Sunday, July 6, 2008

အညာခေါက်ဆွဲ

ရုံးဖွင့်ရက်တိုင်း မနက်စာကို ဖြစ်သလို စားရသည်မို့  ခုလို ရုံးပိတ်ရက်ဆို မြန်မာအစားအစာ တခုခုလုပ်စားလေ့ရှိသည်။ များသောအားဖြင့် မုန့် ဟင်းခါး၊ မြီးရှည်၊ နန်းကြီးသုတ် လုပ်စားတတ်ပေမယ့် တခါတခါ ကိုယ့်အညာစာလေးတွေ လွမ်းမိလျှင် လုပ်စားလေ့ရှိသည့် အညာခေါက်ဆွဲချက်နည်းလေးကို ဝေမျှပေးလိုက်ပါသည်။

ကျွန်မတို့  တောင်သာ၊မြင်းခြံနယ်မှာ နာမည်ကြီးပေမယ့် တခြားနေရာတွေမှာ လူသိနဲသည်မို့်  မကြားဘူး၊ မစားဘူးသူ အတော်များပါသည်။ လုပ်ရလဲ လွယ်ကူ၊ ကျန်းမာရေးနဲ့ လဲညီညွတ်၊ စားလို့ လဲကောင်းသည့် အစားအစာတမျိုးပင်။

အသေးစိတ်ချက်နည်းကတော့……

ကြက်သား အရိုးအသားထဲကို ဂျင်း၊ကြက်သွန်ဖြူထောင်းပြီး အရေညှစ်ပါ။ ငံပြာရည်ထည့်၍ ဆုပ်နယ်ပါ။ (ကြက်အဖီသားကို အတုံးကြီးကြီး ပြုတ်လျှင် ပိုကောင်းပါသည်)


ရေထည့်ပြီး ကြက်သား အသားနူးသည်အထိပြုတ်ပါ။ ကြက်သား အသားနူးသည့်အခါ အိုးထဲမှဆယ်ယူ၍ အသားနွှင်ပါ။ အရိုးကို ဆက်ပြုတ်ထားပါ။


ပဲမှုန့် အစိမ်းမှုန့်  ကို ရေရော၍ လက်ဖြင့် ဖျော်ပါ။ ပြီးလျှင် ပွက်ပွက်ဆူနေသော ကြက်သားအိုးထဲသို့  ပဲမှုန့်် ဖျော်ရည်ကို လောင်းချပြီး ပဲမှုန့်် မခဲသွားအောင် မကြာခဏ မွှေပေးပါ။




ခေါက်ဆွဲကို ပြုတ်ထားပါ။ ဒီနိုင်ငံက ခေါက်ဆွဲအစိုတွေက ဆော်ဒါများပြီးမာသောကြောင့် ကျွန်မကတော့ ပုံတွင်ပြထားသည့် ခေါက်ဆွဲခြောက်ကို သုံးပါသည်။ ကျွန်မတို့  အညာမှာတော့ ပလာတာနှင့်လဲ စားသုံးလေ့ရှိပါသည်။
ဟင်းရည်အိုးပြန်ဆူပွက်လာလျှင် ငံပြာရည်၊ဆား အပေါ့အငံ လိုသလောက်ထည့်ပါ။ ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီး၊ ကြက်သွန်နီ နုတ်နုတ်လှီး၊ နံနံပင်နုတ်နုတ်လှီးထားပါ။ ကြက်သွန်ဖြူဆီချက်လေးချက်ပါ။





