Friday, November 6, 2009

အမေတူသား

သားလေးမွေးခါစကနေ ၄နှစ်သား(မနှစ်ကလောက်အထိ) တွေ့ တဲ့သူတိုင်းက အဖေတူသားလေးလို့  မှတ်ချက်ချကြတော့ ပြုံးပြုံးလေး နေနေရပေမယ့် ကိုယ့်သားလေးဖြစ်ပြီး ကိုယ်နဲ့ သိပ်မတူတော့ စိတ်မကောင်းသလိုလို ၀မ်းနည်းသလိုလို ဖြစ်မိတာ အမှန်ပဲ။ ဘယ်သန်တာလေးရယ်၊ ပုတိုတို လက်သည်း၊ခြေသည်းလေးတွေ တူပါသေးတယ်ဆို စိတ်ကိုဖြေရတယ်။ သားမွေးခါစက သူ့ ဆံပင်တွေက ဒူးရင်းသီးလို မာမာထောင်ထောင်ကြီးတွေ။ သူ့ အဖေဆံပင်နဲ့  တပုံစံထဲ။ နောက် ဆံပင်သန်လွန်းလို့  ခလေးပင်ပန်းမှာကြောက်လို့  ရိတ်ရင်းရိတ်ရင်းနဲ့  သားဆံပင်လေးတွေက ကိုယ့်ဆံပင်လို ပျော့ပျော့လေး… ပြီးတော့ အညိုရောင်လေးဖြစ်လာတော့… ဟေး… ကိုယ်နဲ့ တူတာ တခုရပြန်ပြီဆို ပျော်လိုက်ရတာ။ ဒီနှစ်ပိုင်းအတွင်းမှာ လူတော်တော်များများက သားက အမေနဲ့ ပိုတူတူလာတယ် လို့ ဆိုတော့ သူ့ အဖေမသိအောင် ကြိတ်ပြီး ၀မ်းသာမိနေတာ။ အထူးသဖြင့်… သားမျက်လုံးလေးတွေက အမေနဲ့ တူတယ်ဆိုပဲ။

ညနေသူ့ အဖေလာကြိုပြီး ပြန်တဲ့လမ်းခရီးမှာ သားနဲ့ အမေ အကျင့်စရိုက်တူတာ ပိုပေါ်လွင်ထင်ရှားပါတယ်။ ကိုယ်ကလဲ သူ့ အဖေကို တနေ့ လုံး ရုံးမှာဖြစ်သမျှပြောပြချင်… သားကလဲ သူ့ ကျောင်းမှာဖြစ်သမျှပြောပြချင်နဲ့ … သားနဲ့ စကားလုပြောရပါတယ်။ တခါတလေ သူ့ အဖေက ဘယ်သူ့ စကားနားထောင်ရမှန်းမသိ… ကားကလဲ မောင်းရသေးဆိုတော့ ဒီသားအမိနဲ့ တော့ခက်ပါတယ်ဆို ဟားတိုက် ရယ်မောတော့တာပဲ။ သားကလဲ ဘယ်လောက်လူလည်ကျသလဲဆို ကျွန်မငြိမ်နေရင် သူပါလိုက်ငြိမ်ပြီး ကျွန်မပြောမှ လိုက်ပြောတတ်ပါတယ်။ သူ့ အဖေကို သူတယောက်ထဲ occupyလုပ်ချင်တာလေ။ သားမေမေပြောမယ်ပြီးမှ ပြောနော်ဆို သူ့ အဖေက ကိုယ့်ကို ကလေးနဲ့ ပြိုင်စကားလုပြောတယ်လို့  ဝေဖန်ပါသေးတယ်။ အိမ်မှာ တယောက်ထဲရှိပေမယ့် အချိန်ပြည့်သားအသံနဲ့  ဝေဆာနေတတ်ပါတယ်။ တနှစ်တခါ မြန်မာပြည်ပြန်ရင် ကိုယ့်အိမ်က ကိုယ့်အသံနဲ့ ဝေဆာနေသလိုပါပဲ။ အမေကတော့ ပြောတယ်… “ညည်းပြန်ရောက်နေတာ ကြေငြာစရာမလိုဘူး” တဲ့။ ခုဆို အမေတူသား မောင်စကားများလေးပါ ပိုတိုးလာတော့ အိမ်မှာ ခေါင်းလောင်းတွေ အများကြီးပေါ့။

