Friday, December 12, 2008

Confidentialအလွဲ

ကိုယ်ရေးရာဇ၀င်

အမည် = ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော
ပညာအရည်အချင်း = BSc. MSc. PHD
လုပ်ငန်းအတွေ့ အကြုံ = xxxXXXxxxXXXxxxXXXxxxXXX

ဒါရိုက်တာ: “ခင်ဗျား… ဒီCVကို ဘယ်လို သဘောရသလဲ… ပညာအရည်အချင်းရော၊ လုပ်ငန်းအတွေ့ အကြုံပါ လိုနေတဲ့ နေရာအတွက် တထပ်ထဲပဲ”
မန်နေဂျာ: “ဟုတ်တာပေါ့ဆရာ… ဒီလို လူမျိုးမှ ဇကာတင်ထဲ မထည့်ရင် ဘယ်လိုလူမျိုးသွားထည့်မလဲ”

ကိုယ်ရေးရာဇ၀င်

အမည် = ထိပ်ထင်နန်းစုခေါင်ထွတ်မမလေး
ပညာအရည်အချင်း = BSc. MSc. PHD
လုပ်ငန်းအတွေ့ အကြုံ = xxxXXXxxxXXXxxxXXXxxxXXX

ဒါရိုက်တာ: “ဒီတခါတော့ ကျူပ်တို့ ဦးနှောက်မစားရတော့ဘူးဗျို့ … တိုက်တိုက်ဆိုင်ဆိုင်ဗျာ… ဒီမှာလဲ နောက်တယောက်… ကဲ.. သူတို့ ၂ ယောက်သာ အင်တာဗျူးခေါ်ဖို့  စီစဉ်လိုက်တော့ဗျာ”
မန်နေဂျာ: “စိတ်ချဆရာ… မနက်ဖြန်စီစဉ်လိုက်ပါမယ်… နာမည်လေးတွေ ကြည့်တာနဲ့  ကျွန်တော်တို့  လိုချင်တဲ့ သွက်လက်ချက်ချာ ထက်မြက်တဲ့ မိန်းခလေးတွေ ဖြစ်မှာသေချာတယ်”
*********************

အင်တာဗျူုးခန်းထဲ ၀င်လာသည့် မျက်မှန်ထူထူနှင့် အသက် ၅၀ကျော်လောက် ရှိမည် ခန့် မှန်းရသည့် အဒေါ်ကြီးကို ကြည့်ပြီး ဒါရိုက်တာနှင့် မန်နေဂျာမျက်လုံးပြူးသွားသည်။

ဒါရိုက်တာ: “ထိုင်ပါအန်တီ”
မန်နေဂျာ: “အန်တီက ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော နဲ့  ဘယ်လိုများ ပတ်သက်ပါသလဲ… မဟုတ်မှလွဲရော မိန်းခလေးနေမကောင်းလို့  မလာဖြစ်ဘူး လာပြောတာ ထင်တယ်… လူကိုယ်တိုင် လာရတယ်လို့ … ဖုန်းဆက်လိုက်ရောပေါ့အန်တီရယ်”
အန်တီ: “ရှင်တို့  ဘာတွေပြောနေကြတာလဲရှင်… ကျွန်မက ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော ပါ… ကျွန်မကို အင်တာဗျုးဖိတ်လို့ လာတာပါ… ရှင်တို့ လိုချင်တဲ့ ပညာအရည်အချင်းရော… လုပ်ငန်းအတွေ့ အကြုံပါ အကုန်ရှိပါတယ်… လုပ်ငန်းပိုင်းနဲ့  ပတ်သက်လို့  ကြိုက်သလိုမေးပါ… ကျွန်မဖြေဖို့ အဆင်သင့်ပါပဲ”
ဒါရိုက်တာ:……………………
မန်နေဂျာ:……………………
အန်တီ: ???????????????
ဒါရိုက်တာ: “ခင်ဗျားမေးချင်တာမေးလေ မန်နေဂျာ… ”
မန်နေဂျာ: “အင်းးးးးးးးး… ကျွန်တော်လဲ မေးစရာ အထွေအထူးတော့ မရှိတော့ပါဘူး… CVထဲမှာလဲ အကုန်စုံနေတာပဲ… ဟုတ်ကဲ့… အန်တီ့ကို ရွေးဖြစ်ရင် ပြန်ဆက်သွယ်လိုက်ပါမယ်”
အန်တီ: ကျေးဇူးပါရှင်… ခွင့်ပြုပါ…

