Wednesday, June 25, 2008

ကြာပွင့်သက်သေ



ကျွန်မဟာ ကြာတပွင့် ဆိုရင်
မောင်ဟာ ကျွန်မရပ်တည်ရှင်သန်ရာ
ကန်ရေပြင်အေးအေးလေးပေါ့….။


ကြာပွင့်လေးတပွင့်ရဲ့  ဖြစ်တည်ရာ
ကန်ရေပြင်လေးလို
ကျွန်မရဲ့  ဖြစ်တည်ရာက မောင်ပဲပေါ့ကွယ်…။


ကြာပွင့်လေးရဲ့ အဆင်းရနံ့ က
ကန်ရေပြင်လေးကြောင့်  ပိုသင်းပျံ့ လှပတယ်တဲ့ကွယ်
ဒါဆို ကျွန်မဘ၀ရဲ့ အိပ်မက်ပန်းချီကို
မောင့်ပဲ ဆေးချယ်အသက်သွင်းပေးခဲ့တာပေါ့…။




တခါတခါ ဟိုးမိုးကောင်းကင်ကို မျှော်ကြည့်ရင်း
ကန်ရေပြင်လေးကို မေ့ထားတတ်တဲ့ ကြာပွင့်ဆိုးဆိုးလေးလို
မောင့်ရဲ့  ငြိမ်းချမ်းတဲ့ရောင့်ရဲ့ တင်းတိမ်နိုင်မှုတွေကို
ကျွန်မရဲ့  ပူလောင်တဲ့ ရည်မှန်းချက်တွေက နင်းဖျက်ချေတတ်သေး…။



ကန်ရေပြင်လေးကလွဲရင် ဘယ်အရပ်မှာမှ
ပွင့်လန်းလေ့မရှိတဲ့ ကြာပန်းလေးရဲ့ သစ္စာတရားထက် မလျော့တဲ့
မောင့်ဆီမှာသာ ပျော်ဝင်စီးဆင်းနေတဲ့
ကျွန်မရဲ့ သစ္စာတရားအကြောင်းကို
ကြာပန်းလေးတွေ မေးကြည့်ပါမောင်…။

တန်ခူး
5:45pm 25 Jun 2008


12 comments:

  1. ကုမုန္ဒြာ ကြာပန်းကတော့ လရောင်နဲ့မှပွင့်သတဲ့......ဘာမှမလိုတော့လောက်အောင် ပြည့်စုံနေတဲ့အချိန်တုံးက ကုမုန္ဒြာ ကြာပန်းလေးကို ပွင့်လန်းစေခဲ့တဲ့ လမင်ကြီးကို..အမြဲ သတိရနေတယ်.....

    ReplyDelete
  2. တည်ငြိမ်တဲ့ ကန်ရေပြင်နဲ့ အေးချမ်းတဲ့ ကြာပန်းလေး လိုက်ဖက်ညီပါပေတယ်

    ReplyDelete
  3. ကန်ရေပြင်နဲ့ကြာပန်းရောင်စုံလေးတွေ မြင်လိုက်ရတော့ စိတ်အေးချမ်းသွားတယ် မတန်ခူးရေ.. :)

    ReplyDelete
  4. မောင်ကပြောတယ်.. မေးချင်ဘူးတဲ့..။
    သစ္စာစကားဆိုတာ အပြော သက်သက် စကားလုံးတွေမို့လို့တဲ့..။ ဟီး
    မေးစရာမလိုတာ သိနေလို့ မမေးတာတဲ့..။
    အမတို့ တိုးတိုးလေး ပြောနေတာကြားလိုက်တယ်..။ မြတ်နိုးက လေညှင်းလေးလေ..။ ဟဲဟဲ