ဟိုတလောက သူငယ်ချင်းတယောက်ရဲ့ သမီးလေးမွေးနေ့ ကို gameလေးတွေနဲ့  ကျင်းပပါတယ်။ တခုသောgameက အကပြိုင်ပွဲပါ။ သားများ ကြောင်နေမလား အောင့်မေ့တယ် အသားကုန် က နေတဲ့ သားကို ကြည့်ပြီး အားလုံးက ပွဲကျကြပါတယ်။ အကမှာ အပြတ်mood၀င်ပြီး ကနေတာပါ။ သူ့ ကို ဘယ်သူ့ မှလဲ မသင်ပေးရပဲ သူ့ ဘာသာ က နေတာကြည့်ပြီး သူ့ အဖေက တိုးတိုးလေး လာပြောပါတယ်။ အမေတူသားပဲ။ အဲဒီနေ့ က သားက အကအကောင်းဆုံးဆုရသွားတော့ သူရတဲ့ ဆုလေးကို တမြတ်တနိုးနဲ့ ။ ပြီးခဲ့တဲ့လက နောက်သူငယ်ချင်းတယောက် သမီးမွေးနေ့ သွားတော့လဲ အကဆု ရပြန်ပါသေးတယ်။ ကျောင်းတုန်းက သင်္ကြန်မှာ က ချင် ခုန် ချင်တဲ့ ပိုးကို အဖေ ဘယ်လိုမှ မသတ်နိုင်ပဲ နောက်ဆုံးလက်လျော့ ခွင့်ပြူလိုက်ရတဲ့ ကိုယ့်အဖြစ်ကိုယ် သတိရမိပါတယ်။ သူ့ အဖေက လူအများကြီးရှေ့  မင်းတို့ မို့  မရှက်တယ်လို့  ကိုယ်တို့  သားအမိနှစ်ယောက်ကို ကဲ့ရဲ့တတ်သေးရဲ့။

ပြီးခဲ့တဲ့ အပတ်က သားနေမကောင်းလို့  ကိုယ်နဲ့ သူ့ အဖေ တလှည့်စီ ခွင့်ယူကြပါတယ်။ ဆေးခန်းမှာ သားအလှည့်ရောက်ဖို့  စောင့်နေတုန်း သားက သူ့ ဆရာမဆီ စာရေးချင်တယ်ဆို ကိုယ့်ဆီက တယ်လီဖုန်းကိုတောင်းပါတယ်။ တယောက်ထဲငြိမ်နေလို့  ကြည့်လိုက်တော့ အတော်ခရီးရောက်နေပါပြီ။ သူ့ စိတ်ကူးနဲ့ သူ့ ဝါကျကို သူ့ ဘာသာစီပြီးရေးနေတာ အံ့သြသွားမိပါတယ်။ သူ့ အဖေဆို SMS ရိုက်ရတာ စပါးလုံးကောက်နေသလို အတော်ဒုက္ခရောက်တတ်ပါတယ်။ တခါတလေ သူ့ အတွက် ကိုယ်က SMS ရိုက်ပေးရပါတယ်။ ခုသားကျတော့ အမေကိုတောင် တခွန်းမမေးပဲ ချောလို့ မွေ့ လို့ ။ သူမသိတာ အောက်လိုင်းကို ဘယ်လို သွားရမလဲဆိုတာပါပဲ။ ကျန်တာတွေက ဘယ်လိုရိုက်လိုက်မှန်းကို မသိတာပါ။ သူ့ SMS လေးကို ချစ်လွန်းလို့  သိမ်းထားတာ ဖတ်ကြည့်ပါဦး။

I love you teacher nor. I love you so much. You always play I love you. You go to sc. Do u see the horse. U said yes. I miss you.