ဟင်းရည်ကျလျှင် အသင့်စားသုံးနိုင်ပါပြိင်္။
ခေါက်ဆွဲ၊ လှီးထားသည့် ဂေါ်ဖီ၊ ကြက်သွန်နီ၊ နံနံပင်၊ မျှင်ထားသည့်ကြက်သားနှင့် ဟင်းရည်ရောသုံးစားသုံးလိုက်လျှင် အရသာထူးကဲသည့် အညာခေါက်ဆွဲ တပွဲဖြစ်ပေသည်။ အချဉ်ကြိုက်သူများက သံပုရာသီးညှစ်၊ ငရုတ်သီးမှုန်းထည့်၍ ခပ်ပြင်းပြင်းစားသုံးကြသလို
တို့ ဟူးကြော်၊ မပဲကြော်နှင့်လဲ အလွန်လိုက်ဘက်ပါသည်။ အမှတ်တမဲ့ဆိုလျှင်
အုန်းနို့ ခေါက်ဆွဲနဲ့  ခပ်ဆင်ဆင်တူသလိုရှိပေမယ့် အရသာချင်းက အတော်ကွာပါသည်။


ရုံးပိတ်ရက်မှာ ဘာလုပ်စားရမလဲ ဦးနှောက်စားနေသူများ အတွက် တခါလောက်လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါသည်။

တန်ခူး
6-Jul-2008 11:30pm

15 comments:

  1. ပြဿနာပဲ။ အိပ်ခါနီး ဘလော့ဂ်လည်လိုက်တာ ဗိုက်ဆာသွားပြီ။ အခုချက်ချင်းသာ စားရမယ်ဆို အတော်စားဖြစ်လိမ့်မယ်။ အင်း..ဟင်း.....၊

    ReplyDelete
  2. ချက်စားမယ်.. တခါမှ မစားဖူးသေးဘူး..

    ReplyDelete
  3. woah!..sis..
    u reali spent effort on teaching the readers on cooking the dish naw..
    very instructive pix and good recipe!
    will try it out sis..!
    but urs look so lovely and delicious..
    hehe..

    ReplyDelete
  4. cတန်ခူးစာထဲမှာ ကျန်နေခဲ့တဲ့ အဆင့်ကလေးတခုကို ဖြည့်စွက်ပေးလိုက်ချင်ပါတယ်။

    “နောက်တခါ လုပ်စားမည်ဆိုပါက ကိုပေါအား ဖိတ်ပါ”

    ReplyDelete
  5. အဟီး….တန်ခူး…ရှေ့မှာ “င” တလုံးပိုသွားတာတွေ့လို့။ ချောဒီး…ချောဒီး

    ReplyDelete
  6. တန်ခူးရေ.. တစ်ခါမှ မစားဖူးဘူး.. ချက်လို့လည်းလွယ်တယ်နော်.. နောက်တစ်ခါ ပိတ်ရက်ဆိုရင် ချက်စားကြည့်ရမယ်.. ပုံကြည့်ပြီး စားချင်လိုက်တာ.. :P

    ReplyDelete
  7. မတန်ခူးချက်တဲ့ ခေါက်ဆွဲလာစားပါတယ်ဗျာ ..အုန်းနို့ မများပါဘူးနော်း) သွေးတိုးရှိလို့  ။

    ReplyDelete
  8. အမတန်ခူးရေ
    အညာခေါက်ဆွဲလာစားသွားပါတယ်။
    အိမ်မှာပြန်လုပ်စားဖို့recipeမျှဝေတဲ့အတွက်ကျေးဇူးတင်ပါတယ်အမရေ။

    ReplyDelete
  9. ခေါက်ဆွဲက စားချင်စရာဗှ။ ဒါပေမယ့် လုပ်နည်းဘယ်လောက်ပြောပြော အခြေံတောင် မချက်တတ်သေးတော့ ခက်တယ်။

    ReplyDelete
  10. ကြက်သားအဖီသားဆိုတာ ဘာလဲ။ မပဲကြော်ဆိုတာ ကုလားပဲကြော်လား မုန့်လက်ကောက်လိုပုံစံမျိုး မတ်ပဲကြော် ကိုပြောတာလား ဟင်။
    အညာခေါက်ဆွဲက အုန်းနို့ မပါတဲ့ ခေါက်ဆွဲပေါ့နော်