    ReplyDelete
  5. အလွန် လှပတဲ့ နုရွတဲ့အဖွဲ့အနွဲ့ကလေးပါလား။

    တည်ငြိမ်နေတဲ့ ကန်ရေပြင်လေး နည်းနည်းလောက်ဖြစ်ဖြစ် လှုပ်ခတ်သွားအောင် ခဲလာ ပစ်ချဦးမှ (ကိုပေါရဲ့ အတတ်ကောင်းတွေ အလကားမတ်တင်း သင်ပေးလိုက်မယ်)။ ပါးစပ်ကလည်း အော်လိုက်မယ်။ ငြိမ်ငြိမ်အေးအေးကြီး မလှုပ်မယှက် တည်မနေပါနဲ့ဗျို့ ဆိုပြီးတော့လေ။ ဒါမှလည်း ကြာပန်းလေးခမြာ လှိုင်းထတဲ့ကန်ရေပြင်မှာ ဟိုသည် ယိမ်းထိုးလို့ လေနုအေးနဲ့အတူ စည်းချက်ကျကျ ကခုန်နိုင်ပေမပေါ့။…ဟဲဟဲ

    ReplyDelete
  6. ရေပြင်ကြည်စိမ်း
    လေအတိမ်းမှာ
    ယိမ်းနွဲ့ဟန်ပါ
    လန်းစွင့်ကာသာ
    ပွင့်မည့်' ကြာ'....။

    မောင့်ရဲ့နဘေး
    အရိပ်ကလေးလို
    ဖွဲ့နွဲ့ချိုတေး
    သီဆိုပေးမှာ
    သူ့...'သစ္စာ'။

    ReplyDelete
  7. ၀ိုးး.....အစ်မက ကဗျာလည်းရေးကောင်းတာပဲ ရောက်တာမကြာသေးတော့မသိဘူးး “မောင်” က ယုံပါတယ်တဲ့ နုနုရွရွလေးပြောတော့ အစ်ကိုကြီးက ဈေးဖိုးများများပေးမယ်ထင်ပါ့ ဟားဟား ။

    ReplyDelete
  8. တန်ခူးရေ..

    ထပ်တူလွမ်းပါတယ်။ ရုံးမှာ အလုပ်တွေ တအားများနေလို့  ရေးလက်စတွေ အဆုံးမသတ်နိုင်သေးတာနဲ့ ဘဲ ပိုစ့်တွေ ကြဲနေတယ်..
    ခဏခဏလာလည်တာ ကျေးဇူးတင်..
    အသစ်မရှိတာ အားနာ...

    တန်ခူးက မောင့်ကို ဒီ ကြာပွင့်သက်သေ ပိုစ့်လေးနဲ့  ပြန်ချော့တယ်ပေါ့... ဟိ
    လူလည်လေး တန်ခူး...

    ReplyDelete
  9. ကန်ရယ် ကြာရယ်ကို အားကျပါတယ်ဗျာ။
    ထာဝရ တင့်တယ် လန်းဆန်းပါစေလို့ ဆန္ဒပြုလျက်. .

    ReplyDelete
  10. ဒေါ်“တန်ခူး” ခင်ဗျား ... ကျနော့်ဆီကိုလည်း အလည်လာပါအုန်း... ကျနော်လည်း ကျနော့်သားလေး အကြောင်း ရေးထားတာရှိလို့ပါ။ ကျေးဇူး

    ReplyDelete
  11. တန်ခူးရဲ့ `မောင်´ ကတော့ ဒီကဗျာကို ဖတ်ပြီးရင် အတော်လေးကို ကျေနပ်တဲ့ အပြုံးနဲ့ ပြုံးနေမှာ သေချာတယ်။ :)

    ReplyDelete
  12. ကျေးဇူးပါကိုတာတူးရေ…

    ကိုငြိမ်းဝေရေ… ရောက်ဖြစ်ပါတယ်… သားလေးအကြောင်းရေးတဲ့postလေးကောင်းတယ်နော်… နောက်လဲ ဒါမျိုးလေးတွေ ရေးပါဦး…

    ကိုစေးထူးရေ… မနဲဖတ်ခိုင်းရတယ်…

    ReplyDelete