သားရေ သား SMSလေး မေမေ့ကို ပြန်ရှင်းပြဦးလို့ ဆိုတော့ တီချယ်က သူနဲ့ အမြဲကစားလို့  ပိုချစ်တယ်။ တီချယ်က SC(shopping centre) သွားတယ်။ ဟိုတနေ့ က zoo သွားတော့ မြင်းလေးပြတာ တွေ့ တယ်လို့ ပြောတယ်။ တီချယ့်ကို လွမ်းတယ်တဲ့။ အဲဒီ SMSလေးကို သူ့ ဆရာမပို့ လိုက်တော့ ဆရာမလဲ အံ့သြနေပါတယ်။ ညနေသူ့ အဖေကို ပြန်ပြတော့ မဖြစ်နိုင်ဘူးတဲ့။ ဒါသားရေးတာ မဖြစ်နိုင်ဘူးဆိုတော့ သားကို သူ့ ရှေ့ တင် ရေးခိုင်းလိုက်ပါတယ်။ သားက သူ့ စိတ်ကူးနဲ့ သူ ကောက်ရေးလိုက်တော့ သူအတော် အံ့သြသွားပါတယ်။ SMSကို ချောချောမွေ့ မွေ့ ရိုက်တတ်တာအပြင် သူ့ အရွယ်နဲ့  ၀ါကျလေးကို စိတ်ကူးနဲ့ စီတတ်တာကလဲ အံ့သြစရာပါ။ ထုံးစံအတိုင်း သူ့ အဖေက မှတ်ချက်ချပါတယ်။ မင်းရဲ့သားက ကြီးရင် မင်းလို စာတွေရေးဦးမယ် ထင်တယ်တဲ့။

အပေါ်ကအချက်လေးတွေကတော့ အမေတူတဲ့ကောင်းတဲ့ အချက်လေးတွေပေါ့နော်။ ကောင်းတာလေးတွေရေးပြီး ဆိုးတာလေးတွေလဲ ချန်ထားလို့ မရပြန်ပါဘူး။ ကိုယ်ငယ်ငယ်က အဖေဆော်ပလော်တော်တီးတာ အတော်ခံခဲ့ရပါတယ်။ မောင်နှမ ၃ယောက်မှာ ကိုယ်က အခံရဆုံး။ အကြောင်းရင်းက ခေါင်းမာလို့ ပါ။ မှန်တယ်ထင်ရင် ဘယ်လောက် ရိုက်ရိုက် မျက်ရည်မကျတတ်တော့ ရိုက်တဲ့သူတောင် မောယူရတဲ့အထိပါပဲ။ တခါတလေ ဘယ်လောက်ဆိုးလဲဆို ကိုယ်မှန်တယ်ထင်ပြီး အဖေက ရိုက်ဖို့ လုပ်ရင် အဖေ့ကို ဒုတ်တောင် ကိုယ်က ယူပေးလိုက်ပါသေးတယ်။ ဆိုးတယ်နော်။ ဆက်မပြောတော့ဘူး။ ကိုယ်ဆိုးတာတွေ ပေါ်ကုန်မှာ စိုးလို့  ။ ခုတော့ ကိုယ်ခေါင်းမာတဲ့ ၀ဋ်က ကိုယ့်ပြန်လည်နေပါပြီ။ သားက ဒုတ်ကို လုံးဝမကြောက်ပါဘူး။ သူလုပ်ချင်တဲ့အလုပ်ကို ဒုတ်မကြောက်ပဲ ဘယ်လောက်ရိုက်ရိုက် ဆက်လုပ်တတ်ပါတယ်။ ဒီတော့ ရိုက်တဲ့နည်းက မထိရောက်ဘူးဆိုတာ သဘောပေါက်ပြီး ခုတော့ လက်ဖြစ်ပုံပြင် (အဲဒီပုံပြင်လေးတွေ အကြောင်း ပို့ စ်တခု သတ်သတ်ရေးပါဦးမယ်) တွေနဲ့  ဆုံးမတာ အောင်မြင်နေပါတယ်။ ဘယ်လောက်ခံမလဲတော့ မသိ အမေတူသား ခေါင်းမာလေးရေ။