(အန်တီ အခန်းအပြင်ရောက်သွားသောအခါ)

ဒါရိုက်တာ: “ဟေ့လူ… CVထဲမှာ အသက်ရှာမတွေ့ ပါလား”
မန်နေဂျာ: “ဆရာ… ဒီနိုင်ငံမှာ အသက်က Confidential လေ”
ဒါရိုက်တာ: “တောက်… ဒီအချက်ကို ကျူပ်တို့ ဘာကြောင့်မေ့နေခဲ့လဲ… နောက်တခါ ပြည့်စုံရမည့် အရည်အချင်းထဲမှာ အသက် ကန့် သတ်ချက်ထည့်ဗျာ… ကဲ… နောက်တယောက်ခေါ်”

*********************
နာမည်က နန်းဆန်ပေမယ့် အတော်ခေတ်မှီမှီ ၀တ်စားဆင်ယင်ထားသည့် မိန်းမငယ်ဝင်လာတော့ ဒါရိုက်တာက ဒီတခါတော့ မလွဲလောက်ပါဘူးဆိုသည့် အကြည့်နဲ့  မန်နေဂျာကို ကြည့်သည်။ မန်နေဂျာက လည်ပင်းမှာ ပုဝါလေးတောင် ပတ်ထားလိုက်သေးသည့် ဖက်ရှင်ကျကျ ၀တ်ထားသည့် မိန်းခလေးကို ရွေးချယ်ဖြစ်ဖို့ တောင် စိတ်ကူးမိနေသေးသည်။

မန်နေဂျာ: “ထိုင်ပါ ထိပ်ထင်နန်းစုခေါင်ထွတ်မမလေး ”

မခို့ တရို့ လေးပြုံးပြပြီး ထိုင်လိုက်သည့် မိန်းခလေးကို ဒါရိုက်တာက အကဲခတ်ပြီး ပထမဆုံးမေးခွန်းအတွက် ပြင်ဆင်လိုက်သည်။

ဒါရိုက်တာ: “ဒီနေရာကို ရှာရတာ အဆင်ပြေရဲ့လား”
ထိပ်ထင် : “ဟုတ်ကဲ့ဆရာ… ထိပ်အခက်အခဲမရှိပါဘူး”

ရုပ်ရည်လေးနဲ့ မလိုက်ဖက်စွာ ထွက်လာတဲ့ ယောင်္ကျားသံသြသြကြီးကြောင့် ဒါရို်က်တာရော မန်နေဂျာပါ အံ့သြသွားသည်။ ဘာများမှားယွင်းနေလဲ။ အသံဝင်နေတာတော့ မဖြစ်နိုင်။ နောက်မေးခွန်းတခုနဲ့  စမ်းကြည့်သည်။

မန်နေဂျာ : “ဘယ်နှစ်က PHDပြီးပါသလဲ”
ထိပ်ထင် : “ထိပ် ၂၀၀၀က ပြီးပါတယ်ဆရာ… ပြီးပြီးချင်း ခုထွက်ခဲ့တဲ့ အလုပ်ကို ၀င်ခဲ့တာပါ”