    ReplyDelete
  11. တန်ခူးရေ...
    လုပ်စားတဲ့နေ့ က ဘာလို့  မခေါ်တာလဲ... ပုံတွေကြည့်ရုံ ချက်နည်းသိရုံ နဲ့  ရဘူးလေ...။
    လက်တွေ့ လေး တစ်ခါလောက် စားရမှ.. ဟဲ..ဟဲ..။

    ReplyDelete
  12. အတော်ပဲ .. ကျမလည်း တန်ခူးလိုပဲ ပိတ်ရက်တိုင်း အမျိုးမျိုး လုပ်စားနေကျ..။ ခု အညာခေါက်ဆွဲတော့ တခါမှ မစားဖူးသေးဘူး။ ဒီတပတ်လုပ်စားဦးမှာ...။ ဝေမျှတာကျေးဇူး။

    ReplyDelete
  13. ကျနော်တို့ဘက်မှာ ဆန်ခေါက်ဆွဲလို့ ခေါ်တဲ့ ခေါက်ဆွဲနဲ့ နည်းနည်းဆင်တယ်။ ကျနော်တို့ဆီမှာလဲ အုန်းနို့မထည့်တဲ့ မုန့်ဟင်းရည်နဲ့ ဆန်ခေါက်ဆွဲနဲ့ ရောပြီး လုပ်စားကြတာရှိတယ်။ ဒါပေမယ့် တန်ခူးပို့စ်ထဲကလို ဂေါ်ဖီတွေ၊ နံနံပင်တွေတော့ မပါဘူးဗျ။

    ReplyDelete
  14. တန်ခူးရဲ့ အညာခေါက်ဆွဲ စားပြီး အကျွေးအမွေး ဆိုတဲ့ Post လေးကို ရေးဖြစ်သွားပါတယ်...

    ReplyDelete
  15. ကိုတားမြစ်ထားသောရေ… အိမ်ချင်းနီးလဲ အကောင်းသားနော်… ဖိတ်ကျွေးလို့ ရတာပေါ့…

    မြတ်နိုးရေ… ပဲက အရေကျဲနော်… အုန်းနို့ လောက် မပစ်ဘူး…

    DiLoရေ.. အမက ကိုယ်ရိုက်တဲ့ ပုံတွေကြည့်ပြီး စိတ်ပျက်နေတာ… အခုတော့ အားတက်သွားပြီ…

    ငတန်ခူးဆိုရင် စားဖို့ မဖိတ်တော့ဘူး ကိုပေါရေ… နောက်တာပါ…

    နုရေ… တို့ ကတော့ အညာသူမို့ လား မသိဘူး…ကြိုက်တယ်…

    မောင်မျိုးရေ… အုန်းနို့ မပါဘူးလေ….

    လုပ်စားကြည့်ပါကျော့ရေ…

    ကောင်းကင်ကိုရေ…ခက်ခက်ကို ပေးဖတ်လိုက်လေ… ကိုယ်တိုင်ချက်တတ်ဖို့  မလိုပါဘူး…

    ဆောင်းရေ… ကြက်အဖီသားဆိုတာ ရင်အုပ်သားကို ပြောတာပါ… မပဲကြော်ဆှိုတာ မုန့်လက်ကောက်လိုပုံစံမျိုး မတ်ပဲကြော်ကို ပြောတာ ဟုတ်တယ်… အုန်းနို့ မပါတဲ့ ခေါက်ဆွဲပါ… နောင်လဲလာလည်နော်…

    သက်ဝေရေ… ဒီတခါခေါ်လိုက်မယ်… ဖုန်းနံပါတ်ပေးထားလေ…

    “မ”ရေ… ခုလိုလာလည်တာ ကျေးဇူးပါ… ခေါက်ဆွဲကို “မ”တို့ မိသားစု နှစ်သက်ပါစေလို့ … နောင်လဲ လာလည်ပါဦးနော်…

    ကိုစေးထူးပြောတဲ့ ဆန်ခေါက်ဆွဲကို ကျွန်မစားဖူးတယ်…

    “မ”ရေ… postတခုကနေ postတခုမွေးဖွားဖြစ်တာ ၀မ်းသာစရာနော်…

    ReplyDelete