ငယ်က အမေက ဘယ်သန်ကိုယ့်ကို ဘယ်လက်နဲ့ ရေးမှာ စိုးလို့ ဆို ဘယ်လက်ကို ပတ်တီးကြီးစီးထားပေးပါတယ်။ ပြီးတော့ သမီးလက်မှာ နာနာကြီးဖြစ်နေတယ် ဘယ်လက်နဲ့  မရေးနဲ့ လို့  မှာလိုက်ပါတယ်။ မိဘစကားကို တသွေမတိမ်း နားထောင်တဲ့ ကိုယ်က ကျောင်းရောက်ရင် ပတ်တီးလေး တိတ်တိတ်လေးဖြုတ်ပြီး ဘယ်လက်နဲ့ ပဲ စာရေးပါတယ်။ ညနေကျောင်းဆင်းခါနီးရင် ပတ်တီးလေးပြန်ပတ်။ ကလေးဆိုတော့ ဘယ်ပတ်တီးကို လက်ရာမပြတ် ပြန်ပတ်တတ်ပ့ါမလဲ။ ဦးနှောက်လေး တထွာလောက်နဲ့  လူလယ်လုပ်တော့ နောက်ဆုံးအိမ်ကလဲ လက်လျော့ပြီး ဘယ်လက်နဲ့ သာရေးခိုင်းလိုက်ရတော့တာ။ ဟိုတနေ့ က သားဆရာမက သားအိမ်မှာ ဟင်းသီးဟင်းရွက်စားလား လို့ မေးတော့ စားပါတယ်.. ဘာများဖြစ်လို့ လဲလို့  ဆရာမကို မေးကြည့်မိပါတယ်။ ကျောင်းမှာ တခြားကလေးတွေသာ ထမင်းပန်ကန်ထဲ ဟင်းသီးဟင်းရွက်ကျန်မယ်… သားက အမြဲကုန်တယ်တဲ့။ အဖြစ်မှန်ကို ဟိုတနေ့ ကမှ သိလိုက်ရတာ ဟင်းသီးဟင်းရွက်လေးတွေကို ဆရာမမသိအောင် အနားက အမှိုက်ပုံးလေးထဲ သွားသွားထည့်တာပါတဲ့။ ဆရာမလဲ သူ့ ရဲ့လူလည်ကျပုံကို ငိုအားထက် ရယ်အားသန်ဖြစ်ရပါတယ်။ သူငယ်ချင်းကတော့ နင့်သား Mr Bean ကြည့်လွန်းလို့  အဲဒီအကျင့်တွေ ရတာဖြစ်မယ်တဲ့။ တကယ်တော့ Mr Bean လက်ချက်ထက် Ms တန်ခူးသွေးမို့ ဆို ပိုမှန်ပါလိမ့်မယ်။

မိဘတယောက်ရဲ့ အတ္တအတိုင်း ကိုယ့်သားလေးကို လောကကြီးမှာ အကောင်းဆုံး အနေအထိုင် အကျင့်စရိုက်လေးတွေ ရစေချင်တာမို့  အမေတူတဲ့ ကောင်းတဲ့အချက်လေးတွေ ယူစေပြီး မကောင်းတာလေးတွေတော့ ကိုယ်ပြောသလိုလုပ် ကိုယ်လုပ်သလို လိုက်မလုပ်နဲ့ ဆိုတဲ့ အတိုင်း ဒီကမေမေကြီးက ဆုံးမရပါဦးမယ်။

တန်ခူး
5:07pm 3-Nov-2009

24 comments:

  1. အမေတူသားလေးအကြောင်း လာဖတ်တာ..
    ဖတ်ရင်းနဲ့ ပီတိဖြစ်ရပါတယ်။။

    ReplyDelete
  2. အမေတူသားလေး ရေးတဲ့ စာတွေ အခုကတည်းက သဘောတွေကျနေတာ...ကြီးလာရင်ရေးမည့်စာတွေလည်း အန်တီတာတို့က အားပေးဦးမှာ...

    ReplyDelete
  3. သားသားကို မမ ပြောတဲ့ ပုံပြင်လေးတွေ စိတ်ဝင်စားမိတယ်။

    ReplyDelete
  4. အမရဲ့သားလေး ချစ်စရာကောင်းတာဖတ်ပြီး ပြုံးနေမိတယ်။
    နည်းနည်းကြီးလာတော့မှ ဘလော့လုပ်ပေးလိုက်လေ ...