သေချာသွားပြီ။ ဒါမိန်းမတယောက်ရဲ့ အသံမဟုတ်။ ဒါရိုက်တာက မန်နေဂျာကို အကြည့်နဲ့ အချက်ပေးသည်။ အပြင်ပန်းကြည့်လျှင် တကယ့်မိန်းခလေးစစ်စစ်။ လွဲနေတာက အသံလေးတင်။ မန်နေဂျာသံသယတို့ က လည်ပင်းက ပုဝါလေးဆီအရောက် ကံကောင်းစွာ ပိုးပုဝါလေးက လျောကနဲ ကျသွားသည်။ ထိပ်ထင်က ကဗျာကရာ ပြန်ပတ်လိုက်ပေမယ့် မန်နေဂျာက ထိုခဏမှာ တစုံတခုကို အဖြေပေါ်သွားသည်။

မန်နေဂျာ : “ကောင်းပါပြီ ထိပ်တင်… တကယ်လို့ ရွေးဖြစ်ရင် ကျွန်တော်တို့  အကြောင်းပြန်ပါမယ်”
ထိပ်တင် : “ကျေးဇူးပါဆရာ… သတင်းကောင်းကြားရမယ်လို့  မျှော်လင့်လျက်ပါ”

ကနွဲ့ ကလျနှင့် ထွက်သွားသော ထိပ်တင်ကို ကြည့်ပြီး နှစ်ယောက်လုံး သက်ပြင်းချ… ပြီးတော့ ရယ်မိကြသည်။

ဒါရိုက်တာ: “အင်းးးး နှစ်ထပ်ရှိမှ မှတ်မိဆိုတာမျိုးပေါ့… … ဒီနိုင်ငံမှာ ကျား၊မ ဆိုတဲ့ Gender ကလဲ Confidential ဆိုတော့… ကြုံမှကြုံတတ်ပလေပေါ့ ”
မန်နေဂျာ : “ဟုတ်ပါ့ဆရာရယ်… ကျားဆိုကျား မ ဆို မ ကတော်သေး… ခုလိုမျိုးကြီးကျတော့… ကျွန်တော်တို့ အတွက် Confidential က အတော်ဒုက္ခရောက်တာပဲဗျို့  … နောက်ထပ်များ ဘာတွေ Confidential ထပ်ဖြစ်ဦးမလဲ မသိဘူးနော်”
ဒါရိုက်တာ: “ကျူပ်သာ စာရေးတတ်ရင် Confidentialအလွဲဆိုပြီး ၀တ္ထုလေး တပုဒ်သာ ရေးလိုက်ချင်တော့တာပဲ”
*********************
(စာကြွင်း: သြော်စီမှာ အသက်နဲ့ ကျား၊မ ကို အစိုးရက Confidential အနေနဲ့ သတ်မှတ်ထားတော့ ရုံးမှာ HR reportတွေလုပ်ရတာ အတော်ဒုက္ခရောက်သွားတာကြောင့် အင်တာဗျူုးတဲ့ သူတွေဆို ပိုဒုက္ခရောက်မှာ တွေးမိပြီး ရေးဖြစ်သွားတာပါ… ဒီမှာတောင် NRIC နံပါတ် နောက်ဆုံးလေးလုံးကလွဲရင် ကျန်တာ Confidential ဖြစ်ကုန်ပါပြီ… ကမ္ဘာကြီးက အဲလောက်တောင် လျို့ ဝှက်ရလောက်အောင် မလုံခြုံတော့ဘူးလား…)

တန်ခူး
10:36am 12-Dec-2008

19 comments:

  1. တန်ခူးရေ…. ဂေးတွေမှာလည်း ဂေးအခွင့်အရေးရှိတယ်နော်….. အရည်အချင်းရှိပါလျက် ဂေး မို့ အလုပ်မခန့်ရင် တချို့နိုင်ငံတွေမှာ တရားစွဲလို့ ရသတဲ့။ စင်္ကာပူမှာတော့ မပြောတတ်ဘူး။

