြီးဆိုတဲ့ အသုံးကို သဘောကျသွားတယ် အမရေ..။ မောလိုက်တာ..။
    ReplyDelete
  17. မောင်မျိုးDecember 15, 2009 at 7:17 PM
    ရန်ကုန်ရဲ့ ခေတ်ပုံရိပ်လေးတွေပေါ့ ရသဆုံလေးပဲ ဖတ်လို့ကောင်းတယ် ။
    ReplyDelete
  18. ဖတ်ရင်း မျက်စိထဲ အားလုံး မြင်ရသလိုပဲ... ဟုတ်တယ် ပြန်တိုင်း တွေ့နေရတဲ့ မြင်ကွင်းတွေ ကြားနေရတဲ့ အကြောင်းတွေ...
    ReplyDelete
  19. မတန်ခူးရေ.. အဲဒီလို မြင်တွေ့..အဲဒီလို တွေးငေး လာခဲ့ မိတယ်။ သူတို့ ပြောသလို ဆို.. ပါးပါးလေး နဲ့... အကုန်လုံး ကို မြင်သွား ခံစား သွား ရတယ်။
    ဟော့ရှော့ ဆိုတဲ့ ကားကြီးကို.. အင်းလျား လမ်းထိပ်မှာ အကြီး ကြီး ကြော်ငြာ ထားတာ ကြည့်ပြီ.. အတွေးတွေက..ဟော့လောင်း ဖြစ်လာရတယ်။း)
    ReplyDelete
  20. ♫ ♥●••·˙အိမ်ပြန်ချင်တဲ့အလွမ်းအဆွေး တိတ်တဆိတ်ရောက်လာတယ် ˙·••●♥♫
    ReplyDelete
  21. မော်ဒန် ကဗျာ တပုဒ်ပါပဲလား မတန်ခူးရေ့...
    Merry X'Mas
    ReplyDelete
  22. ပြန်တဲ့သူလည်းရှိ၊ ပြန်ရေးပြတဲ့သူလည်း ရှိလို့ သိရပါတယ်။ ကျနော်တို့ကတော့ “မပြန်ဖြစ်တာအတော်တောင်ကြာပြီနော်”.. “တခါတလေတော့လည်း လွမ်းတော့လွမ်းမိသား” ပါ။
    ReplyDelete
  23. တီးလုံးလေး လိုက်ထည့်နိုင်ရင် သီချင်းတစ်ပုဒ် ဖြစ်လာမယ်ထင်တယ် မတန်ခူးရေး)
    ReplyDelete
  24. အမ တန်ခူး
    စိတ်ချင်း နီးတဲ့သူ လို့ အမြဲ ခံစားရလို့ ပျော်ရွှင် ကျန်းမာ စေကြောင်း ချစ်စရာ မိသားစုလေးကို နှုတ်ခွန်းဆက်ပါတယ်။ Happy New Year နော် မမ။
    ReplyDelete
  25. မင်္ဂလာ နှစ်သစ်ပါ မတန်ခူးရေ
    ပျော်ရွှင်စရာမိသားစုလေးနဲ့ အေးချမ်း ရွှင်လန်းပါစေ။
    ReplyDelete
  26. ဟက်ပီးနယူးယီးယား...။ တန်ခူးတို့ မိသားစု ကျန်းမာရွှင်လန်းပါစေ။
    ReplyDelete
  27. မွန်းကြပ်တဲ့ လူနေမှု့နဲ့ တည်ရှိနေတဲ့ လူနေမှု့တွေပေါ့ .. ဖတ်ရင်း ပြုံးမိတယ်။
    ReplyDelete