    ReplyDelete
  5. ပျော်ရွင်စရာမိသားစုဘ၀လေးကိုခံစားရသလို သားကောင်းရတနာလေး ဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  6. သားလေး ကြီးလာရင် ဒီစာလေး ဖတ်ခိုင်းပါလား မတန်ခူး။ ပြီးတော့ အမေပိုတူသွားအောင် ကိုပီတိ ပြောသလို ဘလောက်လေး လုပ်ပေးလိုက်။

    ReplyDelete
  7. love to read,ama...

    same as me,
    esp stubborn.
    For me, If I think i am right, i never cry and so stubborn.
    If my dad strike to me, then,.. I did myself painful more than my dad
    .Sometimes, my doing things is amazing,so..my dad afraid to strike to me.
    And also I didn't eat rice 3 days.
    So, they never strike to me. Only they said using story. :)

    ama,..I don't like to drink draft when I was sick in childhood,so i always throw .:))
    My family didn't know.:))

    i love ur son.
    plz visit to Japan,ama...

    ReplyDelete
  8. သားသားက ချစ်စရာကောင်းလိုက်တာ။ ဒီပို့စ်လေးဖတ်ပြီး သဘောကျလိုက်တာ အရမ်းပဲ။ အမ သားသားအကြောင်းရေးသမျှ အကုန်ကြိုက်တယ်။

    ကိုယ့်သားသမီး ကိုယ်နဲ့တူတယ်ဆိုရင် စိတ်ကြည်နူး ပီတိ ဖြစ်ရတာ ကိုယ်ချင်းစာ နားလည်မိတယ် အမရေ။ ချိုသင်းအိမ်က ကြောင်မလေး ချိုသင်းနဲ့ ကြာလေ အကျင့်တူလာတာတောင် ကြည်နူးလို့ မဆုံးဘူး။ အမလို လူ သားလေးဆိုတော့ ပြောစရာ မရှိပေါ့။

    အိမ်က မောင်ကြီးကတော့ ပြောတယ်။ အမေက ချွဲ၊ သမီးက ချွဲ၊ အမေ က ဆိုး၊ သမီးက ဆိုး ငါတော့ ရူးတော့မယ် တဲ့။ ဟားဟား...

    ReplyDelete
  9. ချစ်စရာလေး.. :)
    ဆံပင်ကြီးကြီး နဲ့လူကြီး သားလေး က..ဆံပင် ပျော့လေး ဖြစ်သွားပြီလားး)

    ReplyDelete
  10. သားလေး အကြောင်း လာဖတ်သွားတယ်..
    ပျော်ရွှင်ပါစေ...

    ReplyDelete
  11. တန်ခူးသားက တန်ခူးနဲ့ရော အကိုနဲ့ပါ တူပါတယ်။ ဟင်းသီးဟင်းရွက်ကို လက်စဖျောက်ပုံလေးကို သဘောကျတယ်။ မစ္စတာဘင်းမ် ဟာသထဲက ဟို အသားတွေကို လျှောက်ဖွက်တာကို သတိရမိတယ်။း-)

    ReplyDelete
  12. တန်ခူးရေ..
    Tag ထားတဲ့ ဆိုဖြစ်တဲ့ သီချင်းလေး.. သေချာကြီးကို ရေးနေတာ.. ဒီစနေ တင်မယ်နော်..။(
    စကားမစပ်.. သားသားကို ချစ်တာနဲ့ မေမေကြီးနဲ့ ဖေဖေကြီးကို တခု ပြောဦးမယ်..။ နောက်ထပ် သားသားလို ချစ်စရာကောင်းတဲ့ ညီမလေးဖြစ်ဖြစ်.. ညီလေးဖြစ်ဖြစ် မွေးပေးပါလို့..။ တဦးတည်းသောသားလေးဆို.. ဗိုလ်ကျရင်ကျ.. မကျရင် လောဘလေးကြီး.. မဟုတ်ရင်တော့ စိတ်အားငယ်တတ်တယ်ဗျ.. သေချာတယ်။ သနားပါတယ်အေ.. :D

    ReplyDelete
  13. တို့လဲအဖေတူသမီး။ (ဆိုင်ဆိုင်မဆိုင်ဆိုင်)

    ReplyDelete
  14. ချစ်စရာကောင်းတဲ့အမေတူသားလေးအကြောင်း
    လာဖတ်သွားပါတယ်

    ReplyDelete
  15. တန်ခူးသားလေးက တော်လိုက်တာ။ အမေတူသားဆိုတော့ စာရေးကတော့ ကောင်းမှာပေါ့လို့ ...