    ReplyDelete
  2. ဟုတ်ပါ့ ...ကိုပေါ ပြောသလိုပဲ ...အခုပို့(စ်)ကို ထိုင်းက အောင်မျိုးမင်း မသိစေနဲ့ ပြဿနာရှိတယ်...ဟီး....ဟီး

    ReplyDelete
  3. တန်ခူးရေ…. ခုနက ကွန်မင့်မှာ ကျန်ခဲ့လို့။ တချို့နိုင်ငံတွေမှာ အသက်အရွယ်ကြောင့်လည်း ခွဲခြားမလုပ်ခန့်ခြင်း မရှိရဘူးတဲ့။ ကြားဖူးတာပြောတာပါ။ စင်္ကာပူမှာကတော့ အသက် ၄၀ ကျော်သွားတာနဲ့ အလုပ်ခန့်ရာမှာ Age discrimination ခေါ်တဲ့ ခွဲခြားကန့်သတ်ခြင်း ခံရလေ့ရှိပါသတဲ့။

    ReplyDelete
  4. ဟားဟားဟား..
    တကယ်ရီရတယ် မတန်ခူး။ လုပ်သက်အတွေ့အကြုံကိုပဲ ကြည့်တယ်ဆိုရင်တော့ ရွေးရမှာပေါ့လေ..:)

    ReplyDelete
  5. ရယ်သွားပါတယ်

    ReplyDelete
  6. အလွဲတွေ ထဲမှာတော့ အလွဲကောင်းပါပဲ ၊၊
    သဘောကျ နှစ်သက်စရာပါ

    ReplyDelete
  7. ကျွန်တော်လဲရယ်သွားတယ်ဗျ။ မှတ်သားသွားပါတယ်။

    ReplyDelete
  8. ဟိဟိ အဲ့လိုကြီးလား ကမ္ဘာကြီးက ကျဉ်းမြောင်းလာတာလား ကျယ်ပြောသွားတာလား စဉ်းစားလို့ တောင်မတက် တော့ဘူးး

    ReplyDelete
  9. မတန်ခူးရေးထားတာ ဖတ်ပြီး ရီရတယ်.. အမ CV မှာ ဓာတ်ပုံထည့်စရာ မလိုဘူးလားဟင်။ ဒီမှာတော့ အဲဒီလို confidential တွေ ရှိလား မရှိဘူးလားတောင် မသိဘူးရယ်...

    ReplyDelete
  10. မတန်ခူးရေ...
    ဟားနေရတယ်..

    ReplyDelete
  11. in US can't put photo also.. to protect giving preference due to the look than the skills..

    ReplyDelete
  12. ဂလိုတွေကလည်း ရှိသေးတာကိုး...

    ReplyDelete
  13. သဘောတကျ ဖတ်သွားပါတယ် တန်ခူးရေ။ ဒါပေမယ့် ဒီလို confidential တွေ ရှိနေတယ်ဆိုတာကလည်း တနည်းတွေးရရင် အရည်အချင်းထက် age, gender ကန်.သတ်ချက်တွေ များနေလို့နဲ့ တူပါရဲ့နော်။

    ReplyDelete
  14. =) အတော်နောက်တာပဲ..
    စကေးပဲ လိုချင်ရင် လူကို ရုံးမတက်ခိုင်းနဲ့ပေါ့..။

    ReplyDelete
  15. မတန်ခူး
    လာတဲ့သူတွေကို လိုချင်တဲ့အရည်အချင်းရှိပါရက်နဲ့ မခန့် တာဆိုတော့...
    သူတို့ တစ်ကယ်လိုတာက ဘာလဲဗျ...ဟဲဟဲ။

    ReplyDelete
  16. Equal Employment Opportunity Program ဆိုတာ ဒါကို ပြောတာ ထင်ပါရဲ့။ :P

    ReplyDelete
  17. အဟဲ... တန်ခူးရဲ့ အတွေးကို သဘောကျသကွယ်...။

    ReplyDelete
  18. ရယ်သွားတယ် အစ်မရ။

    ReplyDelete