    အိမ်ကသမီးလေးကလဲ အဖေတူ။ အကျင့်အချို့က အမေတူ။ သူ့အဖေက မကောင်းတာတွေ့ရင် အမေအကျင့်တွေလို့ အမြဲပြောတယ် ။ ကိုယ်ကလဲ ဆိုးတာကိုး။

    ReplyDelete
  16. အမတို့ မိသားစုနဲ့ သားလေးအကြောင်းဖတ်ရတာ ကြည်နူးစရာ..

    သားက SMS မှာ ရေးထားတာများ ချောလို့.. အမနဲ့တူတယ်ဆိုတော့ သဘောကောင်းမှာ သေချာတယ်.. :)

    သားသားကို ပြောပြတဲ့ ပုံပြင်လေးတွေလည်း ရေးပေးနော် အမ.. :)

    ReplyDelete
  17. ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ အမူအကျင့်အကြောင်း ရေးရတာ ဖတ်ရတာ ပျော်စရာပေါ့။

    ReplyDelete
  18. ချစ်စရာ သားကလေးနဲ့ ချစ်စရာ အမူအကျင့်လေးတွေဖတ်ရတာ ပျော်ရွှင်ကြည်နူးစရာ...
    ဟုတ်တယ်... သေချာတာက သားက အခု နဲနဲကြီးလာတော့ တန်ခူးနဲ့ ပိုတူလာတယ်...
    မွေးထားရတဲ့ အမေ ဆိုတော့ ကိုယ့်သားကို ကိုယ်နဲ့ပိုတူစေချင်တဲ့ စိတ်ကလေးတွေ အမေတိုင်းမှာ ရှိကြတယ် ထင်ပါ့... အထူးသဖြင့်တော့ တဦးတည်းသော သားတွေဆို ပိုဆိုးတယ်... အစစ အရာရာမှာ ကောင်းတာရော ဆိုးတာပါ ကိုယ်နဲ့သာ အားလုံး တူစေချင်တော့တာပါပဲ...
    အတ္တတွေလေ... :D

    ReplyDelete
  19. sis,
    i like so much ur post.
    last time i couldn't feel well like these posts.nowadays,being a father,i understand parents' metta...
    those posts.i look forward to more of ur posts.
    may ur family be happy always.

    ReplyDelete
  20. တန်ခူးသားလေးကို မြင်ဖူးချင်လိုက်တာ...
    အမလဲ တဦးတည်းသော သားရဲ့ အမေလေ ..
    အဖြစ်တွေက တူတယ်..
    သားလဲ ဘယ်သန်ပဲ ဒါမယ့် အဖေတူတာ..

    ReplyDelete
  21. ချစ်စရာအမေတူသားလေးပေါ့..အခုတောင် sms တွေကောင်းကောင်းပို့တတ်နေပြီ..သားလေးကတော့ကွာ..ဟဲဟဲ...မေမေ့ခြေရာနင်းတော့မယ်ထင်တယ်..တန်ခူးကလည်း ဘယ်သန်ပဲလား...ဟင်းသီးဟင်းရွက်တွေ လက်စဖျောက်တာ ဖတ်ရင်း ရီမိတယ်..

    အော်..တန်ခူးတက်ဂ်ထားတာရေးမယ်နော်..ရေးချင်တာ..ဘယ်လို စရမှန်းမသိဖြစ်နေလို့..ခဏလေးနော်...:)

    ReplyDelete
  22. မ.....

    သားက ဆရာမကို ချစ်တာကို နည်းနည်းအူမတိုမိဘူးလားဟင်..

    မလေးဆိုရင်တော့ အူတိုမိမလားမသိ :p

    ReplyDelete
  23. သားသား အကြောင်းတွေ မဖတ်ရတာကြာ ပေါ့ အစ်မကြီးရေ့ အစ်မတို့ မိသားစုကို သတိရတယ် ။

    ReplyDelete
  24. ရှားရှားပါးပါး ... စာရေးတတ်တဲ့... (RIT)...ကျောင်းသူ(အမ) တယောက်ပါပဲ...

    ReplyDelete